အာဆီယံ ထိပ်သီးအစည်းဝေး ရေပြင်ပိုင်နက်အရေး အဓိကဆွေးနွေး

နေပြည်တော်မှာ (၂၄) ကြိမ်မြောက် အာဆီယံအသင်း ထိပ်သီးအစည်းအဝေးမှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ မြန်မာနိုင်ငံရဲ့ သမ္မတ ဦးသိန်းစိန်။

ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးကို အဓိကထား ဆွေးနွေးခဲ့ကြသလို ဒေသတွင်း ဆိုးဝါးတဲ့ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖို့ လုပ်ဆောင်ရမှာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ အာဆီယံထိပ်သီး အစည်းအဝေးကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသသတင်းထောက် ကိုစည်သူက တင်ပြပေးထားပါတယ်။

နေပြည်တော်မှာကျင်းပနေတဲ့ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကတော့ မေလ ၁၁ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း သမ္မတဦးသိန်းစိန်က ဒေသတွင်းနိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှုအပေါ်မှာ တုံ့ပြန်နိုင်ဖို့အရေး ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အများစိတ်ဝင်စားနေကြတဲ့ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးကြတဲ့နေရာမှာတော့ အငြင်းပွားမှုမှာ ကိုယ်တိုင်ပါဝင် ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ တဘက်သတ်ကန့်သတ်မှုတွေနဲ့ အခြားဖိအားပေးတာမျိုး မပြုလုပ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းကြစေလိုတဲ့အကြောင်း တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ ၂ ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ နေပြည်တော် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်နဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီယံ ဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးတွေနဲ့ အကောင်အထည်ဖော်ရေးတွေအပြင် အာဆီယံနဲ့ ပြင်ပနိုင်ငံများဆက်ဆံရေး အလားအလာတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို ပိတ်ပွဲအခမ်းအနာအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က ပြောပြခဲ့ပါတယ်။

“တောင်တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ၊ မလေးရှားလေကြောင်းလိုင်း လေယာဉ်ပျောက်ဆုံးမှုမှာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ သဘာဝဘေးအန္တရာယ်များကျရောက်မှုမှာ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။”

အခုအစည်းအဝေးမှာ ထိပ်သီးခေါင်းဆောင် အစည်းအဝေးအပြင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေး၊ အာဆီယံ နိုင်ငံခြားရေးနဲ့ လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။ အဲဒါတွေအပြင် အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များ၊ အာဆီယံလူငယ်ကိုယ်စားလှယ်တွေနဲ့လည်း သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အရင်နေ့တွေက စီစဉ်ထားပေမယ့် ကိုယ်စားလှယ်အစားထိုးတဲ့နိုင်ငံတွေကြောင့် တွေ့ဆုံပွဲကို အရပ်ဘက် ကိုယ်စားလှယ်တွေဘက်က ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၁၄ အာဆီယံဥက္ကဋ္ဌရာထူး ရရှိထားတဲ့ မြန်မာသမ္မတဟာ လာမယ့် နိုဝင်ဘာလမှာ သြစတြီးလျားမှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို အာဆီယံဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စား အာဆီယံဥက္ကဋ္ဌအနေနဲ့ သြစတြီးလျနိုင်ငံ၊Brisbane မြိုကမှာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရှိသည့်အတွက် ဒီအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ ပြင်ဆင် ဆောင်ရွက်နေတာတွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။”

၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ထပ်မံကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံ ဆယ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေအပြင် အာဆီယံ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေအပြင် သြစတြီးလျ၊ ကနေဒါ၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ၁၇ နှစ်ကြာမှ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ခဲ့ရတဲ့ မြန်မာအနေနဲ့ ဒေသတွင်းနိုင်ငံတွေအတွင်း ဘယ်လောက်ထိ သြဇာသက်ရောက်နိုင်မလဲဆိုတာကိုတော့ လာမယ့် အာဆီယံအစည်းအဝေးမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။