၃၃ ကြိမ်မြောက် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ၃၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကို စင်ကာပူ နိုင်ငံမှာ ဒီကနေ့ စတင်ပါလိမ့်မယ်။ ဒီအစည်းအဝေးမှာ အာဆီယံအနေနဲ့ အဓိကဆွေးနွေးရမယ့် အကြောင်းအရာ၊ ရင်ဆိုင်ရမယ့် အခက်အခဲတို့အပြင် မြန်မာနိုင်ငံရဲ့ ကြုံတွေ့နိုင်တဲ့ပြဿနာတွေနဲ့ ပတ်သက် ပြီးတော့ ဒေသတွင်း မီဒီယာတွေကို အခြေခံပြီး ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။
အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဟာ အခုကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာတခုဖြစ်မယ်လို့ ယူဆရပါတယ်။ အာဆီယံဒေသရဲ့ စီးပွားဖွံ့ဖြိုးမှုကို ကြည့်မယ်ဆိုရင် ၂၀၃၀ ပြည့်ကျရင် ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား စတုတ္ထအကြီးမားဆုံးဒေသ ဖြစ်လာလိမ့်မယ်လို့တောင်မှ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ဒီအာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့အပြိုင်ပဲ အာဆီယံဒေသ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းဝေးပွဲတွေကိုလည်း ယှဉ်ပြိုင်ကျင်းပနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အထွေအထူး အခက်အခဲဖြစ်လာမယ့် ကိစ္စတော့ မဟုတ်ပါဘူး။
ဒါပေမယ့် အာဆီယံအနေနဲ့ အဓိကတွေ့ရတဲ့ စိန်ခေါ်မှုတရပ်ကတော့ တရုတ်နဲ့အမေရိကန်တို့ရဲ့ ဒေသတွင်း ပြိုင်ဆိုင်မှုဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ဒီအင်အားကြီးနှစ်နိုင်ငံတို့ အပြိုင်အဆိုင် လုပ်နေကြတဲ့ ကိစ္စဟာ လောလောဆယ်မှာ ပြေလည်မှုရရှိမယ့်အနေအထား မရှိပါဘူး။ အာဆီယံဒေသတွင်းမှာ တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး သြဇာကြီးမားလာတာကို အမေရိကန်ဘက်က ဘယ်လို တုံ့ပြန်လာလေမလဲဆိုတာ ဒီထိပ်သီးစည်းဝေးပွဲမှာ စောင့်ကြည့်ရမယ့် ကိစ္စတရပ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကတော့ အမေရိကန် ဒုတိယသမ္မတ Mike Pence က တင်းမာတဲ့သဘောထား မျိုး ထားရှိတာကို ချခင်းပြခဲ့ပါတယ်။
“ကျနော်တို့ဟာ မျှတမှုရှိတဲ့ဆက်ဆံရေးကို လိုလားပါတယ်။ အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားမှု ရှိဖို့လိုလားပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင် ရောက်ရှိဖို့အတွက် ခိုင်မာသွက်လက်တဲ့လုပ်ရပ်မျိုး လုပ်ဆောင်မှာ ဖြစ်ပါတယ်။”
ဒါ့အပြင် အမေရိကန်ဟာ အာဆီယံနိုင်ငံတွေကို လုံခြုံရေးအတွက်လည်းပဲ ဆက်လက်ပြီး အကူအညီပေးမယ် ဆိုတာ ပြောနေပါတယ်။ တရုတ်ဘက်ကလည်း အာဆီယံနိုင်ငံတွေနဲ့ တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကို သူများနိုင်ငံတွေ ပါဝင်ခွင့်မပေးဘဲ သီးခြား ပြုလုပ်ထားပြီးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု CSIS လို့ခေါ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး သုတေသန အဖွဲ့က Bonnie Glaser ကတော့ အမေရိကန်-တရုတ် ယှဉ်ပြိုင်မှုနဲ့ အာဆီယံရဲ့အနေအထားကို အခုလို ရှင်းပြပါတယ်။
“အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နဲ့ရော အမေရိကန်ပြည်ထောင်စုနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေး ထားရှိဖို့ လိုလားကြပါတယ်။ ဒါပေမယ့် လက်ရှိ ဒေါ်နယ်ထရမ့်အစိုးရက သူတို့ကြိုက်တဲ့ဘက်ကို ရွေးချယ်ခွင့် ပေးပါ့မလားဆိုတာကိုတော့ အာဆီယံနိုင်ငံတချို့က စိုးရိမ်မကင်းရှိနေကြမယ်လို့ ထင်ပါတယ်။ အမေရိကန်ရဲ့ ဒီသဘောထားအပေါ်မှာတော့ အာဆီယံဒေသတွင်းနိုင်ငံတွေ သိပ်ဘဝင်ကျမယ်မဟုတ်ဘူးလို့ ကျမ ထင်ပါတယ်။”
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စီမံကိန်းကြီးတခုဖြစ်တဲ့ Belt and Road ရပ်ဝန်းလမ်း တည်ဆောက်မှုကိုလည်း အမေရိကန်ဘက်က စိုးရိမ်နေတာရှိပါတယ်။ အမေရိကန်တို့ဘက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပုဂ္ဂလိကချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ထားရှိပေးဖို့ စီစဉ်နေပါတယ်။
ဆိုတော့ အခု ဒုတိယသမ္မတ Mike Pence ဟာ ဒီ အာဆီယံထိပ်သီးစည်းဝေးပွဲကို သူလာတက်မှာဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က တက်မှာမဟုတ်ပါဘူး။ ဆိုတော့ ဒီ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ Mike Pence က ဒီကိစ္စကိုရှင်းပြပြီးတော့ သူတို့ကို ဆွဲဆောင်လိမ့်မယ်လို့လည်း သုံးသပ်သူတချို့က ယူဆနေကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ အဓိကရင်ဆိုင်ရမယ့် ပြဿနာတခုဟာ ရိုဟင်ဂျာ ပြဿနာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ မလေးရှားကတော့ ဒီဟာ ကို ပြင်းပြင်းထန်ထန် ပြောပါလိမ့်မယ်။ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတော့ဘူးလို့ မီဒီယာတချို့ကို ပြတ်ပြတ်သားသားပဲ ပြီးခဲ့တဲ့ရက်တွေက ပြောထားတာ တွေ့ရပါ တယ်။
သို့သော်လည်းပဲ အာဆီယံရဲ့ ကျောရိုးမူဝါဒတခုဖြစ်တဲ့ Principal of consensus ဆိုတာဟာ တခဲနက် သဘောတူညီမှုရရှိမှသာ ဘာမဆိုလုပ်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဆိုတော့ ဒီ ရိုဟင်ဂျာကိစ္စအပေါ်မှာ မြန်မာနိုင်ငံကိုချည့်ပဲ တဖက်သတ် ပြင်းပြင်းထန်ထန်ဖိအားပေး ပြစ်တင်ဖို့ နိုင်ငံတိုင်းက သဘောတူကြမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့သဘောမျိုး သက်ရောက်တဲ့ ကြေညာချက်မျိုး နောက်ဆုံးပိတ်မှာ ပေါ်ထွက်မလာနိုင်ဘူးလို့တော့ ယူဆရပါတယ်ခင်ဗျာ။
Your browser doesn’t support HTML5