အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ စီစဉ်ထားတဲ့အထဲမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကိုလည်း ထောက်ပံ့ပေးဖို့ ပါဝင်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို အစိုးရက ဖွဲ့ပေးထားတယ်ဆိုပေမဲ့၊ အခုလို အကူအညီတွေအပါအဝင် လုပ်ငန်းတွေကို ကော်မရှင်အနေနဲ့ သီးခြား လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ က ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
********
အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကနဦးအဆင့် ယူရို ၁၅၀ အကူအညီပေးဖို့ ဆုံးဖြတ်ထားတဲ့ အထဲမှာ လူထုအတွက် ကျန်းမာရေး လူမှုရေးကိစ္စရပ်တွေအပြင်၊ အစိုးရအဖွဲ့ရဲ့ နေ့စဉ်အုပ်ချုပ်ရေးစွမ်းရည် မြင့်တင်မှုဆိုင်ရာ အကူအညီတွေထဲ လူ့အခွင့်အရေးကော်မရှင်ကို ထောက်ပံ့ပေးဖို့လည်း ပါဝင်တယ်လို့ အီးယူ နိုင်ငံခြားဆက်ဆံရေးရုံး ပြောခွင့်ရသူ Maja Kocijaneic က ဗွီအိုအေကို ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ စွမ်းအင်မြင့်တင်ရေးတွေ လုပ်ပေးနိုင်ဖို့၊ ဆိုလိုတာက ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာ အောင်နဲ့ နေ့စဉ်ဘ၀ အုပ်ချုပ်ရေး ပုံမှန်လုပ်ငန်းတွေ ပိုမို အားကောင်းလာအောင် အကူအညီ ပေးမှာပါ။ ဒီခေါင်းစဉ် အောက်မှာပဲ လူ့အခွင့်အရေးကော်မရှင်ကိုလည်း ငွေကြေးထောက်ပံ့ကူညီဖို့ ရှိပါတယ်။”
အီးယူအနေနဲ့ မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံကို ၁၅ နှစ်ကြာ ဒဏ်ခတ် အရေးယူထားရာကနေ အခုလို အရေးယူမှုတွေကို တဖြေးဖြေးချင်း ပြန်လည်ရုပ်သိမ်းပြီး အကူအညီတွေ ပေးဖို့ပါ စဉ်းစားနေတာဖြစ်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို အကူအညီရပ်ဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ စွမ်းရည် မြှင့်တင်ရေးခေါင်းစဉ်အောက်ကပဲ သွားမှာဆိုတာကြောင့် အစိုးရဘက်ကိုသွားမယ့် အကူအညီလိုတော့ ဖြစ်နေပါတယ်။ ဒါပေမဲ့ အီးယူနဲ့ တွေ့စဉ်မှာကတည်းက ဒီအကူအညီငွေတွေကို လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သီးခြားလက်ခံပြီး၊ လွတ်လွတ်လပ်လပ် ထိုက်သင့်သလို သုံးစွဲမှာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ က ဗွီအိုအေကို ပြောပါတယ်။
ဦးဝင်းမရ။ “လွတ်လပ်တယ်ဆိုတာ ဘယ်လိုနေရာမျိုးကို ကြည့်ရမလဲဆိုတာမှာ ကျနော်တို့ ဘတ်ဂျက်ကို ကိုယ့်ဘာသာ စီမံလို့ ရတယ်။ ဝန်ကြီးဌာနတခုရဲ့ အောက်မှာ ဝင်တာမျိုးမဟုတ်ဘူး။ National Institution တွေရဲ့ အဓိကအားနည်းချက်က ဘာလဲဆိုတော့ ကျနော်က ခြုံပြောရရင် ငွေလုံလုံလောက်လောက် မရှိခြင်း ပါပဲ။ ကျနော်တို့ ဆောင်ရွက်ချင်တဲ့ Project တွေအများကြီးရှိမယ်။ ဒါပေမဲ့ ငွေမရှိရင် လုပ်လို့ မရဘူး။ အစိုးရဘက်ကလည်း Grant နဲ့ ပေးတာကြောင့်မို့လို့ ပိုပိုလျှံလျှံကြီး ရှိချင်မှရှိမှာပေါ့။ အဲဒီတော့ အပြင် အဖွဲ့အစည်းတွေက ထောက်ပံ့တာကို ကျနော်တို့ လက်ခံကြရပါတယ်။ ကျနော်တို့ရဲက mandate ထဲမှလြည်း လက်ခံပိုင်ခွင့်ပေးထားပါတယ်။ ဒီတော့ အီးယူနဲ့တွေ့ပြီးဆွေးနွေးပါတယ်။ သူတို့ ကူညီမယ်ဆိုရင် ကျနော်တို့ လက်ခံမယ်လို့လည်း ပြောထားပါတယ်။ သူတို့ကူညီမယ်ဆိုရင် ကျနော်တို့ဘက်က စနစ်တကျ စာရင်းပြုစု ထားရှိပြီး သုံးစွဲနိုင်တဲ့ အနေအထားလည်း ရှိတယ်။ နောက်တခါ capacity Building အရည်အသွေး မြှင့်တင်ရေးအတွက်လည်း အကူအညီတွေပေးရင် ယူမယ်ဆိုတာလည်း ပြောထားတာရှိပါတယ်။”
ကိုသားညွန့်ဦး။ လူ့အခွင့်အရေးကော်မရှင်က ဘယ်လိုစနစ်နဲ့ ဖွဲ့စည်းထားပါလဲ။ ဆိုလိုတာက တခြားနိုင်ငံ တွေမှာတော့ mandate အရဆိုရင် လွှတ်တော်ကနေ ဖွဲ့စည်းပေးတယ်။ ခုကတော့ အစိုးရအဖွဲ့လို ဖြစ်နေ တယ်။
ဦးဝင်းမရ။ ဟုတ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပေးထားပါတယ်။ ဒါပေမဲ့ ဘာပေါ်မှာ အခြေခံလဲဆိုတော့ Constitution အဓိကအားဖြင့် Chapter 8 မှာပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဖော်ထုတ် ကျင့်သုံးဖို့ Constitution တွေကို ကိုးကားပြီးတော့ အစိုးရအဖွဲ့က ဖွဲ့စည်းပေးခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ mandate က Constitution ရဲ့ Chapter 8 မှာပါတဲ့ လူ့အခွင့်အရေးကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။
ကိုသားညွန့်ဦး။ အစိုးရက ဖွဲ့စည်းပေးတာဆိုတဲ့အခါကျတော့ လွတ်လပ်မှု Independent နဲ့ ပတ်သက်လို့ရော ထိခိုက်နိုင်မလား။
ဦးဝင်းမရ။ “ဒါကတော့ ပုံစံအမျိုးမျိုးရှိတာပေါ့။ Paris Principle အရ ကျနော်တို့ ဖွဲ့စည်းတဲ့အခါမှာ Constitution ထဲမှာ ပြဋ္ဌာန်းပြီးတော့ ဖွဲ့စည်းတာမျိုးရှိတယ်။ ဒါမှမဟုတ် လွှတ်တော်က ဥပဒေပြဋ္ဌာန်း ပြီးတော့ ဖွဲ့စည်းတာမျိုး ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း တုန်းကတော့ သမ္မတကနေ ခန့်အပ်ခဲ့ပါတယ်။ နောက် ၆နှစ်လောက်ကြာတဲ့အခါကျမှ ဥပဒေအရ လွှတ်တော်ကနေ ပြဋ္ဌာန်းပြီးတော့ ဖွဲ့စည်းခဲ့တယ်။ ကျနော်တို့ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Earlier Model အစောပိုင်းပုံစံအတိုင်း အခြေအနေအရ လိုအပ်လို့ လုပ်လိုက်တဲ့ ပုံစံအတိုင်းပဲ ဖြစ်ပါတယ်။”
လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းရာမှာ လက်ရှိအစိုးရက ဖွဲ့ပေးပြီး၊ အဖွဲ့ဝင်တွေဟာ လည်း စစ်အစိုးရ အရာရှိဟောင်းတေပါဝင်နေတာမို့ အစိုးရသြဇာက လွတ်လပ်ပါ့မလားဆိုတဲ့ စိုးရိမ်မှု တွေ တော့ရှိပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းတာကို ကြိုဆိုပေမဲ့ ဒီအဖွဲ့ရဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက် ပိုင်ခွင့်ကိုတော့ စောင့်ကြည့်သွားမှာ ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ စိုးရိမ်မကင်းဖြစ်မှုကို ထုတ်ဖော်ပြောခဲ့ပါတယ်။