အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ်တဦး နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးစဉ်အတွင်း စီးပွားရေး ဆက်ဆံမှုတွေ တိုးချဲ့နိုင်မယ့် သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ တိုင်းပြည်တခုအဖြစ် မြန်မာနိုင်ငံကို ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိတွေ့ ဆက်ဆံလာရာမှာ အခုနောက်ဆုံး အိမ်နီးချင်း အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ် မန်းဂ်မိုဟန်းဆင်း (Manmohan Singh) ရောက်လာခဲ့တာပါ။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော် ခရီးစဉ်အဖြစ် အိန္ဒိယ ဝန်ကြီးချုပ် ၃ ရက်ကြာ ရောက်လာရာမှာ ၂ နိုင်ငံကြား စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မယ့် သဘောတူညီချက် အများအပြားကို ရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာသန်း ၅၀၀ အကြွေးပေးမယ့် အစီအစဉ် တရပ်ကိုလည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ အိန္ဒိယ ပို့ကုန်သွင်းကုန် ဘဏ်တို့ကြား လက်မှတ်ရေးထိုး ခဲ့ကြတာပါ။ လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းတွေလို အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ကူးသန်းသွားလာမှုတွေ သာမက နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ဖွင့်လှစ်ဖို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်မှုအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေး သဘောတူခဲ့ ကြပါတယ်။
တကယ်တော့ အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ် တဦးအဖြစ် ရာဂျစ် ဂန္ဓီ (Rajiv Gandhi) ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးတာ နောက်ဆုံးအကြိမ် ဖြစ်သလို၊ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး တောင်းဆို အုံကြွသူတွေကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရတွေနဲ့လည်း အိန္ဒိယ အစိုးရတွေက မကြာသေးခင် နှစ်တွေအထိ ခပ်တန်းတန်း ဆက်ဆံခဲ့ကြတာပါ။ ဒါပေမဲ့လည်း အခုအခါ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ တရပ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးလာတာမို့ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ အိန္ဒိယနိုင်ငံက ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ရန်ဂျန် မထိုင်း (Ranjan Mathai) ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ၂ နိုင်ငံ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်ဖို့ ဖန်တီးပေးလာတာလို့ ပြောပါတယ်။
“မြန်မာနိုင်ငံက နိုင်ငံရေး အခင်းအကျင်း အသစ်က ကျနော်တို့ ၂ နိုင်ငံကြား ဆက်ဆံရေးမှာ ပြန်လည် ဆန်းသစ်ဖို့ အခွင့်အလန်း အသစ်တွေ ပေးလာပါတယ်။ ဒါကြောင့်လည်း ဒီခရီးစဉ်မှာ ကျနော်တို့ရဲ့ ဆက်ဆံရေးမှာ အနှစ်သာရ အားဖြင့် သာမက အရည်အတွက် အားဖြင့်ပါ ကျယ်ကျယ်ပြန့်ပြန် ပိုတိုးလာစေမယ့် အခွင့်အလမ်းတွေ ရလာမှာပါ။ ဒီလိုပဲ လုံခြုံရေး၊ ဆက်သွယ် ချိတ်ဆက်မှုတွေ၊ ဖွံ့ဖြိုးရေးအတွက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ဖို့၊ စွမ်းရည်မြှင့်တင်ရေးနဲ့ ယဉ်ကျေးမှု၊ အပြန်အလှန် လူထုကြား ဆက်သွယ်မှုတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် လမ်းပြမြေပုံ တခုကို ရေးဆွဲပေးနိုင်မှာ ဖြစ်ပါတယ်။”
အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ အများအပြား ထဲမှာတော့ ကာလကတ္တား တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်တို့ ပူးပေါင်း သုတေသန လုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ မြန်မာနိုင်ငံမှာ သတင်းနဲ့ နည်းပညာ တက္ကသိုလ်၊ နည်းဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန၊ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနဌာနနဲ့ ပညာရေးဌာန စတဲ့ ဖွံ့ဖြိုးရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာ အဖွဲ့အစည်းတွေ ထူထောင်ရေး အကူအညီ ပေးမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
နိုင်ငံတကာ စီးပွားရေး အလားအလာတွေကို ဆန်းစစ် အကဲဖြတ်နေတဲ့ IHS Global Insight ရဲ့ လေ့လာချက်အရ ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်အထိ မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြတဲ့အထဲ စီမံကိန်းကြီး ၅ ခုမှာ ဒေါ်လာ ၁၈၉ သန်း အကုန်အကျခံဖို့ ရှိနေတဲ့ အိန္ဒိယ နိုင်ငံဟာ ၁၃ နေရာမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံဖို့ ကတိကဝတ် ပေးထားပြီး ထိပ်ဆုံးနေရာမှာ ရှိနေတာကတော့ သန်းပေါင်း ၈,၃၀၀ နဲ့ တရုတ်နိုင်ငံ၊ သန်းပေါင်း ၂,၉၅၀ နဲ့ တောင်ကိုရီးယား နိုင်ငံတွေပါ။ မြန်မာနိုင်ငံကို အဓိက ကုန်ပစ္စည်း တင်ပို့နေတဲ့ တိုင်းပြည်တွေအနက် အိန္ဒိယဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေပြီးရင်လည်း တတိယ နေရာမှာသာ ရှိနေတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အိမ်နီးချင်း တိုင်းပြည်တခု ဖြစ်ပေမဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေမှာ တခြား ဒေသတွင်း နိုင်ငံတွေထက်စာရင် နောက်ကျန်နေတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ကတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု ကိစ္စတွေကို အဓိက အာရုံစိုက်ခဲ့ကြတာပါ။ ဒီအတွက်လည်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေမှာ ထိပ်တန်းမှာ ရောက်နေတဲ့ တရုတ်နိုင်ငံနဲ့ အပြိုင်ဖြစ်လာလေမလား ဆန်းစစ်သူတွေ တွက်ဆနေကြတာပါ။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် အမ် ခရစ်ရှနား (S M Krishna) ကတော့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်တိုးစရာ မရှိဘူးလို့ ပြောပါတယ်။
“တိုင်းပြည်တိုင်းမှာ ကိုယ်ပိုင် ဆက်ဆံရေးတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ တရုတ်နဲ့ သူ့ကိုယ်ပိုင် ဆက်ဆံရေး ရှိသလို အိန္ဒိယ ဟာလည်း တရုတ်နိုင်ငံနဲ့ ကိုယ်ပိုင် ဆက်ဆံမှုတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စတွေကို ရောထွေး မပစ်သင့်ပါဘူး။ ဆက်ဆံရေးတိုင်းဟာ အချိန်အတိုင်းအတာ တခုအပေါ် မူတည်ပြီး တည်ဆောက်ကြရတာလို့ ကျနော်ထင်ပါတယ်။”
အိန္ဒိယနိုင်ငံ အနေနဲ့ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကြီးမားတဲ့ လိုအပ်ချက်တခု ဖြစ်နေရတဲ့ စွမ်းအင် ဖူလုံရေးမှာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့တွေ အမြောက်အများ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံကို မျက်စေ့ ကျနေတာ ဖြစ်ပါတယ်။ တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ အစိုးရအဖြစ် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ခပ်တန်းတန်း ရှိခဲ့တာ ဖြစ်ပေမဲ့လည်း အိန္ဒိယနိုင်ငံဟာ အရှေ့မျှော်ဝါဒ အဖြစ် ပြောင်းလဲကျင့်သုံး လာရာက ၁၉၉၀ ပြည့်လယ်ပိုင်း နှစ်တွေမှာ တဖြည်းဖြည်းချင်း မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြန်လုပ်လာခဲ့တာပါ။ မကြာသေးခင် နှစ်တွေတုန်းကလည်း အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် မြန်မာနဲ့ အိန္ဒိယ အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ကူးသန်းသွားလာမှုတွေ ရှိလာခဲ့တာမို့ နိုင်ငံတကာက ဝေဖန်တာတွေကိုလည်း ခံခဲ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ရန်ဂျန် မထိုင်း ကတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံတဲ့ ရပ်တည်ချက်ဟာ မှန်ကန်တဲ့ မူဝါဒအဖြစ် ကာကွယ် ပြောဆိုသွားတာပါ။
“မြန်မာအစိုးရနဲ့ ကောင်းမွန်တဲ့ ဆွေးနွေး ပြောဆိုမှုတွေကို ဆက်ထိန်းထားနိုင်တဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒတွေဟာ မှန်တယ်ဆိုတာ အသေအချာ သက်သေ ပြလိုက်တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မြန်မာသမ္မတ အိန္ဒိယနိုင်ငံကို ရောက်လာတုန်းကလည်း လွတ်လပ်ခွင့်တွေ ပေးမယ့် အမြင်တွေကို ပြောဆိုခဲ့တာတွေဟာ အခုအခါ တိုးပွားလာပါပြီ။ ဒါဟာ ကြိုဆိုရမယ့် လမ်းစဉ်ပါ။”
အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် မတိုင်မီမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက် အင်ဖာမြို့တို့ကြား ဘတ်စ်ကား လိုင်းသစ် ပြေးဆွဲဖို့အတွက်လည်း ၂ နိုင်ငံ တာဝန်ရှိသူတွေက ကြေညာထားကြသလို လေကြောင်းလိုင်းတွေ တိုးချဲ့ ပြေးဆွဲသွားဖို့လည်း ရည်ရွယ်နေတာပါ။ ဒီလိုပဲ အိန္ဒိယနဲ့ နောက်ထပ် မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် တခြား အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြား ဆက်သွယ်ရေးတွေ ချဲ့ထွင်နိုင်မယ့် လမ်းဖောက်လုပ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်ဖို့ကိုလည်း မြန်မာနဲ့ အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ တိုက်ရိုက် ကုန်သွယ်မှုတွေ လုပ်နိုင်ဖို့ ၂ နိုင်ငံသုံး ငွေကြေးတွေကို အပြန်အလှန် လဲလှယ်နိုင်မယ့် လုပ်ငန်းတွေလည်း ထူထောင်သွားဖို့ အိန္ဒိယနဲ့ မြန်မာအစိုးရတို့ကြား ဆွေးနွေး နေကြတာပါ။ ၂ နိုင်ငံကြား ကုန်သွယ်မှု ပမာဏ သန်းပေါင်း ၁,၅၀၀ လောက် ရှိနေရာက ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ၂ ဆကျော်အထိ တိုးမြှင့် သွားနိုင်မယ်လို့လည်း မျှော်လင့် ထားကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။