သမ္မတအကြံပေးနဲ့ ဗွီအိုအေမြန်မာ သီးခြားတွေ့ဆုံမေးမြန်းချက်

သမ္မတအကြံပေးနဲ့ ဗွီအိုအေမြန်မာ သီးခြားတွေ့ဆုံမေးမြန်းချက်

ပြည်ပမှာ ရောက်နေတဲ့သူတွေ ပြန်လာကြဖို့ မြန်မာအစိုးရက ကမ်းလှမ်းနေတယ်ဆိုရင် ဒါဟာ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်လည်း အလားအလာကောင်းတခုအဖြစ် မျှော်လင့်နိုင်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က ဗွီအိုအေ ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံမှုတွေကို ကြည့်ရင် အမြင်မတူတာတွေကို ဘေးဖယ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ဦးတည်တာဖြစ်တဲ့အတွက် တိုးတက်မှုတွေ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ ဒေါက်တာနေဇင်လတ်ကို နေပြည်တော်မှာ ဗွီအိုအေ သတင်းထောက် ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

အခုလောလောဆယ် လက်ရှိ နိုင်ငံရေး အနေအထားအရ အရင်ကထက်စာရင် အားလုံးက ခန့်မှန်းပါတယ်။ အထိုက်အလျောက် အသင့်အတင့် ပြောင်းလဲလာတယ်လို့ မြင်ကြပါတယ်။ ဆိုတော့ ဒီထက်မက ပိုပြီးတော့ တိုးတက်ပြောင်းလဲလာအောင် နိုင်ငံတော် သမ္မတ အကြံပေးတဦးအနေနဲ့ သမ္မတကြီးကို ဘာတွေများ အကြံပေးနေပါလဲရှင့်။ -

“ယေဘုယျသဘောနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ reform လုပ်တာကတော့ sector တိုင်းမှာ လုပ်ပါတယ်။ နိုင်ငံရေးရော၊ စီးပွားရေးရော၊ ကျန်းမာရေးရော၊ ပညာရေးရော စသည်အားဖြင့်ပေါ့နော်။ ကဏ္ဍစုံမှာ လုပ်ပါတယ်။ အဲဒီမှာ ကျနော်တို့က reform လုပ်တဲ့အခါမှာ တကယ့် အနှစ်သာရရှိရှိ new landscape ကို ဘယ်လို သွားရမလဲပေါ့။ နောက်တခါ national reconciliation ဆိုတဲ့ ကိစ္စရပ်က တကယ် ပီပီပြင်ပြင် ဘယ်လိုများ လုပ်နိုင်၊ ဖြစ်နိုင်မလဲ တကယ့် အနှစ်သာရရှိရှိနဲ့ အပြောင်းအလဲ တစုံတရာ လုပ်ဖို့အတွက်ကို ရှေ့ရှုနေပါတယ်။ အဲဒါကို ရောက်ဖို့အတွက် ပံ့ပိုးပေးနိုင်မယ့် ကိစ္စရပ်တွေကို ကျနော်တို့ အကြံပေးပါတယ်။ သမ္မတကြီးကလည်း အဲဒါကို လိုလိုလားလား လက်ခံပါတယ်ခင်ဗျ။”

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်ကို နှစ်ဖက် အပေးအယူ လိုက်လျောမှုတွေလုပ်ဖို့ရော မရှိဘူးလားရှင့်။ -

“ရှိပါတယ်ခင်ဗျ။ မူအားဖြင့်ကတော့ ကျနော်တို့ စီးပွားရေးအနေနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ ရောင်းသူဝယ်သူပေါ့။ ရောင်းတဲ့သူကလည်း ဈေးတခုခေါ်မယ်၊ ဝယ်တဲ့သူကလည်း ဈေးတခု သူ ပေးမယ်ပေါ့။ ဒီကြားထဲမှာ ညှိနှိုင်းပါတယ်။ အဲဒီတော့ အရင်တုန်းက ကျနော်တို့ process က ဘာလေး အားနည်းတာ သွားတွေ့ရလဲဆိုတဲ့အခါကျတော့ အမြင်မတူတာတွေကို ခဏဖယ်ထားမယ်၊ အမြင်တူတာကို သွားရမယ်ပေါ့။ ပြီးခဲ့တဲ့ process လေးတွေမှာက ၁၀၀ % မှန်တယ်လို့တော့ ကျနော် မပြောဘူး။ သို့သော်လည်း အားနည်းချက်လေး တခု ကျနော် သွားတွေ့တာက အမြင်မတူတွေကနေ စပြီးတော့ အတင်းညှိတဲ့အခါမှာ တစုံတရာ လွှဲချော်မှုလေးတွေ ရှိလာခဲ့တယ်။ အခုကျတော့ ကျနော်တို့ concept က ပြောင်းသွားတယ်။ အမြင်မတူတာလေးတွေ ခဏလေး ဘေးဖယ်ထားမယ်။ အမြင်တူတာက စလုပ်မယ်ပေါ့။ ဆိုတော့ အမြင်တူတာတွေကို စ လုပ်ရင်းကိုင်ရင်းနဲ့ကိုက တယောက်နဲတယောက်က ယုံကြည်မှု ပိုလာတယ်ဗျ။ understanding တွေ ပိုရှိလာတယ်။ နောက် trust build up လုပ်လာလို့ ရတယ်ဗျ။ အဲဒီအခါမှာ အမြင်မတူတဲ့ major issues တွေကိုတော့ ခဏထားပေါ့။ တော်တော်များများ minor issues တွေမှာ ဒီ understanding ကနေပြီးတော့ သီးခြား ညှိစရာ မလိုဘဲနဲ့ အမြင်တူမှုတွေ ဖြစ်လာတယ်။ ဆိုတော့ ဒီ process ကျတော့ တစုံတရာ အကျိုးကျေးဇူး ပိုပြီးတော့ အရင်ထက် ရှိတယ်လို့ ပြောလို့ရပါတယ်။”

နိုင်ငံတကာအမြင်မှာ မြန်မာ့နိုင်ငံရေး တိုးတက်ကောင်းမွန်အောင် စဉ်းစားကြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရပါဘူး။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ရော သမ္မတကြီး အနေနဲ့၊ သမ္မတကြီးအဖွဲ့မှာပါဝင်တဲ့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုများ သဘောထားတွေ ပြောင်းလဲလာလိမ့်မယ်လို့ ထင်ပါသလဲ။ အခုလောလောဆယ်တော့ သမ္မတကြီးက တွေ့ပြီးသွားပြီပေါ့လေ။ ဒါပေမဲ့ အခု ရှေ့ဆက်ပြီးတော့ အားလုံးက မျှော်လင့်နေကြတာ ဘာများဖြစ်လာမလဲ ဆိုပြီး စောင့်ဆိုင်းနေကြပါတယ်။ ဆိုတော့ သမ္မတကြီးရဲ့ အကြံပေးပုဂ္ဂိုလ်တယောက် အနေနဲ့ ဘယ်လို ခန့်မှန်းလို့ရပါသလဲ။ -

“ကျနော့်အနေနဲ့ ယေဘုယျသဘောကို ပြောရမယ်ဆိုလို့ရှိရင်တော့ အကောင်းဘက်ကို တော်တော်ကြီးကို ပြောင်းသွားတယ်ဗျ။ နည်းနည်းမဟုတ်ဘူးပေါ့။ ဆိုတော့ ဥမာအားဖြင့် အပြောင်းအလဲတခုကို တကယ် ရှေ့ရှုမှု ရှိမရှိကို ကျနော်တို့ သုံးသပ်လို့ရတဲ့ တိုင်းလို့ရတဲ့ ပေတံလေးတွေ ရှိတယ်ပေါ့။ ဆိုပါတော့ ကျနော်တို့ရဲ့ အကြံပေး တယောက်အနေနဲ့ လုပ်ရကိုင်ရတဲ့ကိစ္စရပ်တွေ အပေါ်မှာလည်း ကျနော်တို့ တိုင်းတာမှုလေးတွေ ရှိတယ်။ နောက်တခါ အခြားသော အခင်းအကျင်းတွေကို ကျနော်တို့ လေ့လာသုံးသပ်ခြင်းအားဖြင့် လိုချင်တဲ့ အပြောင်းအလဲ ဘယ်လောက်အထိ ရှေ့ရှုသွားသလဲဆိုတာကိုလည်း တိုင်းတာလို့ရတယ်။ ဥပမာအားဖြင့် ကျနော်တို့ မြင်ခဲ့တွေ့ခဲ့တဲ့ သမ္မတကြီးရဲ့ ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ချိတ်ထားတာတွေ၊ နောက်တခါ ဒီဘက် ဝန်ကြီးချုပ် ဦးနုကနေစပြီးတော့ တောက်လျှောက် အစဉ်အဆက် နိုင်ငံရဲ့ အမြင့်ဆုံး တာဝန်ကိုထမ်းဆောင်တဲ့သူတွေရဲ့ ဓါတ်ပုံတွေကို သူ့အစဉ်လိုက် ချိတ်ထားတာတွေပေါ့။ ဒါတွေကျတော့ ကျနော်တို့ကတော့ တွေ့ခွင့်ရတယ်။ တွေ့ခွင့်ရတဲ့အခါကျတော့ ကျနော်တို့ ပြောမယ်ဆိုရင် အပြင်လူတွေနဲ့ကျတော့ ယုံကြည်မှုရှိဖို့ အတော်လေး ခဲယင်းတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ရောက်သွားတယ်။ သူဒါကိုတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးရဲ့ တွေ့ဆုံမှု မတိုင်ခင်မှာ ကျနော်တို့ရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ တွေ့တယ်။ ဆိုတော့ အရင်ကလည်း မတွေ့ခဲ့ဘူးလားဆိုတော့ တွေ့ခဲ့ပါတယ်။ သို့သော်လည်း ကျနော်တို့က တွေ့ခဲ့ပြီးတဲ့အခါကျတော့ ဒီနေ့ခေတ်က Result oriented ကိုး။ result ဘယ်လောက်ရှိသလဲဆိုတာကို စကားပြောကြတာကိုး။ ဆိုတော့ သူတို့ ပထမတွေ့တဲ့အချိန်မှာ joint statement ထုတ်တယ်။ အဲဒီကြေညာချက်ထဲမှာ စောစောတုန်းကပြောသလို အမြင်မတူတာတွေ ခဏဘေးဖယ်ထားမယ်။ အမြင်တူတာတွေနဲ့ ဆက်လုပ်ကြမယ်ဆိုတဲ့ joint statement မျိုး ထုတ်ကြတဲ့အခါကျတော့ ကျနော်တို့ မှတ်ချက်ချလို့ရတာက They got the common ground. (တူညီတဲ့အခြေခံတွေ ရထားပြီ။) ဒါက ပထမတခု။ နောက်တခါ လေးငါးခြောက်လလောက်နေမှ တခါတွေ့တာမျိုးမဟုတ်ဘဲနဲ့ ခပ်စိပ်စိပ်လေးပေါ့နော်။ တလမတိုင်ခင်မှာ ကျနော်ထင်တယ်။ ၃ ပတ် အလိုလောက်လား မသိဘူး။ ဒုတိယတကြိမ် တွေ့တယ်ဗျ။ ဒုတိယတကြိမ် တွေ့တဲ့အခါကျတော့ အချက်လေးချက်ပါတဲ့ joint statement တခုကို ထပ်ထုတ်တယ်။ ဆိုတော့ အချက်လေးချက်ကို ကျနော်က ချပြီးရေးပြီးတော့မှ သဘောတူသွားတဲ့အခါကျတော့ ဒီတိုးတက်မှုက အတော်လေး ကောင်းလာတာပေါ့။ နောက်များမကြာခင်မှာပဲ သမ္မတကြီးနဲ့ ထပ်တွေ့တယ်ပေါ့။ သူတို့ှနှစ်ယောက် သီးသီးခြားခြား ပြောတဲ့စကားကြတော့လည်း ကျနော်တို့ မသိနိုင်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်မှုကတော့ အရင်လို တခါတွေ့ လေးငါး ခြောက်လ မဟုတ်တော့ဘဲနဲ့ စိပ်စိပ်လည်း တွေ့လာတယ်။ နောက်တခါ တစုံတရာ ကျနော်တို့ statement တခုကို ထုတ်နိုင်တဲ့အဆင့်ဆိုတဲ့အခါကျတော့ ဒီ တိုးတက်မှုသည် ဘယ်လောက်အဆင့်ရှိတဲ့ တိုးတက်မှုလဲဆိုတာကို ကျနော်တို့ ခန့်မှန်းလို့ရတယ်ပေါ့။”

နောက်တခုက မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲအောင် အရေးကြီးဆုံးက တကမ္ဘာလုံးကလည်း ဝိုင်းအော်နေတဲ့ ပြောနေကြတဲ့ကိစ္စက နိုင်ငံရေးအကျဉ်းသားတွေကိစ္စပါ။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားရယ်လို့ ပြောလိုက်လို့ရှိရင် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးတွေ အတော်များများက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ အားလုံးက သိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ တကယ်ပဲရှိနေတယ်ဆိုတာ။ အဲဒီတော့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး အခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ခုချိန်ထိများ မလွှတ်ပေးနိုင်သေးဘဲ အချိန်ဆွဲတဲ့သဘော ဖြစ်နေတာလဲလို့ သိချင်ပါတယ်။ -

“စနစ်ဟောင်းတခုကနေ စနစ်သစ်တခုကို အပြောင်းအလဲ ကာလမှာတော့ အချိန်တစုံတရာ ယူရတာမျိုးရှိတယ်ပေါ့။ ဆိုပါတော့ အစိုးရသက်တမ်း တလသားပေါ့။ ကျနော်တို့က ရက်ပိုင်း နောက်ကျတယ်ပေါ့။ အဲဒီအချိန်မှာ အပြင်ကဖြစ်ချင်နေတဲ့ သူတွေရဲ့ ဆန္ဒကိုလည်း ကျနော်တို့က အပြစ်အဆိုဘူးဗျ။ မြန်မြန်ဖြစ်ချင်တာပေါ့။ ခရီးတခုကို ကျနော်တို့က အတိုဆုံးနဲ့ရောက်ချင်တာပေါ့။ သို့သော်လည်း တဘက်မှာ ကျတော့ အရေးအရာကိစ္စရပ်တွေ အများကြီးရှိတဲ့အခါကျတော့ အချိန်တစုံတရာတော့ ယူသင့်တာပေါ့။ အဲဒီကာလတုန်းက တလသားနှစ်လသားမှာက လူတွေကတော့ အမြန် ဖြစ်ချင်တာပေါ့လေ။ သို့သော်လည်း တဘက်မှာကတော့ Stability ဆိုတဲ့ကိစ္စကလည်း ရှိတယ် ပေါ့။ စပ်ကူးမှတ်ကူးကာလမှာ ဖြစ်တပ်တဲ့ သဘာဝပါ။ အခုဘာပဲပြောပြော သုံးလ သားကျော်တာနဲ့ ပြုပြင်ပြောင်းလဲမှုတွေက အတော်ကိုတွေ့ရပြီပေါ့။ ဒီနှစ်လအတွင်းမှာပဲ ဝန်ကြီးဦးအောင်ကြည်နဲ့နှစ်ကြိမ် တွေ့တယ်။ သမ္မတကြီးနဲ့တကြိမ် တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါ့။ အကျဉ်းသားတွေကိစ္စနဲ့ပတ်သက်ပြီး ကျနော်ဖြေလေ့ဖြေထရှိတာ တခုရှိတယ်။ ကျနော်တို့ကျတော့ အကြံပေးသက်သက်ပဲ ဖြစ်တယ်လေ။ Decision maker လည်းမဟုတ်ဘူး။ Highest authority လည်း မဟုတ်ဘူး။ ပြည်ပကိုနှစ်ပေါင်းများစွာ ရောက်သွားတဲ့ သူတွေကိုတောင်မှ ကျနော်တို့ Welcome back ပြန်လုပ်သေးတယ်ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ အကျဉ်းသားတွေ ကိစ္စရပ်က အလားအလာ အများကြီး ကောင်းပါတယ်။ ဒါသည် sign တခုပါပဲလို့ ကျနော် ဖြေခဲ့ဖူးပါတယ်။ အဲဒီလို ကျနော်တို့ နားလည်မယ် ဆိုခဲ့ရင်တော့ ကျနော်တို့ အလားအလာ အများကြီးကောင်းပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်ကို မြန်မာနိုင်ငံရောက် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းခဲ့တာပါရှင်။