ရွေးကောက်ပွဲကို လက်မခံတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြည်တွင်းမှာ နိုး-သမားတွေလို့ ဆိုကြပါတယ်။ ရွေးကောက်ပွဲကို ဝင်မယ့်သူတွေ၊ ပါတီတွေကိုတော့ နိုးနိုး သမားတွေ…လို့ ပြောကြပါတယ်။ ဖြစ်နိုးနိုး…ဟုတ်နိုးနိုး…ရနိုးနိုး..နဲ့ မရေရာ မသေချာတဲ့ လူတွေလို့ ဆိုလိုတာပါ။
အမှန်အတိုင်းပြောရရင် လက်ရှိရွေးကောက်ပွဲသာ ဝင်ကြရမှာဖြစ်ပေမယ့် သူတို့ကိုယ်တိုင် ရေရာသေချာမှု မရှိပါဘူး။ နိုင်ငံရေးဆိုတာ မရေရာ မသေချာတာတွေ ရှိမှာပဲလို့ ဆင်ခြေ ပေးကောင်းပေးကြပါလိမ့်မယ်။ တကယ်တော့ ရွေးကောက်ပွဲ ဆိုတာ ပြည်သူတွေရဲ့ အကျိုးကို ဖော်ဆောင်ပေးမယ့် အခွင့်အာဏာအတွက် တာဝန်ခံမယ့်သူကို ရွေးချယ်တာပါပဲ။
အခုဆိုရင် သူတို့ကိုယ်သူတို့ ဒီမိုကရက်တစ် အင်အားစုလို့ ပြောကြသူတွေရဲ့ ပါဝင် ယှဉ်ပြိုင်နိုင်စွမ်းဟာ ဘယ်လောက်များ ရှိပါသလဲ။ မီဒီယာတွေကတဆင့် အားလုံး သိပြီးဖြစ်မှာပါ။
အများဆုံးပြိုင်နိုင်တဲ့ ပါတီတောင်မှ ကိုယ်စားလှယ် ၁၆၀ ကျော်ပဲရှိတယ်။ တနိုင်ငံလုံး ကိုယ်စားလှယ် ၁ ထောင်ကျော် ယှဉ်ပြိုင်ရမှာနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁၀% သာသာ လောက်ပဲ ရှိပါတယ်။ စာရေးဆရာကြီးတယောက်က ပြောဖူးတယ်။ လွှတ်တော်ထဲမှာ မျက်နှာသိတွေချည့်ပဲ ပြန်ဆုံကြမယ်ဆိုရင် ပြည်သူလူထုက ဘာမှ မမျှော်လင့်နိုင်ဘဲ စိတ်မသက်မသာ ဖြစ်ကြရအုံးမှာပဲတဲ့။ ဆိုလိုတာက သူတို့စိတ်ကြိုက် ကြိုတင်အကွက်ချထားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့တွေချည့် ပြန်ဖြစ် နေမယ်ဆိုတဲ့ သဘောပါပဲ။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ဟောပြောချက်တွေမှာလည်း ပြည်သူကို ရဲရဲဝံ့ဝံ့ အာမခံပြီး ပြောနိုင်တဲ့ အခြေအနေ မရှိပါဘူး။ အစိုးရရဲ့ ဘောင်ထဲက မကျော်အောင် ပြောနေရတာက ခပ်များများပါ။
ဒီမိုကရက်တစ် အင်အားစုတွေ ဟောပြောမယ့် မိန့်ခွန်းတွေကို တည်းဖြတ်ကန့်သတ်တာတွေ ကြုံရတယ်လို့ သိရပါတယ်။ ထုတ်လွှင့် ဟောပြောတဲ့ ဟောပြောချက်တွေဟာ အသက်မပါသလို၊ ဆားမပါတဲ့ဟင်းလို ဘာရသမှ ပေါ်လွင်တာမျိုး မရှိပါဘူး။ ကိုယ်ဖြစ်ချင်တာကို ပြောခွင့်တောင် မရှိတဲ့ အခြေအနေမှာ ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ကြတဲ့ ပုဂ္ဂိုလ် တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ပါရာဒိုင်း ရွှေ့မယ့် နည်းလမ်းလို့ ကျား..ကျား၊ မီးယပ် လုပ်နေကြတာပါ။
ရွေးကောက်ပွဲကို လက်မခံတဲ့ နိုးသမားတွေမှာလည်း အော်လ်တာ နေးတစ်ဖ် (Alternative) ရှိပါတယ်။ ဘကြီးဘဘေ ပြောခဲ့သလို လူထု တိုက်ပွဲနဲ့ အဆုံးသတ်၊ End Game လုပ်နိုင်ရင် ဗီယက်နမ်တွေရဲ့ လရောင်ထိုးစစ်လို ပုံအောနိုင်ရင် လားရာပန်းတိုင် ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်က အချင်းချင်း ငြင်းခုန်နေကြရမယ့် အချိန်မဟုတ်တော့ပါဘူး။
ရွေးကောက်ပွဲဝင်မယ့်သူတွေ အနေနဲ့ ကိုယ့်အခြေအနေ ကိုယ်သိပြီး ရွေးကောက်ပွဲကနေ နှုတ်ထွက်၊ အင်အားစု အကုန်လုံး အားဖြည့် ပူးပေါင်းပြီး အဆုံးသတ်တိုက်ပွဲ နွှဲကြဖို့ပါပဲ။
အနှစ်နှစ်ဆယ်ကို အပြစ်ပုံချနေမယ့်အစား ယူသင့်တဲ့ သင်ခန်းစာတွေယူပြီး လရောင်ထိုးစစ် စကြဖို့ အချိန်တန်ပြီလို့ပဲ အကြံပြု တိုက်တွန်းလိုက်ပါတယ်။