ကျွန်မက နူးပန်ပါ။ တိုင်းရင်းသား ဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်စုက ကရင်ရွာကလေးတရွာမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲကို မနေ့က မနက်မှာ ပြုလုပ်ခဲ့ရာမှာ ကရင်ပြည်သူတွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် စောသူရိန်က ပြောပါတယ်။
ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆန္ဒပြသူတွေရဲ့ လုံခြုံရေးအတွက် စစ်အာဏာပိုင်တွေ လက်လှမ်းမမှီတဲ့ ကရင့်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေအနီးက ကလိုတုတ်ရွာကိုရွေးပြီး ဆန္ဒပြပွဲကို ပြုလုပ်တာလို့ စောသူရိန်က ပြောပါတယ်။
ဒီကနေ့ကတော့ အဲဒီရွာကို စစ်တပ်တွေ ရောက်လာပြီး ရေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာဥက္ကဋ္ဌတွေ အားလုံးကို နိုဝင်ဘာ ၄ ရက်နေ့မှာ ရေးမြို့နယ် မ.ယ.က ရုံးကို ဆင့်ခေါ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
………………………………….
ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲကာလအတွင်း မဲရုံစောင့်အဖြစ် နယ်တွေမှာတာဝန်ပေးခံရတဲ့မြို့ပေါ်က အစိုးရဝန်ထမ်းတွေ နယ်မဆင်းခင် ကြိုတင်မဲပေးရာမှာ ကိုယ်ထည့်ချင်တဲ့ပါတီကို နှုတ်နဲ့ပြောရမှာ ဖြစ်တဲ့အတွက် ကြိုတင်မဲပေးမယ့် အစိုးရဝန်ထမ်းတွေ အနေနဲ့ အခက်တွေ့နေကြတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
မဲရုံတာဝန်ကျ ဝန်ထမ်းတွေအနေနဲ့ နယ်မဆင်းခင် ကြိုတင်မဲပေးရမှာ ဖြစ်ပြီး လောလောဆယ်မှာ မဲပြားတွေ မရောက်သေးတာကြောင့် ဘယ်ပါတီကို မဲထည့်မယ်ဆိုတာ ပါးစပ်ကပြောပြီး သက်ဆိုင်ရာက မဲပြားမှာ ခြစ်ပေးရမှာ ဖြစ်တယ်လို့ အစိုးရ ဝန်ထမ်းတယောက်က ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က မဲပုံးနဲ့ ကြိုတင်မဲပေးစာရင်းတွေကိုသာ နယ်တွေမှာ ပို့ပေးထားနိုင်ပြီး မဲပြားတွေကိုတော့ အခုထိ နယ်စွန်နယ်ဖျား ဒေသတွေမှာ မပို့နိုင်သေးဘူးလို့ သိရပါတယ်။
…………………..
ဖားကန့်ဒေသမှာရှိတဲ့ ကုမ္ပဏီ အလုပ်သမားတွေကို သီးသန့်မဲပေးဖို့အတွက် ကြံ့ဖွံ့ပါတီက ဆောင်ရွက်နေတဲ့အပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီကနေ့ စာတင်လိုက်တယ်လို့ ပါတီတာဝန်ရှိသူတယောက်က ပြောပါတယ်။
ကုမ္ပဏီ ၁၇ ခုက အလုပ်သမား ၃ သောင်းလောက်ကို ရွာထဲမှာရှိတဲ့ မဲရုံတွေမှာ မဲထည့်ခွင့်မပေးဘဲ သက်ဆိုင်ရာ ကုမ္မဏီတွေမှာ ဖွင့်ထားတဲ့ မဲရုံတွေမှာပဲ မဲထည့်ရမယ်ဆိုပြီး ကန့်သတ်ချက်ထုတ်ထားတာဟာ ပွင့်လင်းမြင်သာမှု မရှိနိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ကျားဖြူ ပါတီက ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲမထည့်ဘူးဆိုရင် စီးပွားရေး လုပ်ပိုင်ခွင့်တွေ ပိတ်ပင်ခံရမယ်၊ အလုပ်လုပ်ပိုင်ခွင့်သက်တမ်း တိုးမပေး တော့ဘူးလို့ အာဏာပိုင်တွေက ကုမ္ပဏီတွေကို ဖိအားပေးမှုတွေလည်း ရှိနေတယ်လို့ ကျားဖြူပါတီက ပြောပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ မနေ့ကစပြီး ညမထွက်ရ စစ်အုပ်ချုပ်ရေးအမိန့်၊ မာရှယ်လောချမှတ်ထားတယ်လို့ လွိုင်ကော်ဒေသခံတွေ က ပြောပါတယ်။ အင်တာနက်ဆိုင်တွေကို ည ၈ နာရီခွဲ ပိတ်ရမယ်၊ ပြီးတော့ ည ၁၀ နာရီနောက်ပိုင်း ဘယ်သူမှ အပြင်မထွက်ရဘူးလို့ မြို့မ ရဲစခန်းက ဖုံးဆက်လာတယ်လို့ အင်တာနက်စောင့်တယောက်က ပြောပါတယ်။ အခုလို မာရှယ်လော ချထားရတာဟာ ဖောက်ခွဲရေးသမားတွေ ဝင်ရောက်လာမှာကြောင့်ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ ဧည့်စာရင်းတွေကိုလည်း ညတိုင်းစစ်ဆေးတဲ့အပြင် ရဲနဲ့စစ်တပ်တွေက ကင်းလှည့်စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။
…………………………..
ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာတပုတ်ကို ကြားကြရမှာပါ။
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသမှာ လူအများစုဟာ ဆန္ဒမဲ ပေးဖို့ နာမည်စာရင်းမပါရှိဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဖားကန့်မှာ မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်အုန်းမြင့်က ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်းပါတီဖြစ်တဲ့ ကျားဖြူပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတွေကလည်း အားကောင်းပါတယ်။ ဘယ်သူတွေ မဲပေးခွင့်ရပြီး ဘယ်သူတွေ မဲဘယ်လိုပေးကြရမလဲဆိုတာ ဆိုင်းဂျာက စုစည်းထား ပါတယ်။
……………
ဖားကန့်မြို့မှာ နေထိုင်ကြတဲ့ လူဦးရေ ၁ သိန်း ကျော် ရှိတဲ့အထဲမှာ ရပ်ရွာတွေမှာ မဲပေးရမယ့် ဒေသခံ စာရင်းမှာ ၃၆၀၀ သာပါဝင်တယ်။့ဖားကန့်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ကချင်လိုပြောပါတယ်။
“မဲစာရင်းမပါတဲ့ လူတွေအများကြီးပဲ။ အိမ်တစ်အိမ်မှာတောင် မိန်းမ ပါရင် ယောက်ကျားမပါ၊ ယောက်ကျားပါရင် မိန်းမ မပါဘူး။ မဲ ကော်မရှင ရုံးကို ဖုန်းဆက်ကြည့်လိုက်တော့ သူတို့ ထည့်ရမယ့် နေရာမှာ သွားပြောပါလို့ ပြောတယ်၊”
ဖားကန့်မြို့နယ်မှာ လူတွေမှာ ဒေသခံအနည်းငယ်သာရှိပြီး အနယ်နယ်အရပ်ရပ်မှ ကျောက်စိမ်းလုပ်ငန်း၊ ရွှေလုပ်ငန်းလာရောက် လုပ်ကိုင်ကြ တဲ့ ဒေသခံမဟုတ်တဲ့ ပြည်သူတွေ ပိုများတယ်လို့ ဒေသခံတယောက်က ကချင်လိုပြောပါတယ်။
“ကုမ္မဏီ၊ ကျောက်တူး၊ လုပ်ကွက်ဆွဲ ၊ ဘက်ဖောင်းမောင်းတယ်၊ ဆယ်ဘိမ်းကားမောင်းတယ်၊ ဒီမျာ ကြည့်ကြပ်ရေးလုပ်တယ်၊ ရေမဆေးကောက်တယ်၊ တစ်ရာ ရာခိုင်းနှုန်းဆို ဒီမှာ ၃၀ ရာခုန်းနှုန်းပဲ ၇၀ က အပြင်ကလူတွေပဲ”
ဒါပေမယ့်လည်း ဖားကန့်မှာရှိတဲ့ ကျောက်ကုမ္ပဏီ ၁၇ ခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိုတော့ သီးသန့်မဲ ထည့်ဖို့ အစီအစဉ် လုပ်ထားတယ်လို့ ဖားကန့်မှာရှိတဲ့ ကျားဖြူပါတီဝင်တယောက်က ပြောပါတယ်။
ဒီလို သီးသန့်မဲထည့်ရမယ်ဆိုရင် ကျောက်စိမ်းကုမ္ပဏီတွေ အပေါ်မှာ အစိုးရ သြဇာရှိတာကြောင့် မဲထည့်မှုဟာ မမျှမတ ဖြစ်လာနိုင်တယ်လို့ ကျားဖြူပါတီက ပြောပါတယ်။ အဲဒါအပြင် ဖားကန့်မြို့နယ်အတွင်းမှာ အကျုံးဝင်တဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသက လူအများစုလည်း မဲစာရင်းထဲ မပါဘူးလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“အခု ကဆူဇွပ်မှာ ဒေသခံတွေက မဲထည့်မယ်လို့ ပြောတဲ့အခါမှာကြတော့ နင်တို့က လွန်ခဲ့တဲ့ ၁၀နှစ်လောက်က တနိုင်းဘက်မှာ နေကြ တယ်လေ၊ ကော်မတီရုံးက နင်တို့ အိမ်ထောင်စုတွေက တနိုင်းမှာရှိတယ်၊ သွားတနိုင်းမှာ သွားထည့်ကြလို့ ပြောတယ်၊”
ကဆူဇွပ်မှ တနိုင်းမြို့နယ်ထံသွားရန် ကားသုံးစီး ပြောင်းစီးရပြီး တစ်ရက်ခရီးသွားရမှာဖြစ်တဲ့အတွက် တနိုင်းဒေသခံတွေအတွက် မဲထည့်ရန် အခက်အခဲ ဖြစ်ကြရပါတယ်။
ဒါကြောင့် ဖားကန့်မှာရှိတဲ့ လူ ၁ သိန်းကျော် အနက်မှာ လူပေါင်း သုံးထောင်ကျော်သာ ရပ်ကွက်တွေထဲက မဲရုံတွေမှာ မဲထည့်ရမှာဖြစ်ပြီး လူပေါင်း နှစ်သောင်းကျော်ကတော့ သီးသန့်အစီအစဉ်နဲ့ မဲထည့်ရမှာပါ။ ကျန်တဲ့ လူဦးရေ ၇၀ ရာနှုန်း လောက်ကတော့ မဲထည့်ခွင့်ရမှာ မဟုတ်ပါဘူးရှင်။