မြန်မာနိုင်ငံမြောက်ဖျား ဟူးကောင်းတောင်ကြားဒေသမှာ ကမ္ဘာ့အကြီးဆုံး ကျားဘေးမဲ့တော ကို စတုရမ်းမိုင် ၈,၄၅၂မိုင် သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ပင်န်သဲရာ Panthera လို့ခေါ်တဲ့ ကျား၊ ကျားသစ်အပါအဝင် တောရိုင်းကြောင်မျိုးနွယ်တွေ ထိမ်းသိမ်းရေးအဖွဲ့က ဒေါက်တာ အလန် ရာဘင်နိုဝပ်ဇ် (Alan Rabinowitz) ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံတွင်းက တောရိုင်းတိရစ္ဆာန်ထိမ်းသိမ်းရေးအဖွဲ့ဝင်တွေ သစ်တောဌာနတာဝန်ရှိသူတွေနဲ့ ပူးတွဲပြီး ၂၀၀၄ခုနှစ်ကထဲက ဟူးကောင်းတောင်ကြားဒေသမှာ သဘာဝဘေးမဲ့တောထားရှိနိုင်ဖို့ ကျိုုးပမ်းခဲ့ကြပါတယ်။ ဟူးကောင်းတောင်ကြားဒေသမှာ အခုကျားကောင်ရေဟာ ရာဂဏန်းတောင် မတွေ့ရတော့ပါဘူး။
အာရှဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်က ကျားကောင်ရေ တသိန်းကျော် ကျင်လည်ကျက်စားခဲ့ပေမဲ့ အခုသဘာဝတောတွေထဲမှာ ကျန်နေတဲ့ ကျားကောင်ရေဟာ သုံးထောင်ဝန်းကျင်ပဲကျန်ပါတော့တယ်။ ကျားသတ္တဝါရဲ့ သားရည်၊ အရိုးနဲ့ အခြားကိုယ်တွင်းအင်္ဂါတွေဟာ အာရှတိုက်သားတွေအတွက် ရှေးရိုးရာ ဆေးဝါးဖေါ်စပ်ရာမှာ အသုံးဝင်ပြီး မှောင်ခိုဈေးကွက်မှာ အရောင်းသွက်တာမို့ ကျားရဲ ကာကွယ် စောင့်ရှောက်ရေးဟာ ခက်ခဲလှပါတယ်။
်မြန်မာနိုင်ငံတောတောင်တွေဟာ အရှေ့တောင်အာရှဒေသတခွင်မှာ သဘာဝတောရိုင်းတိရစ္ဆာန်တွေအတွက် အသင့်တော်ဆုံးဖြစ်နေပြီး ကျားရဲတွေကောင်းကောင်းရှင်သန်နိုင်တဲ့ နေရာတွေအဖြစ် ဟူးကောင်းတောင်ကြားဒေသနဲ့ ထိုင်းမြန်မာနယ်စပ် တနင်္သာရီဒေသတို့ကို တွေ့ရတယ်လို့ ဒေါက်တာအလန်ကပြောပါတယ်။
အခုလိုဘေးမဲ့တောသတ်မှတ်ပေးပြီး စောင့်ရှောက်နိုင်တာဟာ ကျားရဲတွေအတွက်သာမကပဲ ဟူးကောင်းတောင်ကြားဒေသမှာတွေ့ရတဲ့ တခြားရှားပါးကျားသစ်တမျိုးဖြစ်တဲ့ Clouded Leopard အပြင် အာရှဆင်တွေနဲ့ ရှားပါးငှက်မျိုးစိတ်ပေါင်းလေးရာနီးပါးကိုလည်း ထိမ်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒီဒေသဟာ မိုးများပြီး ရေဝပ်တဲ့ မြေနိမ့်ချိုင့်ဝှမ်းတွေ၊ ကုန်းမြင့်တောင်တန်းတွေပါတဲ့ မြေအနေထား ရှိတာကြောင့် ရှားပါးတဲ့ အပင်သတ္တဝါမျိုးစိတ်ပေါင်းများစွာကို တွေ့ရတတ်ပါတယ်။ ကမ္ဘာ့ရှားပါး အပင်မျိုးစိတ်ပေါင်း ၁၃,၅၀၀ လက်ရှိ သတ်မှတ်ထားတဲ့ထဲမှာ ဟူးကောင်းတောင်ကြားဒေသ တနေရာထဲမှာပဲ ၇,၀၀၀လောက်တွေ့ ရတာဖြစ်ပါတယ်။ ဒေါက်တာအလန်ကတော့ သူတခါတောထဲသွားရင် မျိုးစိတ်အသစ်တမျိုးကို စုဆောင်းမိတဲ့အရပ်မို့ ဟူးကောင်းဒေသဟာ ထူးခြားလှတယ်လို့ဆိုပါတယ်။
ဒါ့ပြင် ကျားရဲထိမ်းသိမ်းရေးစောင့်ရှောက်ရေးအတွက် နေရာအကျယ်အဝန်းဟာ အဓိကအရေးပါပြီး အခုဟူးကောင်းဒေသဘေးမဲ့တောဟာ မြန်မာနိုင်ငံမြောက်ဖျားမှာ တိဘက်နယ်စပ်နဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ တခြားဘေးမဲ့တောတွေနဲ့ ဆက်စပ်နေတာမို့ အနေထားသိပ်ကောင်းတယ်လို့လည်းပြောပါတယ်။