သချာၤပုစ္ဆာ မဟုတ် သီအိုရီ ထုတ်စရာမလိုတဲ့ နိုင်ငံရေး

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

မြန်မာနိုင်ငံရဲ့ပစ္စက္ခအခြေအနေကနေ အရင်စပြောချင်ပါတယ်။ စစ်အစိုးရဘက်က မတရားတာကတော့ ဘာမှပြောနေစရာမလိုပါဘူး။ အခု ဒီမိုကရက်တစ်အင်အားစု ဆိုတာကရော လောက်လောက်လားလား ရှိပါရဲ့လား။ ဒါတောင် အချင်းချင်း သံသယတွေ၊ ဇာတ်ရှုပ်တွေနဲ့ပါ။ ဒီအခြေအနေဖြစ်အောင် ဘယ်သူ ဖန်တီးထားတာလဲ။ အဖြေက ရှင်းရှင်းလေး။

ဒီလူ ဒီသဘောထားရှိတယ်၊ ဒီလိုလုပ်လိုက်ရုံဆိုတာမျိုး… ဒီလူတွေ ဗိုက်ဆာနေတာ အစာကျွေးလိုက်ရုံပါပဲပေါ့။ အခု အမေရိကန် ဘက်က လေသံပြောင်းလာတယ်လို့ သိရတယ်။ ဒါ့အပြင် ပြည်ပအင်အားစုတွေအတွက် ထောက်ပံ့ကြေးတွေတောင် အခက်တွေ့ရ တော့မယောင် ကြားရတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားမှာ နှစ်ပေါင်းများစွာ နေလာတာ ကြာပြီမို့ သန်းကောင့်ထက် ညမနက် တော့ပါဘူးလို့ ဆိုကြသူတွေလည်း ရှိပါတယ်။

ပြည့်အင်အား ပြည်တွင်းမှာရှိတယ် ဆိုတဲ့ ဆိုရိုးလိုပဲ။ ပြည်တွင်းကလူတွေက ရှေ့တန်းစစ်မျက်နှာမှာ ရှိပါတယ်။ ပြည်ပမှာရပ်တည်ပြီး ပြည်တွင်းအခြေအနေနဲ့ မျက်ခြေပြတ်၊ ကိုယ့်ဘသအတွက်ကိုယ်ပဲ လုပ်နေကြတဲ့သူတွေ နည်းသွားပါပြီ။ တကယ်တော့ ပြည်ပမှာ လုပ်နေကြတဲ့သူတွေက သံတမန်အဆင့်လောက်ပဲရှိတော့တယ်ဆိုတာ ရှင်းပါတယ်။ အခု ပြည်တွင်းမှာရော ဘယ်လိုပါလဲ။

ပြောရရင် အတိုက်အခံအင်အားစုတွေ အားကောင်းကောင်းနဲ့ ရှိနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့လုံခြုံရေးအရ အစုအဖွဲ့ တခုနဲ့တခု ချိတ်ဆက်မမိ ဖြစ်နေတာမျိုး ရှိပါတယ်။ မြန်မာ့နိုင်ငံရေး ဒါမှမဟုတ် ဒီမိုကရေစီအရေးမှာ ရှော့ရိုက်တာမျိုးပဲ လိုအပ်တယ်လို့ ယူဆသူ တွေရှိနေပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းနောက်ခံကို ကြည့်ရင် စနစ်တကျ ပြင်ဆင်ထားတာမျိုး အတိတ်က ရှိကောင်းရှိခဲ့ပေမဲ့ ဒီနေ့ခေတ် မှာ ပြင်ဆင်မှု မလုပ်နိုင်တာမျိုး ရှိနေပါတယ်။ ဒီအခြေအနေဟာ စစ်အစိုးရအတွက် အားသာချက် ဖြစ်နေခဲ့ပါတယ်။

ဒီမိုကရက်တစ် အင်အားစုတွေဟာ လူသစ်တွေကလွဲလို့ လူဟောင်းတွေဟာ ဘယ်လိုအနေအထားဆိုတာ အတွင်းသိ၊ အစင်းသိ သိပြီး လောက်ပါပြီ။ လက်တွဲလို့ ရနိုင်သလား၊ မရနိုင်သလားဆိုတာလည်း သိနေလောက်ပါပြီ။ ကိုယ့်ကိုကိုယ် လျှော့မတွက်ဘဲ Lead လုပ်နိုင် ရင် လုပ်ပြီး Work နဲ့ အသေအချာဆွဲပြီး လုပ်သင့်ပါတယ်။ ပြီးရင် End Game အတွက် လုပ်သင့်လိုက်ထိုက်တဲ့အချိန်မှာ အချို့ယူဆ သလို Shock ပေါင်းများစွာ ဖန်တီးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် တော်လှန်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်း နေကြ သူတွေအတွက် အကွက်ဆိုက်သွားဖွယ်ရှိပါတယ်။ အခုဆိုရင် စစ်အစိုးရဘက်က ယုံကြည်ချက်အပြည့်နဲ့ အခိုင်အမာ ရွေးကောက်ပွဲ လုပ်မယ်လို့ စီမံထားပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်တပ်အာဏာရှင်တွေအတွက် ဘဝ၊ ကိုယ်ကျိုးစီးပွား၊ လုံခြုံမှု၊ အာမခံမှုတွေအတွက် စီမံထားတဲ့ အခင်းအကျင်းပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံရေး Space တွေ၊ အရွှေ့တွေပြောနေကြတဲ့ စုန်းပြူးတွေဟာ ဒါတွေကို ရွှေ့ဖို့ နေရာမရှိပါဘူး။ သင်္ချာ တွက်နေကြတဲ့ဆရာကြီးတွေ၊ သီအိုရီထုတ်နေကြတဲ့ဆရာကြီးတွေကတော့ သူတို့ဖာသာ သူတို့ တွက်ချက် သီအိုရီ ထုတ်နေကြမှာပါ။

နိုင်ငံရေးဆိုတာ သင်္ချာပုစ္ဆာမဟုတ်သလို သီအိုရီ တွက်ချက်ထုတ်လုပ်လို့ရတဲ့ နယ်ပယ်မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။ နိုင်ငံရေးဟာလည်း အမှန်က ရှင်းရှင်းလေးပါ။ ညစ်တတ်တဲ့စစ်ဝါဒီတွေကြောင့် မလိုတမျိုး လိုတမျိုးလုပ်ရင် ပြည်သူလူထုတရပ်လုံးဟာ အကျဉ်းသားဖြစ်နေ ခဲ့တာမို့ မပြောရဲ မဆိုရဲ မလုပ်ရဲတာတွေ ရှိသလို စား၊ ဝတ်၊ နေမှု ဒုက္ခပင်လယ်ဝေခိုင်းပြီး နေ့စဉ် စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန် ခိုင်းထားတော့ အကြောက်တရားနဲ့ ဆင်ခြင်တုံတရားမဲ့မှုအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့တာမို့ ဘာဆိုဘာမှ မစဉ်းစား၊ မဆုံးဖြတ်ရဲ တဲ့ အခြေအနေမှာ ရှိပါတယ်။

စဉ်းစားဆုံးဖြတ်တတ်တဲ့ အခြေအနေ ရှိတဲ့သူကျပြန်တော့လည်း မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲတဲ့အခြေအနေမှာ ရှိပါတယ်။ ဒါကို ဥပမာ ပြုရရင် နိုင်ငံရေးမပါကြေး..ဆိုတဲ့ အရပ်သုံး ဗန်းစကားက သက်သေခံနေပါတယ်။ အခုအချိန်ဟာ စပ်ကူး မတ်ကူး ကာလပါပဲ။ အဲဒီ ကာလမှာ ပေါ်ပေါက်လာမယ့် အနေအထားရှိသလို စစ်အစိုးရဘက်က ကောဠဟလနဲ့ တန်ပြန်မှာလည်း ရှိပါတယ်။ အဲဒီလို အခြေအနေ မျိုးမှာ ကိုယ့်ဘက်က ဘာလုပ်နိုင်မလဲ၊ ဘာလုပ်လို့ ရမလဲ၊ အခွင့်အလမ်းကို ဘယ်လို ဖန်တီးနိုင်မလဲဆိုတာကို တွက်ချက် စေ့ငုဖို့လိုပါ တယ်။ ရှင်းနေတာကို ပေရှည်ချင်တဲ့သူတွေအတွက် မပြောလိုပါဘူး။ ဘယ်အချိန်မဆို သူ့ဘက် ကိုယ့်ဘက် အားနည်းချက်၊ အားသာ ချက်ရှိတာပါပဲ။

အခွင့်အရေးပေါ်လာတာကိုမှ မဆုပ်ကိုင်နိုင်ဘူးဆိုရင်တော့ ပြောစရာမရှိတော့ပါဘူး။ အခုအချိန်မှာ နိုင်ငံတကာအခင်းအကျင်း ဘယ်လိုပဲ ပြောင်းပြောင်း၊ ပြည်တွင်းအင်အားစုတွေ အာရုံထွေပြားစရာ အကြောင်းမရှိပါဘူး။ လုပ်စရာရှိတာ လုပ်ရုံပါပဲ။