ကချင်ပြည်နယ်ဘက် မဲပေးမှု နောက်ဆုံးအခြေအနေ

Protesters say elections held by military regime are unfair, outside a public park in Mae Sot, Thailand, 07 Nov 2010

ကိုကျော်အောင်လွင်။ ။ နူးပန်ရေ၊ ကချင်ပြည်နယ်ကတော့ ရွေးကောက်ပွဲ မတိုင်ခင်တည်းကကိုက သတင်းတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေတဲ့ နယ်မြေပါ။ ရွေးကောက်ပွဲမှာလည်း မဲမသမာမှုတွေရှိခဲ့တယ်ဆိုတာကိုလည်း ရွေးကောက်ပွဲ လုပ်နေတဲ့အချိန်မှာကိုပဲ ကျနော်တို့ ကြားနေရပါတယ်။ အခုနောက်ဆုံးသိရတဲ့ ကချင်ပြည်နယ်ဘက်က ရွေးကောက်ပွဲအခြေအနေတွေရှင်းပြပေးပါခင်ဗျ။

နူးပန်။ ။ ဟုတ်ကဲ့။ အခု နောက်ဆုံးအခြေအနေမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အဲဒီက ခွဲထွက်တဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီပေါ့နော်။ USDP ပါတီက တော့ သူတို့တွေက မဲအရေအတွက်တွေ ပိုပြီးတော့ များနေတယ်ပေါ့။ နေရာတော်တော် များများမှာ နိုင်နေတယ်လို့ သိရပါတယ်။ အခု နောက်ဆုံးနိုင်ထားတဲ့အဖွဲ့က ပြောမယ် ဆိုရင် မြစ်ကြီးနားမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်ကတော့ NDF အမျိုးသား ဒိမိုကရေစီအင်အားစု ဦးမာခါးကို သူက တော်တော်များများမှာ နိုင်နေပြီလို့ ပြောတယ်။ ဦးမာခါးကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကပဲ နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ သူက ပြောတယ်။

မြစ်ကြီးနားကပေါ့နော်၊ အမျိုးသားလွှတ်တော်နေရာကနေပြီးယှဉ်ပြိုင်တဲ့ ယူဒီဘီကေ အက်စ်ပဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထျိနန်ကလည်း လောလောဆယ် မဲဆန္ဒနယ် ထက်ဝက်ကျော်မှာ သူက နိုင်နေပြီလို့ ပြောတယ်။ ဒီ ဖားကန့်ဘက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ်၊ ပြည်သူ့လွှတ်တော်ကချင်ပြည်နယ်ရဲ့ တိုင်းမှူးဟောင်းလည်းးဖြစ်တဲ့ ဦးအုန်းမြင့်ကတော့ နေရာတော်တော်များများမှာ သူလည်း နိုင်နေတယ်ပေါ့နော်။ ပြောလို့တော့ မရသေးဘူး။ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဒေါ်ဘောက်ဂျာကလည်း မဲရုံ ၁၀၁ ရုံရှိတဲ့ထဲမှာ ၄ ရုံလောက်မှာတော့ သူက နိုင်ထားတယ်လို့ပြောတယ်။

ဒါပေမဲ့ ဒေါ်ဘောက်ဂျာကတော့ သူ နိုင်မနိုင်ဆိုတာကို သေချာမပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကြံ့ဖွံ့ကတော့ သူ မနိုင်ရင် နိုင်အောင်လုပ်မဲ့အနေအထားမှာရှိတယ်ပေါ့။ သူက အဲဒီလိုပြောတယ်။ နောက်တခုကကျတော့ ကြိုတင်မဲတွေ အများကြီးထည့်လိုက်တဲ့အတွက် အဲဒီနေရာမှာလည်း သူက နည်းနည်းစိုးရိမ်တယ်လို့ ပြောတယ်ရှင့်။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ အဲဒီတော့ ကချင်ပြည်နယ်ကြီးတခုလုံးကို ခြုံပီးတော့ ပြောရမယ်ဆိုလို့ရှိရင် ဘယ်ပါတီက အားအသာဆုံးဖြစ်နေပါသလဲခင်ဗျ။

နူးပန်။ ။ အားအသာဆုံးလို့တော့ ပြောလို့မရဘူး။ ဒီနေ့အခြေအနေက။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့ကတော့ မဲထည့်တဲ့သူတွေက သိပ်များများစားစားတော့ မရှိဘူးရှင့်။ နိုဝင်ဘာလေးရက်နေ့ကစပြီး ကြိုတင်မဲတွေကောက်တယ်။ တချို့နေရာ တွေမှာကျတော့ သူတို့ ကိုယ်တိုင်လာစရာမလိုဘူး။ အိမ်မှာအထိလာပီးကောက်တယ်။ အိမ်ထောင်စုစာရင်းထဲမှာကိုက သူတို့အကုန်လုံး ကောက်လိုက်တဲ့ဟာမျိုးတွေရှိတယ် ဆိုတော့ ဒီ ကြိုတင်မဲမှာ တော်တာ်များများက ယူလိုက်တယ်လို့ ကြားတယ်။ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်တဲ့အခါကျတော့ ဘုရားကျောင်းသွားကြတဲ့သူတွေများတယ်။ အဲဒီလိုတော့ မဲလာထည့်တဲ့သူက ပါးနေကြတယ်။