လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဘတ်ဂျက်ကိစ္စဆွေးနွေးမည်

လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဘတ်ဂျက်ကိစ္စဆွေးနွေးမည်

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ တတိယပုံမှန် အစည်းအဝေးတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြန်လည် ကျင်းပသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ အစိုးရထုတ်သတင်းစာတွေ ထဲမှာ ကြေညာ ထားပါတယ်။ ဒီတခါ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲတွေကို ပြန်ကျင်းပတဲ့အခါကျရင် ၂၀၁၂-၂၀၁၃ ရ/သုံး မှန်းခြေ ငွေစာရင်း ခွဲဝေသုံးစွဲရေးကိစ္စကို အဓိကထား ဆွေးနွေးကြဖို့ ရှိနေပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နိုင်ငံရဲ့ရ/သုံးမှန်းခြေ ငွေစာရင်း Budget ကို လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်ပင်ဆွေးနွေးကြမှာဟာ ဘယ်လောက်ထူးခြားမှုရှိနိုင်ပါသလဲ၊ ဘယ်လို အခက်အခဲတွေ ရှိနိုင်သလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါမယ်။

နှစ်သစ်မှာ ပြန်စမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် ရ/သုံးမှန်းခြေ ငွေစာရင်း Budget ဥပဒေကို အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက VOA ကိုပြောပါတယ်။

“ဘတ်ဂျက်ပေါ့နော်၊ လာမယ့်နှစ်အတွက် ရ/သုံး ခန့်မှန်းခြေ ငွေစာရင်းဥပဒေပါ။ တနှစ်စာ တနှစ်စာကို ဥပဒေတရပ်အနေနဲ့ ပြဌာန်းရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဥပဒေကို အဓိကထားပြီးတော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဘတ်ဂျက်နဲ့ ပတ်သက်လို့ ပွင်းလင်းမှု မရှိခဲ့တာကြောင့် အခုလို လွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဘတ်ဂျက်ဥပဒေကြမ်းဆွေးနွေးကြမှာဖြစ်လို့ ထူးခြားတယ်လို့ ဗဟု ဖွံ့ဖြိုးမှုအဖွဲ့က သုတေသီ ကိုအောင်သူငြိမ်းက မြင်ပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင်တော့ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ တလျှောက်လုံးပေါ့နော်-ဒီ ဘတ်ဂျက်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းကို မရှိခဲ့ဘူးပေါ့နော်။ နောက်တခုက ၁၉၉၆ ခုနဲ့ ဒီဘက်နောက်ပိုင်းလောက် ကစပြီး အစိုးရရဲ့ တရားဝင် ရ/သုံးငွေ စာရင်းရှင်းတမ်းပေါ့-ဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာတွေက မရှိခဲ့ဘူးပေါ့နော်၊ အခုချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ စပြီး ဆွေးနွေးရမယ် ဆိုတဲ့အခါ ကျတော့ ဒါ-ပြောရမယ်ဆိုလို့ရှိရင် တော်တော်တော့ ထူးခြားတဲ့ကိစ္စလို့ ကျနော်တော့ ထင်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံရဲ့ ရ/သုံးမှန်းခြေငွေစာရင်း Budget ဆိုင်ရာ ဥပဒေတွေကို လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာပဲ တင်ပြဆွေးနွေး အတည်ပြုကြရမှာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဘတ်ဂျက်အတွက် လွှတ်တော်မှာ ပထမဆုံးဆွေးနွေး အတည်ပြုမှာလည်း ဖြစ်တာမို့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ဘယ်လို အခက်အခဲတွေ ရှိနိုင်ပါသလဲ။

“အရင်တုန်းက ဘတ်ဂျက်ကိစ္စတွေကို လေ့လာတဲ့အခါမှာ ဘာသွားတွေ့သလဲဆိုတော့ တချို့ ဝန်ကြီးဌာနတွေက ကျပ်ငွေပဲ သုံးခွင့်ရှိတဲ့ ဝန်ကြီးဌာနတွေရှိတယ်။ တချို့ဝန်ကြီးဌာနတွေကျတော့ ကျပ်ငွေအပြင် ဒေါ်လာကိုင်ပြီးတော့ သုံးခွင့်ရှိတဲ့ ဝန်ကြီးဌာနတွေကိုလည်း တွေ့ရတယ်။ ဆိုလိုတာက သူတို့ဒေါ်လာကိုင်ပြီး သုံးတဲ့အခါကျတော့ တဒေါ်လာကို ၆ ကျပ်နဲ့တွက်ပြီးတော့ သုံးတာပေါ့ဗျာ၊ အဲလို အနေအထားမှာ ကျပ်ငွေနဲ့ပြတဲ့အခါကျတော့ စာရင်းအရ မများဘူး။ ဒါပေမယ့် ဒေါ်လာအရသုံးမယ် ဆိုရင် သူ့ရဲ့အသုံးတန်ဖိုးဟာ ပိုပြီးတော့ အများကြီးရှိနေတဲ့ အနေအထားပေါ့နော်။ ဆိုတော့ အခု လာမယ့် လက်ရှိလွှတ်တော်မှာ ဘတ်ဂျက်ဆွေးနွေးတဲ့အခါမှာလည်း ကျနော်ခန့်မှန်းကြည့်တာတော့ ကြုံရနိုင်တဲ့ ပြဿနာတွေက ဘယ်ဝန်ကြီးဌာနတွေက ဒေါ်လာသုံးခွင့်ရှိမှန်း ကျနော်တို့သေချာ မသိရ ဘူး။ ဘယ်ဝန်ကြီးဌာနတွေက ဒေါ်လာသုံးခွင့်မရှိဘူးလဲ၊ ကျပ်ငွေသက်သက်ပဲ သုံးခွင့်ရှိသလဲပေါ့- ဒါတွေက ကျနော်တို့မသိရဘူးခင်ဗျ။ မသိရတဲ့အခါကျတော့ ကျနော်ထင်တယ်၊ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေအနေနဲ့လည်း အများကြီးအခက်အခဲ ရှိနိုင်တာပေါ့နော်။

နောက်တခုကကျတော့ ကျနော်တို့တိုင်းပြည်မှာ ငွေလဲနှုန်းကတသမတ်တည်းမဟုတ်သေးဘူး။ အစိုးရငွေလဲနှုန်းက ၆ ကျပ်ကျော်ကျော်၊ အပြင်ပေါက်ဈေးက အခုဆိုရင် ၈၀၀ ပတ်ဝန်းကျင်လောက် ဆိုတဲ့အခါကျတော့- ဒီလိုကွာဟချက်တွေလည်း ရှိနေတယ်ဆိုတဲ့အခါကျတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ရ/သုံး ခန့်မှန်းခြေ ငွေစာရင်းကိုတွက်တဲ့အခါ တော်တော်လည်း အခက်အခဲ ရှိလိမ့်ဦးမယ်လို့ ထင်တယ်ခင်ဗျ။”

ပြီးခဲ့တဲ့ လွှတ်တော်စည်းဝေးပွဲတွေ အဆုံးမသတ်ခင်တုန်းက ဝန်ကြီးဌာနတချို့ကို ပေါင်းလိုက်တာ မျိုးလည်း ရှိတာမို့ ရသုံးမှန်းခြေတွက်တဲ့ အခါမှာ ပြန်ညှိနှိုင်းဖို့လိုလိမ့်မယ်လို့ ကိုအောင်သူငြိမ်းက ပြောပါတယ်။

အရင် စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေထက်ကို အဆပေါင်းများစွာအသုံးပြုတယ်ဆိုပြီး အမြဲ ဝေဖန် ထောက်ပြခံခဲ့ရပါတယ်။ ဒီနှစ် မတ်လ ၃၁ ရက်နေ့အထိ အကျုံးဝင်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ရ/သုံးမှန်းခြေ ငွေစာရင်းကို ပထမအကြိမ် လွှတ်တော်စည်းဝေးပွဲတွေ စဖို့ ရက်ပိုင်းအလို ၂၀၁၁ ဇန်နဝါရီလမှာ မြန်မာစစ်ကောင်စီက ခွဲဝေသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Budget အရ ကာကွယ်ရေးအသုံးစရိတ်ကို ၂၅ % လောက် အသုံးပြုထားပြီး ပညာရေးအသုံး စရိတ်က ၄ % ကျော်ကျော်လေးနဲ့ ကျန်းမာရေး အသုံးစရိတ်က ၁.၃ % ကိုပဲ သုံးစွဲထားတာ တွေ့ရပါတယ်။

အခုတခါတော့ ဘတ်ဂျက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး ဆွေးနွေး အတည်ပြု ကြမှာမို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ တိုင်းပြည်အတွက် အဓိက လိုအပ်တဲ့ ကဏ္ဍတွေမှာ ဘတ်ဂျက် များများသုံးစွဲရေး တင်ပြဆွေးနွေးဖို့ရော အစီအစဉ်ရှိမှာပါလား။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ ရှိပါတယ်တဲ့။

“ကျနော်တို့အနေနဲ့ကတော့ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို GDP ရဲ့အနည်းဆုံး ၁၀ % စီလောက် ထားပေးဖို့၊ ဒါမှလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူရည်တူရှိပါမယ်။ ဒါတွေကို ကျနော်တို့က တင်ပြဆွေးနွေးသွားမှာပါ။ အခုဟာကတော့ ပြည်သူ့ကိုယ်စားလှယ်တွေပါလာပြီ၊ ပါပြီးတဲ့အခါကျတော့ ပြည်သူ့ကိုယ်စားလှယ်တွေကိုယ်တိုင် ဝင်ပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ ဘတ်ဂျက်တွေကို ပိုပြီးတော့ များများစားစား၊ ထိထိရောက်ရောက်သုံးနိုင်ဖို့ပေါ့နော်၊ ဝင်ရောက်ဆွေးနွေးနိုင်တဲ့အနေအထား ရလာပါပြီခင်ဗျ။”

နိုင်ငံတခုရဲ့ ရ/သုံးမှန်းခြေ ငွေစာရင်းကို ရေးဆွဲတဲ့အခါမှာ နိင်ငံရဲ့ ဝင်ငွေဘယ်လောက် ရှိသလဲ ဆိုတာကလည်း အဓိက အရေးပါတဲ့အတွက် ဘတ်ဂျက် ရေးဆွဲကြမယ့်သူတွေအနေနဲ့ ဒီကိစ္စအပေါ် ရှင်းရှင်းလင်းလင်း သိထားဖို့လိုအပ်တယ်လို့ သုတေသီကိုအောင်သူငြိမ်းက ထောက်ပြပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေရဲ့ ပထမအကြိမ် တတိယ ပုံမှန်စည်းဝေးပွဲတွေကို တော့ ဇန်နဝါရီလ ၂၆ နေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ ဒီလွှတ်တော်စည်းဝေးပွဲတွေ ပြန်စတဲ့ အခါမှာလည်း အရင်တခေါက် လွှတ်တော်မှာ မပြီးပြတ်ခဲ့တဲ့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကြမ်းတွေကို ဆက်ပြီးဆွေးနွေးသွားဖို့ ရှိပါတယ်ရှင်။