ပူးပေါင်းဆောင်ရွက်ရေး နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆက်နွယ်

ဒေါ်အောင်ဆန်းစုကြည်။ စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၁

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးလာနိုင်တာဟာ နိုင်ငံရေးအရ တိုးတက်မှုဖြစ်စဉ်တခုအဖြစ် သူယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းကနေ မြန်မာနိုင်ငံကို ရောက်ရှိခိုက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခွင့် ရခဲ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။ ဒေါ်ခင်စိုးဝင်းက တိုက်ရိုက် ပြောပြချက်အပြည့်အစုံကို တင်ပြထားပါတယ်။

ရတောင့်ရခဲ မြန်မာပြည်ဝင်ခွင့်ရတဲ့ အချိန်လေးမှာ တွေ့ဆုံမေးမြန်းခွင့် ရလိုရငြား ဗွီအိုအေက မေတ္တာရပ်ခံခဲ့တာကို NLD က စီစဉ်ပေးနိုင်ခဲ့လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအကျိုးအတွက် ဆိုရင် မတူကွဲပြားတဲ့အမြင်တွေကို ဘေးဖယ်ထားပြီး မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ လူသိရှင်ကြား ကြေညာထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေကို လွှတ်ပေးတာ မတွေ့ရသေးတော့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်ကြမယ့် အလားအလာကို ထိခိုက်နိုင်ပါသလားလို့ မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်ရှင်။

“ဒါ မဖြစ်အောင် လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အစကတည်းက ပြောထားပြီးသားလေ၊ တွေ့ဆုံဆွေးနွေးပွဲတွေအတွက် ဘယ်လိုမှ ကန့်သတ်ချက်တွေ မထားပါဘူးလို့ ပြောထားခဲ့တယ်။ အဲဒီတော့ အစကတည်းကလည်း ဒီဟာလုပ်မှ - ဟိုဟာလုပ်မှ ပြောမယ်လို့ ပြောထားတာမှ မဟုတ်ဘဲ။ နောက်ပြီးတော့ အစ်မ အမြင်မှာတော့ ဒီလို ပူးပေါင်းဆောင်ရွက်တယ်ဆိုတာဟာ အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့လည်း တကယ်တော့ ကင်းကွာနေလို့ မဖြစ်ဘူး။ အစ်မတို့ လုပ်တဲ့အလုပ်တွေဟာ အားလုံး တခုနဲ့တခု ဆက်နွယ်နေတာပဲ။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်ကိုလည်း နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ပိုပြီးတော့အထောက်အကူဖြစ်နိုင်တယ်။ ဒီလိုပဲ ယူဆပါတယ်။”

မြန်မာအစိုးရဘက်ကနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ တိုက်တွန်းထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို လက်ခံလာအောင်လည်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် စည်းရုံးနေပါပြီ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို လက်ခံပြီးတော့ နိုင်ငံရေးပါတီတခုအဖြစ် လှုပ်ရှားဖို့ တိုက်တွန်းတာတွေကို NLD အနေနဲ့ လက်ခံမှာလား၊ တကယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပါတဲ့ အချက်တွေကို ပြင်ဆင်လိုချင်တယ်ဆိုရင် ဘယ်အချက်တွေကို အဓိကထား ပြင်ဆင်ရမယ်လို့ မြင်ပါသလဲလို့ မေးတဲ့အခါမှာတော့ -

“ဒီဟာတွေကတော့ အခြေအနေပေါ်မှာ တည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ်းလှမ်းတယ်ဆိုတာကလည်း လူတွေက သူတို့ဟာသူတို့ ထင်ကြေးနဲ့ပြောတာပေါ့နော်။ အခုချိန်မှာဆိုလို့ရှိရင် အစ်မတို့က တယောက်နဲ့ တယောက် စပြီးတော့ စကားပြောတယ်။ တကယ့်ကို ထိထိ ရောက်ရောက် စကားပြောတဲ့အဆင့်ကို စနိုင်ပြီဆိုတာ ဒါကိုပဲ တိုးတက်မှုတခုလို့ အစ်မတော့ ယုံပါတယ်။ အဲဒီတော့ ဒီအချိန်မှာတော့ အသေးစိတ် ဘာတွေ ဘာတွေ ဆွေးနွေးနေလဲဆိုတာကို မပြောတာဟာ သိပ်ပြီးတော့ သိမ်မွေ့နေတဲ့အချိန်မှာ ဒီလို ထုတ်ဖော်ပြောလိုက်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ခရီးကို ချောချောမောမော မရောက်မှာစိုးလို့ မပြောတာပါ။ ဒါပေမဲ့ နိုင်ငံအပေါ်မှာ အမတို့မှာ တာဝန်ရှိတယ်။ တချိန်တခါမှာတော့ ပြည်သူကို အသိပေးရမယ်ဆိုတာ သိပါတယ်။ အသိပေးတဲ့အခါ အသိပေးစရာရှိတဲ့အခါကျ အသိပေးမှာပါ။ အသိပေးစရာ မရှိသေးတဲ့ အချိန်မှာ အသိပေးလိုက်ခြင်းအားဖြင့် နောက်တခါ ဘာမှ အသိပေးစရာ မဖြစ်လာမှာလည်း စိုးရိမ်ရတယ်လေ”

ဆက်ပြီးတော့ ပြီးခဲ့တဲ့ သြဂတ်စ်လ ၁၇ ရက်နေ့တုန်းက မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောတဲ့နေရာမှာ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာသင့်ပြီလို့ ယူဆပါသလား။ ပြန်လာဖို့အတွက် ဘယ်လို အခြေအနေမျိုး အနေအထားမျိုးရှိသင့်တယ်လို့ ရှုမြင်ပါသလဲလို့ မေးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ဒါ နှစ်ပိုင်းပေါ့နော်၊ တပိုင်းကတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝအတွက် ကိုယ့်ဆုံးဖြတ်ချက်ကို ချရမယ်။ ဒါကတော့ တာဝန်သိပေါ့။ အခု တချို့ကပြောနေတယ်။ အစ်မကိုလည်း ဗွီအိုအေ မေးခွန်းကတဆင့်ရော၊ အာရ်၊အက်ဖ်အေ မေးခွန်းကတဆင့်ရော မေးနေကြတယ်ပေါ့နော်။ ပြန်လာသင့်သလား။ အစ်မ အမြဲပြောတယ်။ ဒါ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမယ်။ ဒါ ကိုယ့်ရဲ့ ဘဝ၊ ကိုယ့်ဘာသာကိုယ် သမ္မတကြီးပြောတဲ့ မိန့်ခွန်းကိုလေ့လာပြီးတော့ သက်ဆိုင်ရာ သံရုံးတွေမှာ မေးမြန်းစုံစမ်းပြီးတော့ ကိုယ်ပြန်လာချင်ရင် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမယ်။ ပြန်မလာချင်လို့ရှိရင်လည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမယ်။ ဒီဟာကို နိုင်ငံရေးအရ ဘယ်လိုမြင်ရမလဲ ဆိုလို့ရှိရင်တော့ အဲဒါတော့ နည်းနည်းစောင့်ကြည့်ရမှာပေါ့။ ပြန်လာတဲ့သူတွေ အခြေအနေ ဘယ်လိုရှိသလဲ။ တချို့က ပြောတာပေါ့နော်။ ပြန်လာပြီးလို့ ရှိလို့ရှိရင် ပြဿနာရှာမှာတို့ ဘာတို့ - ဒါကတော့လည်း အမလည်း မပြောနိုင်ဘူး။ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ။ တချို့ကျတော့လည်း ဒီအချိန်မှာ ပြန်လာသင့်သလားပေါ့နော်။ နိုင်ငံရေးအမြင်နဲ့ပြောတာပေါ့။ ပြန်လာသင့်သလား။ အဲဒီတော့ နိုင်ငံရေးအမြင်နဲ့ ပြန်လာသင့်သလားဆိုတာ ဘယ်မှာ တည်သလဲဆိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဘယ်လိုနည်းနဲ့ လှုပ်ရှားချင်သလဲဆိုတာပေါ်မှာ တည်တာပေါ့။ အခုချိန်မှာတော့ ဗမာပြည်မှာ နိုင်ငံခြားမှာ လှုပ်ရှားချင်တဲ့ပုံစံနဲ့တော့ လှုပ်ရှားလို့မရသေးဘူးဆိုတာတော့ ဒါကတော့ ရှင်းပါတယ်။ နိုင်ငံခြားမှာ လှုပ်ရှားတဲ့ပုံစံနဲ့ပဲ ဆက်ပြီးလှုပ်ရှားချင်တယ် ဆိုလို့ရှိရင်တော့ ဒါကိုရွေးရမှာပေါ့။ ဒါပေမဲ့ NLD နဲ့ ဒီမှာလာပြီး လှုပ်ရှားလို့ ရမယ်ထင်လို့ လှုပ်ရှားချင်တယ်ဆိုရင်လည်း လာပြီး လှုပ်ရှားနိုင် ပါတယ်”

ဆက်လက်ပြီး သူက အမေရိကန်အထက်လွှတ်တော်အမတ် ဂျဲင်(မ်) ဝက်ဘ်၊ ပေါ့နော်။ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌကနေပြီးတော့ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်တဲ့ မူဝါဒကို ပြောင်းဖို့ သင့်မသင့်ပေါ့နော်။ ပြန်ပြင်ဆင်ဖို့ ရှိသင့် မရှိသင့်ဆိုတဲ့ ကြေညာချက်တခု ထုတ်ပါတယ်လို့ အဲဒီ ကြေညာချက်ကတော့ ၂၀၀၄ ခုနှစ်က ချမှတ်ထားတဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုနဲ့ အရေးယူဖို့ အတွက် ပြဋ္ဌာန်းခဲ့တဲ့ Burmese Freedom and Democracy Act ဥပဒေကို သက်တမ်းတိုးဖို့ မဲခွဲကြတာနဲ့ပတ်သက်ပြီးတော့ သူက ဒီ Statement လေးကို ထုတ်တာပါ။ ဒီပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကတော့ ဒီလိုပါ။

“ပြောင်းသင့်တဲ့အခါ ပြောင်းရမယ်ဆိုတာတော့ သဘောတူတာပေါ့။ သူက should be ready ဆိုတာ အစ်မကနေ ဒီဟာကို အဓိပ္ပာယ်တမျိုး ဖော်လိုက်မယ်။ သူကတော့ ဘယ်လို အဓိပ္ပာယ်နဲ့ ပြောလဲ မသိဘူး။ should be ready ဆိုတာဟာ အသင့်ဖြစ်နေရမယ်ပေါ့နော်။ ပြောင်းဖို့။ ပြောင်းဖို့လိုတဲ့အချိန်မှာ ပြောင်းဖို့ဆိုတာကတော့ အသင့်ဖြစ်နေရမှာပေါ့။ ဒါပေမဲ့ ပြောင်းဖို့လိုတဲ့အချိန် ရောက်ပြီလား၊ မရောက်သေးဘူးလား ဆိုတာ- ဒါကလည်း သေသေချာချာလေ့လာရမှာပေါ့။ စီးပွားရေးအမြင်နဲ့ ဆိုရင်တော့ ဒါ- အမတို့အမြင်နဲ့ နည်းနည်း မတူဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမတို့က စီးပွားရေးကို နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူးဆိုပြီးတော့ ယုံကြည်တယ်။ စီးပွားရေးက နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးတယ်ဆိုရင်လည်း မဖြစ်သင့်ဘူး။ ဒီနှစ်ခုကို ညီညီမျှမျှ ကြည့်ပြီးတော့ လုပ်သွားရမှာပေါ့။”

နေုာက်ပြီးတော့ အနောက်နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေပေးဖို့ ချဉ်းကပ်တာတွေရှိတယ်။ သတင်းတွေ ထွက်နေတယ်။ အကူအညီတွေရမယ်ဆိုရင် ဘယ်လို အကူအညီမျိုး အဓိကလိုအပ်နေသလဲလို့ မေးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ အလိုအပ်ဆုံးကတော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက်ပဲလို့ ဖြေပါတယ်ရှင်။