မြန်မာ ၁၁ ဦးပါတဲ့ တောင်ကိုရီးယားသင်္ဘောကို ဆိုမာလီယာ ပင်လယ်ဓားပြ ပြန်ပေးဆွဲ

  • VOA

မြန်မာ ၁၁ ဦးပါတဲ့ တောင်ကိုရီးယားသင်္ဘောကို ဆိုမာလီယာ ပင်လယ်ဓားပြ ပြန်ပေးဆွဲ

မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်တဲ့ တောင်ကိုရီးယား သင်္ဘောတစင်းကို ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲလိုက်ပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲမှာ စနေနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် သင်္ဘောသား ၂၁ ဦး ရှိနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား ၈ ဦး၊ အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁၁ ဦး ပါဝင်တဲ့ တန်ချိန် တသောင်းရှိတဲ့ ကုန်သင်္ဘောဟာ ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ Samho Shipping ကုမ္ပဏီပိုင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တောင်ကိုရီးယားတောင်ပိုင်း Busan ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီပါ။

ဒီသင်္ဘောဟာ United Arab Emirates ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံကိုအသွား အိန္ဒိယသမုဒ္ဒရာထဲမှာ ပင်လယ်ဓားပြတွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘော အခုဘယ်မှာရောက်နေတယ် ဆိုတာကို တိတိကျကျ မသိရသေးပေမဲ့ သင်္ဘောပေါ်မှာ ပါသွားသူတွေ ထိခိုက်မှု တစုံတရာ ရှိပုံမရဘူးလို့ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ အခုထိ သင်္ဘော ၇ စင်းကို ပြန်ပေးဆွဲခဲ့ကြပြီး ဒီအထဲမှာ အများစုဟာ အိုမန် (Oman) ကမ်းလွန်ဒေသမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

အခုသင်္ဘော ပြန်ပေးဆွဲမှုကနေ ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ သင်္ဘော စုစုပေါင်း ၃၁ စင်း ရှိသွားပြီ ဖြစ်ပါတယ်။ သူတို့ဟာ ဓားစာခံပေါင်း ၆၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အီးယူ ဥရောပသမဂ္ဂ ရေတပ်က ပြောပါတယ်။