NLD အမတ်လောင်း အငြိမ်းစားဗိုလ်ကြီးဦးဝင်းထိန်၏ မဲဆွယ်စည်းရုံးမှု အတွေ့အကြုံနှင့် အခြေခံဥပဒေပြင်ဆင်ရေး သဘောထား

တပ်မှူးတပ်သား ပြောစကား (၁၀၆)

ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ကနေ ဝင် ရောက် အရွေးခံမယ့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ကြီးဦးဝင်းထိန်ရဲ့ မဲဆွယ်စည်းရုံးမှုအတွေ့အကြုံ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်များအပေါ် သဘောထားအမြင်တွေကို ဦးရော်နီညိမ်းက၊ ဆက်သွယ်မေးမြန်းထား ပြီး ဒီသီတင်းပတ်ရဲ့ "တပ်မှူးတပ်သား ပြောစကား" ကဏ္ဍအဖြစ် တင်ဆက်လိုက် ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်ဟာ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ကနေ ပါဝင်ယှဉ်ပြိုင်မှာမို့လို့၊ အခု မိတ္ထီလာ မြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းနေတော့၊ မြို့နယ်ဘယ်နှစ်ခု ကျေးရွှာအုပ်စု ဘယ်နှစ်ခု ဘယ်နှစ်နေ ရာလောက်ကို ဦးဝင်းထိန် ရောက်ခဲ့ပြီးပါသလဲ၊ အဲ့ဒီအထဲက ထင်ထင်ရှားရှားအတွေ့အကြုံလေး တစ်ခုနှစ်ခု လောက် ကျနော်တို့ကို ပြောပြပါလားခင်ဗျာ။

ဦးဝင်းထိန် ။ ။ မိတ္ထီလာမှာ ကျနော်စည်းရုံးရေးဆင်းတဲ့အခါမှာ၊ မြို့ပေါ်မှာ ရပ်ကွက်(၁၄)ခုရှိတယ်။ ကျေး ရွာပေါင်းက (၃၇၉)ရွာ၊ (၃၈၀)ဆိုပါတော့။ ကျနော် ရွာပေါင်း(၂၀၀)ကျော်ကို ရောက်ပြီးပါပြီ။ ဒီမတ်လဆန်း (၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က မိတ္ထီလာကို လာပြီး ကျနော့်အတွက် မဲဆွယ်စကားပြောသွားခဲ့တယ်။

ဦးရော်နီညိမ်း ။ ။ ကြံ့ခိုင်ထွံ့ဖြိုးရေးပါတီရဲ့ အတိုက်အခံပါတီကြီး NLD ရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာကော အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အနေအထားကကော၊ အဲဒီကျေး ရွာတွေမှာကော သူတို့ရဲ့ကိုယ်စားလှယ်လောင်းအတွက် ဘယ်လိုများ လုပ်ကိုင်စီစဉ်ထားတာကို သတိထားမိ ပါလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်သတိထားမိသလောက် ကျေးရွာတွေမှာ ရွာတိုင်းရွာတိုင်းမှာ အုပ်ချုပ်ရေးမှူးတွေ ဟိုခေတ် အခေါ် သူကြီးတွေက တော်တော်များများဟာ သူတို့ခန့်ထားတဲ့လူတွေပါ။ နောက်ထပ်တော်တော် များများကလည်း သူတို့ရဲ့လွှမ်းမိုးမှုကို ခံယူထားတဲ့လူတွေဆိုတော့၊ သူတို့ကိုယ်စားလှယ်လောင်းက ကျနော့် လို ရွာတွေကိုဆင်းတာ မကြုံခဲ့ဘူး။ အဲဒီအခါကျတော့ ပထမတော့ ကျေးရွာသူကျေးရွာသားတွေက ကျနော် နဲ့တွေ့ရင် သူတို့က ကြောက်နေကြတယ်။ ကြောက်ရင်းကြောက်ရင်းနဲ့ ကျနော့်အကြောင်းကို ရှင်းပြ ဒေါ် အောင်ဆန်းစုကြည်အကြောင်းကို ရှင်းပြနဲ့ လုပ်ခဲ့ရင်းနဲ့မှ၊ အခု ကျေးရွာတွေရဲ့တုံ့ပြန်မှုတွေက အတော့်ကို အားရစရာကောင်းပါတယ်။ မြို့ပေါ်မှာ စည်းရုံးရေးဆင်းခဲ့တုံးက ကျနော် ဒီလောက် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခဲ့ဘူး။ ကျေးရွာတွေကို ဆင်းခဲ့တော့မှ ကျနော့်ရဲ့အနေအထားဟာ ၅၀-၅၀ ရှိနေရာက၊ တချို့ရွာတွေမှာ ၆၀-၄၀၊ တချို့ရွာတွေမှာ ၇၀-၃၀၊ အဲဒီလောက်အထိ ဖြစ်လာတယ် လို့ ကျနော် သတိထားမိပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျေးရွာတွေမှာ ကြောက်နေကြတာက ထားလိုက်ပါတော့။ အကြောက်တရားနဲ့ ဖိထား တဲ့အခါကျတော့ ကြောက်နေကြမှာပဲ။ ကြောက်ပေမယ့် သူတို့ဟာ အမှန်တရားကို အမှန်အတိုင်း ဖြစ်ပေါ်နေ တဲ့ကိစ္စတွေကို သိရှိနိုင်ဖို့အတွက် မီဒီယာတွေ သူတို့ဆီကို မရောက်ဖူးလား ခင်ဗျ။ မြို့တွေပေါ်မှာလို ဂျာနယ် တွေ ရောက်တာမျိုး၊ သူတို့ဆီကို ရောက်ချင်မှရောက်မယ်။ သို့သော် ရွာဦးကျောင်းလို တချို့သော ရွာတွေက ဘုန်းကြီးကျောင်းတွေမှာလို ရေဒီယိုနားထောင်တဲ့အလေ့အထရှိသလို၊ ပြည်ပအခြေစိုက်ရေဒီယိုတွေက လ့ွှင့် နေတဲ့သတင်းတွေကိုကော၊ သူတို့နားထောင်ပြီး သိရှိနေကြတဲ့ အနေအထားမျိုး မတွေ့ခဲ့ရဘူးလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ တွေ့ခဲ့ရပါတယ်။ ရွာတွေမှာက တော်တော်များများက (၈)ပေ စလောင်းတွေ တပ်ထားကြ တဲ့ ရွာတွေရှိတယ်။ ဘုန်းကြီးကျောင်းမှာကတော့ ပိုများတာပေါ့။ တချို့ရွာတွေမှာဆိုရင် ကျနော် အရင်တုံးက ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗီဘီ ရေဒီယိုတွေနဲ့ အင်တာဗျူးတွေ လုပ်ခဲ့တာတွေကြောင့်၊ ကျနော့်ကို သိနေကြတဲ့ သူတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မိတ္ထီလာမြို့ကို ဒီလ(၅)ရက်နေ့က ဟောပြော သွားတဲ့ မိန့်ခွန်းဗီဒီယို ဒီဗီဒီအခွေတွေ တော်တော်များများပြန့်နံှ့နေပြီ။ မြို့ထဲမှာကော တောမှာကော ပြန့်နံှ့ နေတော့၊ အဲဒီအခွေကို ကြည့်ကြတဲ့ အတွက် ကျနော့်အတွက် အများကြီး အထောက်အကူ ရပါတယ်။

ဦးရော်နီညိမ်း ။ ။ မိတ္ထီလာဟာ တပ်နယ်ကြီးလည်း ဖြစ်တယ်။ အဲဒီမှာ ခြေမြန်တပ်မ (၉၉)ဌာနချုပ် ရှိ တယ်၊ နောက်တခါ အမြောက်တပ်တွေသံချပ်ကာတပ်တွေ ရှိတယ်။ နောက်တခါ တပ်မတော်(လေ)ရဲ့ လေ တပ်စခန်းကြီး ရှိတယ်၊ စသည်ဖြင့် တပ်ရဲ့ဧရိယာ တပ်နယ်မြေကြီး ဖြစ်တဲ့အခါကျတော့၊ မိတ္ထီလာတပ်နယ် ရဲ့အနေအထားကိုကော ဘယ်လိုများ သိရှိနိုင်ပါသလဲ။ တပ်ထဲတော့ ဝင်ရောက်စည်းရုံးလို့ ရချင်မှ ရမှပေါ့။ ဒါပေမယ့် ကိုယ်ကလည်း တပ်မတော်သား ဟောင်းတစ်ယောက်ဖြစ်နေတော့၊ တပ်ရဲ့အနေအထားကို တစ် ဆင့်စကားနဲ့ ဒီရွေးကောက်ပွဲအပေါ်မှာ မိတ္ထီလာတပ်နယ်ရဲ့ ဖြစ်ပေါ်နေတဲ့ atmosphere (အနေအထား အခင်း အကျင်း) ကို၊ နည်းနည်းရှင်းပြပေးပါလား ခင်ဗျာ။

ဦးဝင်းထိန် ။ ။ ကျနော် အခုကြုံရသလောက် မိတ္ထီလာမြို့ ကျနော့်ရဲ့မဲဆန္ဒနယ်မှာ၊ တပ်တွေအမျိုးအမျိုး (၂၀)ကျော် ရှိပါတယ်။ အဲဒီမှာ ကျနော်ရဲ့အဆက်အသွယ်တွေကတစ်ဆင့် ကျနော့်ရဲ့ ကိုယ်ရေးရာဇဝင်ကို တပ် တွေထဲမှာ ဖြန့်လို့ရခဲ့တယ်။ နောက်တစ်ချက်က ကျနော် သွားရင်းလာရင်းနဲ့ အရာရှိတွေ ရဲဘော်တွေကို တွေ့ တယ်။ တွေ့တဲ့အခါမှာ ကျနော် မိတ်ဆက်တယ်၊ မိတ်ဆက်တဲ့အခါမှာ အရာရှိတွေဆိုရင် ကျနော့် အကြောင်း ပြောလိုက်ရင် ကျနော့်ကို တော်တော်များများက သိပြီးသားဖြစ်နေကြတယ်။ တလောက ဆိုရင် တပ်ရင်းတစ် ခုရဲ့ဘေးကနေ ကျနော်ဖြတ်သွားတဲ့အချိန်မှာ တပ်ထဲကို ဝင်ထွက်နေကြတဲ့ရဲဘော်တွေကို ကျနော်ရဲ့pamphlet (လက်ကမ်းစာစောင်)လေးတွေ ပေးလိုက်တဲ့အခါမှာ၊ “အဘကို တွေ့ဖူးတယ်၊ အမေစုရဲ့ အခွေကို ကြည့်ပြီးပြီ” လို့ ပြောကြတယ်၊ အဲဒီလိုပြောတော့ ကျနော် အရမ်းဝမ်းသာသွားတယ်။ ဆိုလိုတာကတော့ ဒေါ်အောင်ဆန်းစု ကြည် မိတ္ထီလာမြို့မှာ ဟောပြောသွားတဲ့အခွေက တပ်တွေထဲမှာ ပြန့်နံှ့နေတယ်။ ဘယ်လောက်ထိ ပေါ်ပေါ်ထင် ထင် ပြန့်နံှ့နေသလဲတော့ မသိဘူး၊ နောက်တစ်ခုက တချို့အရာရှိတွေဆိုရင် ကျနော့်ကို ကိုယ်တိုင်လာတွေ့ နှုတ်ဆက်ကြတယ်။ ကျနော့်ဆီက pamphlet တွေ ယူသွားကြတယ်။ အဲဒါ လေတပ်ကကော အမြောက်တပ် ကကော ခြေလျင်တပ်တွေက၊ ပြီးတော့ ကစလ (အကြီးစားစက်မှုလုပ်ငန်း)ကကော၊ အကုန်ပါတယ်။ တပ်တွေ ထဲမှာ ကျနော်ကိုယ်တိုင် ဝင်ရောက်စည်းရုံးလို့ မရပေမယ့်လည်း၊ တပ်မတော်သားဟောင်းဖြစ်တဲ့ ကျနော့် အကြောင်းကတော့ တပ်တွေထဲမှာ တော်တော်ပြန့်နံှ့နေပြီလို့ ကျနော် ယူဆပါတယ်။ အဲဒီတော့ တပ်တွေထဲ မှာ မဲပေးတဲ့အခါ၊ ပြတ်ပြတ်သတ်သတ်ကြီး ကျနော် ရှုံးနိမ့်သွားလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်ဟာ တပ်မတော်အရာရှိဟောင်းလည်း ဖြစ်ပြီးတော့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း တချိန်က အထွေထွေအတွင်းရေးမှူး၊ အခုတော့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် သူပေးအပ်တဲ့တာဝန်တွေဖြစ်တဲ့ ရုံးအဖွဲ့မှူးတို့ တခြားသောတာဝန်တွေကိုလည်း ထမ်းဆောင်ဖူးတဲ့ လူ ဖြစ်တဲ့အခါကျတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း တပ်မတော်နဲ့ စည်းလုံးညီညွတ်နိုင်အောင် ကြိုးစားနေတဲ့အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း မကြာခဏပြောနေတယ်၊ ရှေ့ရှောက်ပြီး သွားကြရ မယ့်ခရီးဟာ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်လာဖို့ကိစ္စဟာ တပ်မတော်မပါရင် မရဘူး၊ တပ်မတော်ရဲ့ ထောက်ခံမှု မရှိရင် အခုလိုမျိုးသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတာ၊ ဒေါ်အောင် ဆန်းစုကြည်လည်း တဖွဖွပြောနေတယ်။ အဲဒီတော့ ဦးဝင်းထိန်အနေနဲ့ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ အခုလိုမျိုး တပ်မတော်နဲ့လက်တွဲရေး အယူအဆပေါ်မှာ တပ်မတော်သားတွေ ဆီက ပြန်ပြီး ရိုက်ခတ်သံတွေ ဘယ်လိုများ ကြားမိပါသလဲ ခင်ဗျ။ သူတို့ဘက်ကလည်း အကောင်းမြင်တဲ့ ရှုထောင့်ကနေ “ဟုတ်တယ်၊ ဒို့လည်း စည်းလုံးညီညွတ်ဖို့သင့်တယ်” ဆိုတာမျိုးတွေ ရှိပါသလား၊ သတိထား မိပါသလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ပါတီရဲ့ ရည်မှန်းချက် နံပါတ်(၃)မှာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့အညီဖြစ်အောင် ပြန်ပြီးပြုပြင်မယ်ဆိုတာ ပါတယ်။ ဒီလိုပြုပြင်မယ်ဆိုတာ ခု လက်ရှိဖြစ်နေတဲ့အနေအထားကို ခြိမ်းခြောက်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောသွားပြီ။ ကျနော်တို့ဟာ နှလုံးရည်သမားတွေဖြစ်တာကြောင့် “တပ်မတော်သည် တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်ရမယ်၊ တပ်မတော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာ ကွယ်ရမယ်” ဆိုတာကို ကျနော်တို့ လက်ခံထားတယ်။ သို့သော် အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မသင့် တော်တာတွေကို ပြင်မယ်ဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပြီးပြီ။ အဲဒီလို ပြင်ဖို့ဆိုတာက နက် ဖြန်သန်ဘက်ခါ ပြင်ဖို့ ပြောတာလည်း မဟုတ်ဘူး။ အကြမ်းဘက်ပြီး ပြင်ဖို့ ပြောတာလည်း မဟုတ်ဘူး။ တပ် မတော်သားတွေကိုယ်တိုင်က ယုံယုံကြည်ကြည်နဲ့လက်ခံလာအောင်စည်းရုံးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေ တပ်မတော်အရာရှိတွေကို စည်းရုံးမယ်လို့ ပြောထားပြီးပြီ ဆို တော့၊ ကျနော်တို့က နှလုံးရည်သမားတွေပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်မယ် ဆိုတာ၊ နှလုံးရည်နဲ့ ပြင်မှာပါ။ လက်ရုံးရည်နဲ့မဟုတ်ဘူးဆိုတာ တပ်မတော်သားတွေ သဘောပေါက်စေချင်ပါတယ်။ နောက် တစ် ချက်က ဒီလိုပြုပြင်တဲ့နေရာမှာ၊ ကျနော်တို့ အချိန်ယူမှာပါ။ ကျနော်တို့NLDဟာ ၁၉၈၈ကနေ အခု၂၀၁၂အထိ (၂၃)နှစ်ကျော်တိုင်တိုင် အလူးလူးအလဲလဲနဲ့ စိတ်ရှည်လက်ရှည် စည်းရုံး လာခဲ့ပြီးတော့မှ၊ အခု နာလံထူလာ တဲ့ အခြေအနေကို ရောက်လာတာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတာက ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ နှစ်ရှည်လများ လုပ်ဆောင်ကြရမယ့်ကိစ္စလို့ ယုံကြည်ပါတယ်။ အဲဒီလို နှစ်ရှည်လ များ ပြုပြင်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ တိုင်းသူပြည်သားတွေကိုလည်း မထိခိုက်ဘူး၊ တပ်မတော်ကိုလည်း မထိခိုက်ဘူး၊ တပ်မတော်ဟာ ပိုပြီးတော့မှသိက္ခာရှိတဲ့ ပိုပြီးတော့မှဂုဏ်ရှိတဲ့ ပိုပြီးတော့ မှ ပြည်သူတွေကချစ်တဲ့ တပ်မတော် ဖြစ်လာစေဖို့ဆိုတာကို ရှေ့ရှုတယ်ဆိုတဲ့အကြောင်းကို တပ်မတော်သား တွေ ယုံကြည်စေချင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီကိစ္စကို ပြန်ပြီးတော့ မြင်ကြည့်တဲ့အခါမှာ၊ ဟိုအရင်က ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်း အကျင်းတွေအရ တပ်မတော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လုံး၀ မလိုလားခဲ့ဘူး၊ ဘာကြောင့်လဲဆို တော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို မလိုလားဘူးလို့၊ သူတို့ကလည်း အပြန်အလှန်ယူဆ နေကြတဲ့အတွက်ကြောင့်မို့လို့၊ ဒါဟာ တပ်မတော်ရဲ့ ဟိုအရင်မျိုးဆက်တုံးက ဖြစ်ခဲ့တာပေါ့။ အခုမျိုးဆက် အခု တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေ first line, second line ခေါင်းဆောင်တွေဟာ၊ ဦးဝင်းထိန် တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်ချိန်မှာ သူတို့တွေဟာ ၁၉၈၈ - ၁၉၉၀ အချိန်တွေ မှာ အခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်မှာဆိုရင် 1st grade (ဒုဗိုလ်မှူးကြီးနဲ့အထက်) အရာရှိကြီးတွေအထိဟာ ရှစ်လေးလုံးလူထုအုံကြွမှုအချိန်ကာလကော၊ ၁၉၉၀ ရွေးကောက်ပွဲကာလကောကို သူတို့ ဖြတ်သန်းလာခဲ့ကြတယ်။ အဲဒီအထဲမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကို ပုံအောပြီး မဲပေးခဲ့ကြတဲ့အထဲမှာ၊ တပ်နယ်တွေက မဲဆန္ဒနယ်တွေထဲက တပ်မတော်သားတွေ တပ်မတော် အရာရှိတွေ ပါဝင်ခဲ့ကြတယ်။ အဲဒီတုန်းက အရာရှိငယ်တွေဟာ အခုတပ်မတော်မှာ လူကြီး ပိုင်းခေါင်းဆောင် ပိုင်းတွေ ဖြစ်လာကြပြီ။ သူတို့တွေဟာ ဟိုအချိန်ဟိုအခါတုန်းက သူတို့ရဲ့ ဆရာသမားတွေ သူတို့ရဲ့ခေါင်း ဆောင်တွေက သူတို့အပေါ်မှာ ဘယ်လိုပဲရိုက်သွင်းခဲ့မှုတွေ ရှိခဲ့ပေမယ့်၊ သူတို့ဟာ အမှန်ကို အမှန်အတိုင်းပဲ မြင်ခဲ့တဲ့သူတွေ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ကျနော် အရာရှိဟောင်း တစ်ယောက်ကို အင်တာဗျူးလုပ်ခဲ့စဉ်က သူပြောတာက အဲဒီတုန်းက အရာရှိငယ်တွေဟာ အထက်က ဘာပဲ ပြောပြော သူတို့တွေရဲ့ ရင်ထဲမှာ NLDဟာ မှန်ရာကို လုပ်တယ်၊ NLD ဟာ မှန်ကန်တဲ့လမ်းကြောင်းကို သွား နေတာကြောင့် NLD ကို ထောက်ခံတယ်ဆိုတာ၊ ၁၉၉၀ကတည်းက ရှိခဲ့တယ်၊ အခုလည်းပဲ သူတို့တွေ အရာ ရှိကြီးတွေ ဖြစ်လာပြီ ထိပ်ကို ရောက်လာကြပြီ ရာထူးဌာနန္တရတွေ ကြီးလာကြတယ် စည်းစိမ်ဥစ္စာတွေ ပေါ များလာကြတယ်၊ အဲဒီလိုတွေ ရှိ လာတဲ့အတွက်ကြောင့် “ငါတို့ကတော့ NLD ကို ထောက်ခံဆဲပဲ”လို့ ပေါ်ပေါ် ထင်ထင် အရင်တုံးကလို ထုတ်မပြောနိုင် ကြတော့ဘူး၊ သို့သော်လည်း ဒီပုဂ္ဂိုလ်တွေ တပ်မတော်ရဲ့ အခုလက် ရှိ 1st line ခေါင်းဆောင်တွေဟာ၊ NLDကို ထောက်ခံခဲ့ကြတဲ့သူတွေချည့်ပါပဲလို့၊ စသည်ဖြင့် အဲဒီအရာရှိ ဟောင်းက အင်တာဗျူးမှာ ပြောသွားခဲ့တယ်။ အဲဒီတော့ အဲဒါက အားဖြစ်စရာလို့ NLDအတွက် မြင်နိုင်ပါသ လား၊ ငါတို့ NLDနဲ့ တပ်မတော်နဲ့ လက်တွဲပြီး တိုင်းပြည်အတွက် အလုပ်လုပ်လို့ရမယ်ဆိုတဲ့ အနေအထားမျိုး ကို မျှော်လင့်လို့ ရနိုင်ပါမလား။ ဦးဝင်းထိန်ရဲ့ ရှုမြင်သုံးသပ်ချက်ကို သိချင်ပါတယ် ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်ကလည်း တပ်မတော်သားဟောင်းဖြစ်တာကြောင့်၊ အခု ခေတ်ပြောင်းလာတဲ့ အခါ ကျတော့ အခု တပ်မတော်ခေါင်းဆောင်တွေနဲ့ လွန်ခဲ့တဲ့ နှစ်(၂၀)က တပ်မတော်ခေါင်းဆောင်တွေနဲ့ မတူကြ ဘူးဆိုတာကို၊ မြင်မိပါတယ်။ ကျနော့်အထင်ကတော့ 1st grade level ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ဗိုလ်မှူးကြီး level တွေလောက်အထိဟာ ကျနော်တို့ NLDအပေါ်မှာ လိုလားတဲ့အတွေးအခေါ်တွေ ရှိတယ်ဆိုတာ၊ ကျနော် သတိ ထားမိတယ်။ အရာရှိငယ်ပိုင်းမှာ ပိုသိသာတာက အရာရှိငယ်တွေကိုက အမေစု အမေစု နဲ့ ဖြစ်နေကြတယ်ဆို တာ၊ သတိထားမိတဲ့အခါကျတော့ ပိုပြီးဝမ်းသာတယ်။ အရာရှိငယ်တွေအပိုင်း၊ ဒုဗိုလ်မှူးကြီးဗိုလ်မှူးကြီးအဆင့် ထိ အပိုင်းနဲ့ အပေါ်ဆုံးက ဗိုလ်ချုပ်တွေအပိုင်းရယ်လို့ ရှိတဲ့အခါကျတော့၊ ဗိုလ်ချုပ်တွေကျတော့ အကြောင်း ကြောင်းကြောင့် တပ်မတော်က ချမှတ်တဲ့ မူဝါဒတွေအတိုင်း ပြောကြဆိုကြ လုပ်ကိုင်ကြရမှာ ဖြစ်တဲ့အတွက် ကြောင့်၊ သူတို့လုပ်ကိုင်နေတာ ပြောတာဆိုတာတွေကိုတော့ face value (အပေါ်ယံကြော)နဲ့ အကဲမဖြတ်ချင် ဘူး။ နိုင်ငံရေးဆိုတာ compromise (အပေးအယူအလျှော့အတင်း) ရှိမှာ ဖြစ်မှာပါပဲ။ သို့သော် ကျနော့်အယူ အဆအရ ပြောရမယ်ဆိုရင် တပ်မတော်အရာရှိတွေကိုယ်တိုင်က၊ “ငါတို့တွေ လွှတ်တော်ထဲမှာ ဝင်ထိုင်နေစရာ မလိုတော့ဘူး”လို့ ခံယူလာတဲ့ အနေအထားရောက်အောင်၊ အဲဒီလိုမျိုးသဘောပေါက်လာအောင် ကျနော်တို့က စည်းရုံးကြဖို့ ဖြစ်ပါတယ်။ ရေရှည်ရည်မှန်းချက်နဲ့ ဒါကို ဆောင်ရွက်တဲ့ နေရာမှာ ဒီ ရေရှည်ရည်မှန်းချက်ဟာ (၅)နှစ်နဲ့ အောင်မြင်မလား၊ (၁၀)နှစ်နဲ့မှ အောင်မြင်မလား၊ မပြောတတ်သေးဘူး။ အဲဒီတော့ ဒီ ရေရှည်ရည် မှန်းချက်အရ နှလုံးရည်နဲ့လုပ်ကိုင်သွားကြရမှာဖြစ်လို့၊ အကုန်လုံး everything is possible အားလုံးဟာ ဖြစ်နိုင်ခြေများပါတယ်လို့၊ ကျနော် ပြောပါ ရစေ။

ဦးရော်နီညိမ်း ။ ။ ဧပြီလ(၁)ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးပါဝင်ယှဉ်ပြိုင်မယ့်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အငြိမ်းစားဗိုလ်ကြီးဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်း တင်ဆက်ခဲ့တာပါ။ ဦးဝင်းထိန်ဟာ ၁၉၆၃မှာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅)ကနေ ကျောင်းဆင်းခဲ့ပြီး၊ အောင် စစ်သည်ဆုနဲ့ စာပေထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။ ၁၉၇၆ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ နိုင်ငံတော်ပုန်ကန် မှုမှာ သင်္ကာမကင်းခံခဲ့ရတာကြောင့်၊ တပ်မတော်ကနေ အငြိမ်းစားပေးခြင်းခံခဲ့ရပါတယ်။ ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုမှာ ဦးဝင်းထိန်ဟာ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှာ ပါဝင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး တာဝန်ထမ်းဆောင်စဉ် ၁၉၈၉ ကနေ ၁၉၉၅ ထိ (၆)နှစ်တစ်ကြိမ်၊ ၁၉၉၆ ကနေ ၂၀၁၀ အထိ (၁၄) နှစ် တစ်ကြိမ်၊ စုစုပေါင်း အကျဉ်းထောင်ထဲမှာ နှစ်(၂၀) နေခဲ့ရတဲ့ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။