မြန်မာစစ်အစိုးရရဲ့ ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ကြိုတင်ပြင်ဆင်ထားတဲ့ ပြဇာတ်သဖွယ် အောင်ပွဲခံနိုင်ခဲ့ပြီးတော့ စစ်အစိုးရအနေနဲ့ အနှစ်သာရ ပြည့်ပြည့်၀၀ သရုပ်ဆောင်နိုင်ခဲ့တယ်လို့ သဘောထားမှာ ဖြစ်ကြောင်း အမေရိကန် ကွန်ဂရက်အထက်လွှတ်တော်ရဲ့ Kentucky ပြည်နယ် ကိုယ် စားပြု Republican အထက်လွှတ်တော်အမတ် Mitch McConell က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
၂၀၁၀ ပြည့်နှစ် နိုဝင် ဘာလ (၇) ရက်နေ့ဟာဖြင့် စစ်အစိုးရဖိနှိပ်မှုအောက်မှာ အခက်အခဲတွေနဲ့ နေကြ ရတဲ့ ပြည်သူတွေအတွက်ကတော့ သာမန်နေ့တနေ့အဖြစ်သာ ကုန်ဆုံးခဲ့ရတာဖြစ်ကြောင်းနဲ့ သမ္မတ အိုဘားမား အစိုးရအနေနဲ့ မြန်မာပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အပေါ်ထောက်ခံနေတာကို ပြန်လည်အားသစ်လောင်းစေလိုကြောင်းတို့ကိုလည်း Mr. McConell က တိုက်တွန်းသွားခဲ့ပါတယ်။ ဒီမိုကရေစီနည်းလမ်းမကျဘဲ ဟန်ဆောင်ပန်ဆောင် ကျင်းပခဲ့တဲ့ ဒီကနေ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို နိုင်ငံ တကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုတဲ့ဘက် ယိမ်း မသွား အောင် အသေအချာ ဂရုတစိုက် လုပ်ဆောင်ပါရန် အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConell က သတိပေး ပြောဆိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာ နေတဲ့ ဗွီအိုအေဗျူရိုရဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ်က ပေးပို့တဲ့ သတင်းတွေထဲမှာတော့ စမ်းချောင်းမြို့နယ်က မဲရုံ (၃)ရုံမှာ မဲရေတွက်မှုကို စောင့်ကြည့် လေ့လာခွင့် မပြုခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်မှာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်နေရီဗဆွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ် ကော်မရှင်ရုံးမှာ ကြိုတင်ကောက်ယူထားတဲ့မဲတွေ ထည့်ထားတဲ့ မဲပုံးကို ဖွင့်ဖောက်တဲ့အခါ မှာ ကြိုတင်မဲအားလုံးဟာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းကိုပဲ ပေးထားတာကြောင့် ဒီမဲပုံး ရေတွက်မှုကို ကျန်တဲ့နိုင်ငံရေး ပါတီတွေက သဘောမတူခဲ့ကြဘူးလို့လည်း ဘန်ကောက် ဗွီအိုအေဗျူရိုက သတင်းမှာ ဖော်ပြထားပါ တယ်။