အာဆီယံထိပ်သီးမှာ မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ ဆွေးနွေးနေ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan

Zawgyi/Unicode

အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးကို မြန်မာစစ်ကောင်စီခေါင်းဆောင် တက်ဖို့ မဖိတ်ကြားရေးကိစ္စ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးနေကြတယ်လို့ မြန်မာ့အရေး အာဆီယံ အထူးသံတမန်က ဒီကနေ့ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရဘူးဆိုရင်"အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ရှိနေဖို့ ခက်လိမ့်မယ်" (မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၊ Twitter )


အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းကနေကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် စစ်ကောင်စီခေါင်းဆောင်ကို မဖိတ် ကြားရေး (ASEAN) အဖွဲ့ထဲမှာ "အလေးအနက် ဆွေးနွေးနေတယ်" လို့ အထူး သံတမန် Erywan Yusof က ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားတာပါ။ မလေးရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတချို့က ဒီကိစ္စကို စပြောခဲ့ပြီးတဲ့နောက် ဆွေးနွေးနေကြတာလို့ ဆိုပါတယ်။

အာဆီယံအဖွဲ့က ပြီးခဲ့တဲ့ဧပြီလမှာ ဘုံသဘောတူချမှတ်ထားတဲ့ အချက်ငါးချက်ပါ အစီအစဉ်ဟာ "ရှေ့မဆက်နိုင်ဖို့ နီးနေပြီ" လို့လည်း Erywon Yusof ကပြောပါတယ်။

တနင်္လာနေ့မှာ အွန်လိုင်းကနေလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရတဲ့အပေါ် စိတ်ပျက်တဲ့အကြောင်း ဝန်ကြီးတွေက ပြောခဲ့ကြပါသေးတယ်။ တိုးတက်မှုမရဘူးဆိုရင် "အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ရှိနေဖို့ ခက်လိမ့်မယ်" လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က Twitter မှာရေးခဲ့ပါတယ်။

ဒီကနေ့ မလေးရှားလွှတ်တော်တွင်းမှာ အမတ်တွေရဲ့မေးမြန်းချက်ကို ဖြေကြားတာမှာလည်း ဝန်ကြီး Abdullah က အာဆီယံ သဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှုရဖို့ အာဆီယံ အထူးသံတမန်ဟာ "လူသားတယောက်အနေနဲ့ လုပ်နိုင်ခြေရှိသမျှ" လုပ်ဆောင်နေပါတယ်လို့ ပြောခဲ့ပါတယ်။

ဘယ်လိုကိစ္စကိုပဲဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့မှ လုပ်ဆောင်ရပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဘူးဆိုတဲ့မူရှိတဲ့ အာဆီယံအဖွဲ့အနေနဲ့ စစ်ကောင်စီခေါင်းဆောင်ကို တကယ်ပဲ ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးဘူးဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်လာမှာပါ။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရိုက်တာက ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တာမှာ ဖုန်းလက်ခံ မဖြေခဲ့ပါဘူးး။ ပြီးခဲ့တဲ့သီတင်းပတ်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ စစ်ကောင်စီအနေနဲ့ "နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို မထိခိုက်စေဘဲ" အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံသဘောတူညီချက်တွေနဲ့ပတ်သက်လို့ အာဆီယံအထူးသံတမန် Erywan ဟာ "လူသားတယောက်အနေနဲ့ လုပ်နိုင်ခြေရှိသမျှ" လုပ်ဆောင်နေပါကြောင်း .....မလေးရှားဝန်ကြီး ဝန်ကြီး Abdullah က ဒီကနေ့ မလေးရှားလွှတ်တော်တွင်းမှာ အမတ်တွေရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။


အထူးသံတမန် Erywan ဟာ မြန်မာနိုင်ငံလာခွင့်ရဖို့ ကြိုးစားနေရဆဲဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းထားတာ စစ်ကောင်စီက တိုက်ရိုက် မတုံ့ပြန်သေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့ သူ့ရဲ့အစီအစဉ်တခုကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွှင်ဆီ ပြီးခဲ့တဲ့သီတင်းပတ်က သူပေးပို့ခဲ့ပေမယ့် ခုထိ အကြောင်းမပြန်သေးဘူးလို့လည်း ပြောပါတယ်။

မလေးရှားအစိုးရနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက အထူးသံတမန်အနေနဲ့အာဆီယံအဖွဲ့က ရည်မှန်းထားသလို ထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို သွားဖို့ကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ ရိုက်တာကိုပြောပါတယ်။

Your browser doesn’t support HTML5

အာဆီယံထိပ်သီးမှာ မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ ဆွေးနွေးနေ


=========

Unicode













#MyanmarMilitaryCoup #MyanmarASEAN #VOABurmese
