မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားနိုင်ငံတ့ိုကြား အငြင်းပွားနေတဲ့ရေပိုင်နက် ပြသနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ် ပြင်ရေပိုင်နက် ခုံရုံးက မတ်လ (၁၄) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။ သဘာ၀ သယံဇာတ ပေါကြွယ်ဝတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက စီးပွားရေးဇုန် ရေပြင် ပိုက်နက် မိုင် (၂၀၀) အပြည့် ခံစား ပိုင်ခွင့်ရှိစေပြီး ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ဘင်္ဂလားဒေ့ရှ် ဖက်က အသုံးပြု နိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွက် အောင်မြင်မှု တခု ဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက် အင်မတန် နစ်နာ ဆုံးရှုံး မှု ဖြစ်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒီ အခြေအနေ အပြည်အစုံ ကိုတော့ မသင်းသီရိ က ဆက် ပြောပြပေးမှာပါ၊
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား နှစ်ပေါင်း (၃၈) နှစ်ကျော် အငြင်းပွားနေတဲ့ နှစ် နိုင်ငံ ရေပိုင်နက် ပြသနာ ကို မတ်လ (၁၄) ရက်နေ့က ဂျာမဏီ နိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးက အဆုံးသတ် လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တာပါ။ နှစ်နိုင်ငံ အငြင်းပွား နေတဲ့ ရေပြင်ပိုင်နက် နယ်နမိတ်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖက်က ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ကျော်ပြီး ခံစားခွင့် ရှိတဲ့အကြောင်း နိုင်ငံတကာပင်လယ်ပြင်ရေပိုင်နက် ခုံရုံးက ဥက္ကဌ ဂျိူဆေး လူးဝစ်ဂျီးဆပ်စ် က အမိန့်ချပါတယ်။
“နိုင်ငံတကာ ပင်လယ်ရေပြင် ပိုက်နက် ဆိုင်ရာ ခုံရုံးအနေနဲ့ အချက်အလက်တွေကို လေ့လာ သုံးသပ်ပြီး ဆုံးဖြတ်ချက် ချလိုက်တာက နှစ်နိုင်ငံခြား ပြင်ဆင် သက်မှတ်တဲ့ ရေပြင် နယ်နမိတ် ပိုက်နက် မျဉ်းကြောင်းဟာ စီးပွားရေး ဇုံ ရေပိုက်နက် နယ်နမိတ် အရ ရော ကမ်းလွန်ရေတိမ်ပိုင်း နဲ့ ပတ်သက်တဲ့ ဆိုင်ရာ နဲ့ပါ ပင်လယ် ရေပြင် မိုင် (၂၀၀) အတွင်း ရှိရမယ် ဆိုတာနဲ့ အပိုဒ် (၃၃၇) က နေ (၃၄၂) အရ ဘင်္ဂလားဒေ့ရှ်ဘက်က ရေပြင် မိုင် (၂၀၀) ကျော်ပြီး နောက် တတိယ နိုင်ငံရဲ့ ရေပြင် ပိုက်နက် နယ်နမိတ်နဲ့ ထိတွေ့တဲ့ အထိ ရပိုင်ခွင့် ရှိတယ် ဆိုတာပါဘဲ။”
ဒီဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်ဆိုင်တယ် ဆိုတဲ့ နေရာတွေ တော်တော် များများ ရသွားတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ (၁၉၇၄) ခုနှစ် က နှစ်ဘက် သဘောတူ စာချွန်လွှာဟာ အခိုင်အမာ ဖြစ်တယ်ဆိုပြီး အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ သူတို့ ပိုင်တဲ့ရေပိုင်နက် လု့ိ လက်ခံထားပြီးမှ မြန်မာတို့ ဖက်က သူ့တိုပိုင်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုနေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က တရားရုံးမှာ လျှောက်လဲတင် ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေ့ချုပ် ဦးထွန်းရှင်ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မချခင် တရားရုံးမှာ အခုလို နောက်ဆုံး လျှောက်လဲချက် ပေးခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖဲ့ွခေါင်းဆောင် ပြည်ထောင်စု ရှေနေချုပ် ဦးထွန်းရှင်က နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးမှာ မြန်မာနိုင်ငံဖက်က ပိုင်ဆိုင်မှု နယ်နမိတ်တွေကို လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားေဒေ့ရှ်နိုင်ငံရဲ နိုင်ငံခြားရေးဌာန ဝန်ကြီး ဒီပြွန်မူနီ (Dipu Monti) ကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ အခုလိုပြောပါတယ်။
“ကျမတို့ သိပ် ပျော်သွားတာပေ့ါရှင်။ အရမ်းလည်း ဝမ်းသာမိပါတယ်။ အမှု စီရင်ချက် ချမှတ်တာကို ကျမတို့ လက်ခံရရှိပါတယ်။ ဒါဟာ တရားမျှတမှု ရှိတဲ့ အဖြေ တစ်ခုပါဘဲ။ ဒါကိုလည်း ကျမတို့ က လိုလား နေကြ တာပါ။ အိမ်နီးချင်း နှစ် နိုင်ငံလုံး အတွက် အရေးကြီးတဲ့ စီရင်ချက်ပါဘဲ။ ကျမတို့ နှစ် နိုင်ငံကြားမှာ ဖြစ်နေ ခဲ့တဲ့ ပင်လယ် ရေကြောင်း အငြင်းပွားမှု ဆိုတာကို အတိတ်မှာ ချန်ထားခဲ့လို့ ရပါပြီ ရှင်။ ”
ဘင်္ဂလားေဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံခြားရေးဌာန ဝန်ကြီး ဒီပြွန်မူနီ (Dipu Monti) ပါရှင်။
အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ ကမ်းလွန်သဘာ၀ ဓါတ်ငွေတွေ ထွက်လာ ပြီးတဲ့နောက် သူပိုင် ကိုယ်ပိုင် တယ်လို့ အငြင်းပွားခဲ့တာ ဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ နှစ် နိုင်ငံကြား အခြေအနေ အတော် တင်းမာ ခဲ့ပြီး နောက် အခုလို နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးကို အမှု ရောက် လာတာဖြစ်ပါတယ်။ ဒီအမှု ကို (၂၀၁၁) ခုနှစ် စက်တင်ဘာမှာ စတင် စစ်ဆေးတာ နေတာဖြစ်ပါတယ်။ အခု တရားရုံးရဲ့ ဆုံးဖြတ်ချက် ဟာ နောက်ဆုံး အဆင့် ဖြစ်တာမို့ မြန်မာနိုင်ငံဘက် က ဘာမှ ထပ် လုပ်ပိုင်ခွင့် မရှိ တော့ပါဘူး။ ဒီအဖြေ ဟာ ဘင်္ဂလားဒေ့ရှ် အတွက် အောင်မြင်မှု တခုဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက်တော့ အင်မတန် နစ်နာမှုကြီး ဖြစ်တယ်လို့ အခု ပြသနာ ဖြစ်တဲ့ နေရာမှာ ကိုးနှစ် ကျော်ကြာ တာဝန် ထမ်းဆောင် ခဲ့ဘူးတဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ပါတယ်၊
“မနက် က ကြားလိုက်ရကတည်း က အင်မတန် ကျနော် ယူကြုံးမရဖြစ်တယ်။ စိတ်မကောင်းဘူးဗျာ။ ကျနော့် သဘောထားကတော့ အများကြီး ဆုံးရှုံးတာပေ့ါဗျာ။ ဒီ နတ်မြစ်ဝ နဲ့က အပေါက်ဝ စိန့်မာတင် ကျွန်း အထိ တိုင်းထားတဲ့ ဥစ္စာဟာ ကျနော် တို့ ရေနက် ကြောင်း သာရာ Deep Water Channel လို့ ခေါ်တဲ့ ဟာ အပေါ် မှာ သဘောတူပြီးတော့ စာချုပ် ချုပ်ခဲ့တယ် လို့ ကျနော် နားလည်တယ်။ အဲဒီ အပေါ်မှာ မူတည် ပြီးတော့ က တိုင်းထွာလိုက်တဲ့ သွားမယ် ဆိုရင် ရေကြောင်းသာရာ Deep Water Channel ဟာ စိန့်မာတင် ကျွန်း ဘေးနား ကနေ ကပ်ပြီးတော့မှ နတ်မြစ် အပေါက်ထဲကို ဝင်တာပါခင်ဗျာ။ အဲဒီတော့ အခု ဒီဟာ ဒီရေနက် ကြောင်း သာရာ ဆိုတဲ့ သဘော မဟုတ်တော့ဘဲနဲ့ Equal distance ဆိုတဲ့ နှစ်ဖက် ကျနော် တို့ ဒီ ကမ်းရိုး တန်း က နေ ညီမျှတဲ့ အတိုင်း အတာ လုပ်လိုက်တဲ့ အခါကျတော့ သူတို့ ဘက် က ခုံးခုံး ကြီး ဆိုတဲ့ အခါ ကျတော့ မိုင် (၂၀၀) ပတ်လည် Exclusive Economic Zone တွေ ဘာတွေ လုပ်လိုက်တဲ့ အခါကျတော့ ဟာ ဒီမြေကြီးတွေ ပါသွားမှာပေ့ါ။”
ဒီပြသနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးအဆင့် ကိုယ်တိုင် ဦးဆောင် ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေတဲ့ အချက် ဟာလည်း အားနည်း ခဲ့တယ်လို့ ဦးတင်ဦးက မြင်ပါတယ်။
“ကျနော် က အားနည်း တယ် လို့ ထင်တယ်။ နောက် တစ်ခုက အဝန်းအဝိုင်းလည်း လိုတယ် ခင်ဗျ။ ဒီလို ကိစ္စမျိုး ဆိုတာက ကိုယ်နဲ့ ချစ်ခင် ရင်းနှီးပြီး ကိုယ်ဘက်ကို ဆောင်ရွက် နိုင်အောင် လုပ်နိုင်တဲ့ Lobbying ပေါ့ဗျာ။ အဲဒါတွေလည်း တော်တော် အားနည်းပုံရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ဘက်က ဒီ ကျနော်တို့ ချဉ်းကပ်ပုံ ချဉ်းကပ် နည်းလေး အားနည်းသလားဗျာ။ အဲဒီလိုလည်း ကျနော် တွက်တာဘဲ။ နတ်မြစ်ဝ ထိပ်မှာ ကျနော်တို့ ခေါင်းတုံး၊ ခေါင်းတုံး ဆိုတာက သူတို့က ဂွန်းတွန်း ခေါ်တာပေ့ါ၊ ကျနော်တို့ က တော့ ခေါင်းတုံး ခေါ်တာပေ့ါ၊ အဲဒီမှာ ကျနော်တို့ ကျီးကျွန်းတွေ ရှိသေးတယ် ခင်ဗျ။ အဲဒါတွေကလည်း တော်ကြာ ကျတော့ ဆက်ပြီးတော့ စကားများ လာရင် ကျနော်တို့ ကျီးကျွန်းတွေက ဒုက္ခသုက္ခများ ပေး မလား အဲဒီ လို ကျနော် ဆက်ပြီးတော့ စိုးရိမ် ပူပန်တယ် ခင်ဗျ။ ”
ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးပါရှင်။ နိုင်ငံတကာ ပင်လယ်ပြင် ဆိုင်ရာ စာချုပ်ကို ဘဂ်လားဒေ့ရှ် ဟာ ၂၀၀၁ ခုနှစ်က လက်မှတ် ထိုးတာာဖြစ်ပြီး မြန်မာကတော့ ၁၉၉၆ မေလ ကတည်းက လက်မှတ် ထိုးထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ နဲ့ ပြဿနာဟာ အဆုံးသတ် စီရင်ချက် ချပြီးပြီ ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံ နဲ့ အငြင်းပွားနေတာကို ဆက်ပြီး ဖြေရှင်းရအုံးမှာ ဖြစ်ပါတယ်။