အာဆီယံ တိုင်းရင်းသားဘာသာ လေ့လာရေးမှာ မြန်မာ မပါဝင်

အာဆီယံနိုင်ငံတွေက ပညာရေးနဲ့ဆိုင်တဲ့ ကိုယ်စားလှယ်တွေဟာ ထိုင်း၊ မြန်မာနယ်စပ် မွန်လူမျိုးတွေ အများအပြား နေထိုင်တဲ့ စံခလပူရီမြို့ကို ရောက်လာပြီး တိုင်းရင်းသားစာပေ သင်ကြားမှုကို လေ့လာခဲ့ပါတယ်။ အဲဒီလို လာရောက်ကြတဲ့ အာဆီယံ ကိုယ်စားလှယ်တွေထဲမှာ မြန်မာကိုယ်စားလှယ်တွေတော့ ပါမလာခဲ့ပါဘူး။ မြန်မာစစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသားစာပေ သင်ကြားခွင့်ကို အားမပေးတဲ့အပြင် ပိတ်ပင်မှုတွေပါ လုပ်နေတဲ့ အချိန်မှာ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေက တိုင်းရင်းသားစာပေ သင်ကြားမှုကို စိတ်ဝင်တစား ရှိနေတယ်ဆိုတဲ့ အကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

အာဆီယံနိုင်ငံတွေက ပညာရေးဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တွေဟာ ထိုင်းနိုင်ငံ စံခလပူရီမြို့ မွန်ဘက်ကမ်းမှာရှိတဲ့ စာသင်ကျောင်းတွေမှာ မွန်တိုင်းရင်းသားစာပေ သင်ကြားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂ဝ ရက်နေ့ နံနက်ဘက်မှာ ပထမဆုံး အနေနဲ့ လာရောက် လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အာဆီယံ ကိုယ်စားလှယ်တွေထဲမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ မရှိဘူးလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သူတဦးက အခုလို ပြောပါတယ်။

“သူလာလို့ရှိရင် ဒီမှာ ဗမာပြည်ကလာတဲ့ တိုင်းရင်းသားတွေ တွေ့သွားမယ်လေ။ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံးဟာ ဗမာပြည်က လူတွေချည်းပဲလေ။ အဲဒီမှာ ပြဿနာတွေ ပေါ်လာမယ်လေ။ နိုင်ငံရေး ပြဿနာ၊ လူမှုရေး ပြဿနာ၊ စီးပွားရေး ပြဿနာတို့က ထွက်လာလိမ့်မယ်လေ။ နယ်စပ်မှာရှိတဲ့ သူ့လူမျိုးတွေနဲ့ သူ ရင်မဆိုင်ရဲဘူး။ ထိုင်းကလုပ်တာက နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား အားလုံးဟာ သူ့မိခင်ဘာသာစကား မမေ့အောင် လုပ်ပေးတယ်။ ဗမာကျတော့ မဟုတ်ဘူး။ အတင်း ရှိနေတဲ့ ဘာသာတွေ ပျောက်အောင် လုပ်နေတာ။ အဲဒီပြဿနာလည်း ရှိတယ်။”

မြန်မာနိုင်ငံ ပညာရေး ကိုယ်စားလှယ်တွေ အနေနဲ့ ဘာကြောင့် မတက်ရောက်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စင်ကာပူ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံကိုယ်စားလှယ်တွေက မွန်စာပေ သင်ကြားမှု စနစ်တွေကို လာပြီး လေ့လာခဲ့ပါတယ်။ အဲဒီ အာဆီယံ ကိုယ်စားလှယ်တွေရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သူ မွန်စာပေ သင်ကြားရေး ကော်မတီဝင် နိုင်စွန်းထောင်က အခုလို ရှင်းပြပါတယ်။

“ဒီ အာဆီယံနိုင်ငံ အသီးသီးကလည်း သူတို့ရဲ့ တိုင်းရင်းသား ဘာသာတွေ ရှိတယ်လေ။ အားလုံးလိုလိုပေါ့။ သူတို့လည်း အကောင်အထည် ဖော်နေတာ ရှိတယ်။ အဲဒီအတွက်ပေါ့၊ ကျနော်တို့ ကျောင်းထဲမှာ အကောင်အထည် ဖော်နေတာကို သူတို့ လေ့လာကြည့်တယ်။ သူတို့ရဲ့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ကလေးတွေပေါ့လေ၊ ဒီပရိုဂရမ်နဲ့ ဘာကွာဟချက်တွေရှိလဲ၊ ပြုပြင်စရာရှိလဲ၊ သူတို့ ပြုပြင်မယ်ပေါ့။ အဲဒီလို အစီအစဉ်နဲ့ပဲ သူတို့ လာလေ့လာပြီးတော့ လာသုံးသပ်ကြည့်တာပေါ့။”

ထိုင်းနိုင်ငံမှာဆိုရင် တိုင်းရင်းသား လူမျိုးတွေ နေထိုင်မှု များပြားတဲ့ မြို့နယ် ဒေသတွေမှာ ထိုင်းပညာရေး ဌာနက နေပြီးတော့ တိုင်းရင်း မိခင်ဘာသာ စကားတွေကို စာသင်ကျောင်း အတွင်းမှာ သင်ကြားခွင့် ပေးထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ တိုင်းရင်းသား စာပေတွေကို သင်ကြားခွင့် မပြုဘူးလို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ မောက္ခ ပညာရေးမဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာ ဒီ တိုင်းရင်းသားစာပေ သင်ကြားမှုနဲ့ ပတ်သက်လို့ရှိရင် ၇၄ ခုနှစ် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ တိုင်းရင်းသား စာပေကို မူလတန်းအောက် အဆင့်အထိ စာသင်ကျောင်းတွေမှာ သင်ကြားခွင့်နဲ့၊ ဒါပေမဲ့ လက်တွေ့ကျကျတော့ အဲဒီလို ဖြစ်မလာခဲ့တာကို တွေ့ရပါတယ်။ တိုင်းရင်းသား စာပေတွေကို စာသင်ကျောင်းတွေမှာ သင်ကြားခွင့်ကို အားမပေးခဲ့ဘူး။ တိုင်းရင်းသား စာပေတွေကို သင်ကြားဖို့ ကြိုးစားတာကိုလည်း လိုက်နှောင့်ယှက်တယ်၊ ကန့်ကွက်တယ်။ ပိတ်ပင်ခဲ့တာကို ကြုံခဲ့ရတယ်။ ဘာသာစာပေ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။”

ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ မိမိတို့ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာတွေ မပျောက်ပျက် တိမ်ကောမသွားအောင် ကုလသမဂ္ဂ အကူအညီနဲ့ ကာကွယ် စောင့်ရှောက် ထိန်းသိမ်းတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထက်မှာတော့ တိုင်းရင်းသား စာပေတွေကို သင်ကြားခွင့် မပေးတဲ့အပြင် တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျောက်ဖျက်မှုတွေ ပိုပြီး တိုးလာတယ်လို့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ကော်မတီဝင်တွေက ပြောပါတယ်။