ဗိုလ်ချုပ်တွေ ရွေးကောက်ပွဲက ဘာများထွက်လာနိုင်မလဲ

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကတော့ တဖြည်းဖြည်း နီးကပ်လာပါပြီ။ နီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကလည်း ဟိုမှာ ဒီမှာ မျိုးစုံအောင် ကြားနေရပါတယ်။ အထူးသဖြင့်တော့ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲဥပဒေကို ကျော်လွန်ပြီး စည်းရုံးလှုပ်ရှားမှုတွေ၊ လက်ရှိအာဏာ ပါဝါနဲ့လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ ဖိအားပေးနေတာတွေအကြောင်း တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး ကြားနေရတာ နားမဆံ့အောင်ပါပဲ။

တပြိုင်တည်းမှာပဲ ဒီမိုကရေစီအင်အားစုလို့ ဆိုနိုင်တဲ့သူတွေ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကတော့ အချိန်- ငွေကြေးမလုံလောက်မှုတွေ၊ ဥပဒေ ပုဒ်မတွေနဲ့ ကန့်သတ်ထားမှုတွေကြားမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာပါ။

အဲဒီလို ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေ ကြားနေရတဲ့အထဲမှာ စိတ်ပျက်ဖွယ်ရာအကောင်းဆုံးသတင်းကိုတော့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ပိုင်းမှာ ကြားလိုက်ရပါတော့တယ်။ မြန်မာနိုင်ငံတော် အလံသစ် တင်တဲ့သတင်းပါ။ ကြားကြားချင်း ဟုတ်မှ ဟုတ်ရဲ့လား၊ ဘယ်လိုကြီးလဲ။ အချင်းချင်း မေးကြ ဝေဖန်ကြနဲ့ပေါ့။

ရွေးကောက်ပွဲလည်း မကျင်းပရသေးဘူး၊ ပြည်သူ့လွှတ်တော်တွေလည်း မပေါ်ပေါက်သေးဘူး။ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း စတင် အသက်ဝင်ခြင်း မရှိသေးဘူး။ အဲဒီလို အချိန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသစ်က ပြဌာန်းသတ်မှတ်ထားတဲ့ အလံသစ်ကိုတင်တယ်၊ အလံဟောင်းကို ဖြုတ်ချတယ်ဆိုတော့ ဒီသတင်းထက် အံ့သြစရာကောင်းတဲ့သတင်း ဘာများရှိအုံးမှာလဲ။

အဲဒီလို အလံသစ်တင်တဲ့အခမ်းအနားကလည်း ညနေ ၃ နာရီ။ စီရင်ဆောင်ရွက်ပုံတွေ ကြားရတာကလည်း ယတြာ အစီအမံတွေဆိုတာ အားလုံး သဘောပေါက်နေကြတယ်။ ၂၁ ရာစုခေတ်ကြီးထဲမှာ၊ Global ခေတ်ကြီးထဲမှာ၊ IT ခေတ်ကြီးထဲမှာ ကျနော်တို့ ခေါင်းဆောင်ဆိုသူများ နိုင်ငံ့အကြီးအကဲ ဆိုသူများက ဟိုး… လွန်ခဲ့တဲ့ အနှစ် ၂၀၀ ကျော် ၃၀၀ ကျော်လောက်က ပဒေသရာဇ်တွေလို ကျင့်သုံးနေတာတွေ့ရတော့ တကယ့်ကို စိတ်ပျက်စရာ ခေတ် နောက်ပြန်ဆွဲတဲ့ လုပ်ရပ်တွေပါပဲ။

အခြေခံဥပဒေသစ်ဟာ ပြည်ထောင်စုလွှတ်တော်စတင်ခေါ်ယူတဲ့နေ့မှ စပြီး အသက်ဝင်မှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် အသက်ဝင်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားတာတွေကို စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုတော့ ရွေးကောက်ပွဲကျင်းပဖို့ ၂ ပတ်လောက်တောင် လိုသေးတဲ့ အချိန်မှာ အလံအသစ်ကို တင်ခဲ့ပါပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လက်မှတ်နဲ့ အမိန့် ထုတ်ပြန်ဆောင်ရွက်ခဲ့တာပါ။

ဒီဖြစ်ရပ်ကိုကြည့်ရင် တရားဥပဒေဆိုတာ ဘယ်မှာလဲ လို့ မေးစရာဖြစ်နေပါပြီ။ ကျနော်တို့ မကြာခဏ ပြောလေ့ရှိကြသလိုပါပဲ။ ဥပဒေက မည်သို့ပင် ဆိုစေကာမူ…ဆိုသလိုပါပဲ။ န.အ.ဖ စစ်ဗိုလ်ချုပ်တွေဟာ ဥပဒေကို လိုတဲ့အခါ ထုတ်သုံးမယ်၊ မလိုတဲ့အခါ ချောင်ထိုးထားမယ်ဆိုတဲ့ လုပ်ရပ်တွေဟာ ကျနော်တို့ အမြဲ ကြုံခဲ့ကြရတယ်မဟုတ်လား။ အဲဒီလို အခြေအနေမှာ စစ်ဗိုလ်ချုပ်တွေကျင်းပပေးတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံကြမယ့် ခါတော်မီ နိုင်ငံရေးပါတီတွေ မျှော်လင့်ချက်တခွဲသားနဲ့ ဝင်ပြိုင်ကြတာ အံ့စရာပါပဲ။

ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးရဲ့ ထွက်ပေါက်ဖြစ်တယ်၊ ရွေးကောက်ပွဲဟာ အရွေ့တခုဖြစ်တယ်၊ နိုင်ငံရေးကွက်လပ်တခုဖြစ်တယ်လို့ တစာစာအော်ပြီး ရွေးကောက်ပွဲဝင်ခဲ့သူတွေဟာ အခုတော့ န.အ.ဖ ရဲ့ မြံှုးထဲကငါးတွေလိုဖြစ်နေပါပြီ။ ထွက်ပေါက်-ဆိုတာထက် ထောင်ချောက်ဖြစ်တယ်ဆိုတာ သူတို့ ရိပ်စားမိနေလောက်ပါပြီ။

အရပ်စကားနဲ့ပြောရရင်တော့ ရပ်ကွက်ထဲမှာ အသုဘတခုရှိတယ်။ အသုဘရှင်တွေက ဆွေမရှိ၊ မျိုးမရှိ၊ ရပ်ကွက်နဲ့လည်း အဆင်မပြေ၊ မတည့်ကြသူတွေ ဆိုတော့ အသုဘအိမ်မှာ လူမရှိ။ လူမရှိတော့ လူစည်အောင် ဖဲဝိုင်းထောင်၊ အဲဒီ ဖဲဝိုင်းထောင်ပေမဲ့ ရိုက်မယ့်သူက အိမ်မပြည့်။ အိမ်မပြည့်တော့ အသုဘ ဖဲဝိုင်း စည်အောင်ဆိုပြီးတော့ ငွေထုတ်ပေးပြီး အိမ်ဖြည့်ဝင်ရိုက်ခိုင်းသလိုပါပဲ။

အဲဒီလိုပြောလို့ ရွေးကောက်ပွဲဝင်မယ့် သူတွေကို ဝေဖန်တာ မပြင်းထန်လွန်းဘူးလားလို့ ဆိုစရာရှိပါတယ်။ မပြင်းထန်ပါဘူးခင်ဗျာ။ ပျော့တောင် ပျော့နေ သေးတယ်လို့ ဆိုချင်ပါတယ်။ ဘာ့ ကြောင့်လဲ။ အခု လက်တွေ့ပါပဲ။ ရွေးကောက်ပွဲက ဘယ်ဆီနေမှန်းမသိသေးဘူး။ အတွင်းရေးမှူး (၁) ဆိုသူ သီဟသူရ တင်အောင်မြင့်ဦး အမိန့်ထုတ်ပြန်ပြီး တိုင်းဒေသကြီးလို့ ခေါ်ဝေါ် သုံးစွဲစေတယ်။

ဟော- အခု ဗိုလ်ချုပ်မှူးကြီးက လက်မှတ်ထိုး အမိန့်ထုတ်ပြန်ပြီး အလံသစ်ပြောင်းပြန်တယ်။ ဘယ်မလဲ ဥပဒေ၊ ဘယ်မလဲ အခြေခံဥပဒေ။ အဲဒီလို စစ်ဗိုလ်ချုပ်တွေကျင်းပပေးတဲ့ ရွေးကောက်ပွဲကြီးက ဘာများထွက်ပေါ်လာမှာလဲ။ အဲဒီရွေးကောက်ပွဲကြီးရဲ့ ဟိုမှာဘက်မှာရော ဘယ်လို အပြောင်း အလဲတွေများ ဖြစ်ပေါ်လာနိုင်မှာလဲ။