မနှစ်ကဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဘေးအန္တရာယ် ကျရောက်ခဲ့ မှုဟာ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုအမှားယွင်းကြောင့် ဖြစ်ကြောင်း ဂျပန်ပါလီမန်ရဲ့ စုံစမ်းရေးကော်မရှင် က ပြောဆိုလိုက်ပါတယ်။
ဂျပန်အစိုးရနဲ့ စက်ရုံကိုလည်ပတ်နေတဲ့ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO တို့ နှစ်ဦးနှစ်ဘက် စလုံးရဲ့ ချို့ယွင်း ချက်ကြောင့် ဖြစ်ရတာဖြစ်တယ်လို့ ၆ လကြာ စုံစမ်းစစ်ဆေးရေးပြုလုပ်ခဲ့အပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
၁၉၈၆ ခုနှစ်က အရှေ့ဥရောပတိုက်၊ ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းနျူကလီးယား စက်ရုံ မှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်မျိုး မဖြစ်ပွားအောင် ကြိုတင်ပြင်ဆင် ကာကွယ်ဖို့ လုပ်ဆောင်ထားရမယ့် ကိစ္စတွေကို လုပ်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး အစီရင်ခံစာက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျှင်နဲ့ ဆူနာမီရေလှိုင်းကို ကာကွယ်မှုပေးနိုင်ဖို့ အတွက် တာဝန်ရှိသူတွေဘက်က ဆုံးဖြတ်ချက်ချဖို့ အချိန်ဆွဲနေခဲ့တာကို စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကို သဘာဝဘေးအန္တရာယ်ကျရောက်မှုလို့ မသတ်မှတ်နိုင်ကြောင်း တာဝန်ရှိသူတွေဘက် က မှန်မှန်ကန်ကန် တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒီလောက်ဆိုးဆိုးရွားရွား ဖြစ်စရာ အကြောင်းမရှိဘူး လို့ ဆိုပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံမှာ အလွန်အမင်းလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ အနောက်ဘက်ခြမ်းမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတရုံဟာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်ပါတယ်။