Singapore မှာ ဒီကနေ့ကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မူကြမ်းထဲမှာ ရခိုင်ပြည်နယ်က ဆိုးဝါးရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့သူတွေကို အပြည့်အဝအရေးယူဖို့ တောင်းဆိုထားပါတယ်။
Reuters သတင်းဌာနက ရရှိခဲ့တဲ့ ကြေညာချက် မူကြမ်းထဲမှာ ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်စရာဖြစ်တယ်လို့ ပြောထားကြောင်း Reuters သတင်းက ရေးပါတယ်။ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံအပြီး ဒီကနေ့ နှောင်းပိုင်းမှာ အာဆီယံ ယာယီအလှည့်ကျဥက္ကဋ္ဌ Singapore ဝန်ကြီးချုပ် Lee Hsien Loong က ကြေညာချက်ထုတ်ပြန်မှာဖြစ်ပါတယ်။
ဒါပေမဲ့ တကယ်တမ်း ကြေညာချက်ထွက်လာရင် အသုံးအနှုန်းဖော်ပြချက်တွေ အပြောင်းအလဲရှိနိုင်ပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကာကွယ်သင့်တာကို ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ မလေးရှားဝန်ကြီးချုပ် Mahathir Mohamad ကပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်တပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်နေတယ်လို့ အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်နေတဲ့ မလေးရှားဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။ သူ့အဆို အမြောက်အများကို သတ်ပြစ်တဲ့အထိ လူတွေကို ဖိနှိပ်နေတဲ့၊ မကာကွယ်သင့်တဲ့ကိစ္စကို ကာကွယ်ပေးဖို့ ကြိုးစားနေတယ်လို့ ဝန်ကြီးချုပ် Mahathir က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေမျိုးရောက်နေပြီလို့ ကုလသမဂ္ဂက အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို ပယ်ချထားပါတယ်။ စင်္ကာပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲကို ဒေါ်အောင်စုကြည်တက်ရောက်နေပြီး တနင်္လာနေ့တုန်းကတော့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ထားပါတယ်
Your browser doesn’t support HTML5