ဘန်ကီမွန်းနဲ့ အိန္ဒိယဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံကို မနက်ဖြန်တနင်္ဂနွေနေ့မှာ ရောက်ရှိမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုဝိုင်းဝန်းကူညီသွားကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အိမ်ရှင် ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ မနေ့က သောကြာနေ့မှာ တွေ့ဆုံခဲ့တာပါ။ တနှစ်ကျော်ကျော် ကာလအတွင်းမှာ လူပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆီးရီးယားအစိုးရရဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံတကာက ဖိအားပေးရေး အပါအဝင် ပထဝီနိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝှမ်း ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အိန္ဒိယတပ်ဖွဲ့တွေကို အထူးတလည် စေလွှတ်ပေးတဲ့အတွက် မစ္စတာ ဘန်ကီမွန်းက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ကျေးဇူးရှိတင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ မဏ္ဍိုင်ကြီးသုံးခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး စတာတွေကိုအခြေခံပြီး ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ အလေးအနက် ဆွေးနွေးခဲ့ တယ်လို့ သတင်းထောက်တွေကို မနေ့က အခုလို ပြောဆိုသွားတာပါ။

"ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးနဲ့ အားလုံး စိုးရိမ်မကင်းဖြစ်နေကြတဲ့ ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကအစ သီရိလင်္ကာနဲ့ နီပေါနိုင်ငံတွေ စတဲ့ ဒေသတွင်း အခြေအနေတွေ၊ အိန္ဒိယနဲ့ပါကစ္စတန် ဆက်ဆံရေး သင့်မြတ်အောင်အားပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ဘယ်လို ဝိုင်းဝန်းကူညီကြမလဲ ဆိုတာကိုပါ ဆွေးနွေးခဲ့ပါတယ်။"

အခုလောလောဆယ် အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုနယ်ပယ်သာမကဘဲနဲ့ လူ့အခွင့်အရေး ကိစ္စတွေကိုလည်း အလေးအနက် ကိုင်တွယ်နေပါတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာကလည်း မစ္စတာဘန်ကီမွန်းကို ပြောဆိုခဲ့ပါ တယ်။ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ပင်လယ်ဓားပြနှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ရေရှည် တည်တံ့မယ့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းကြတာတွေဟာ အိန္ဒိယနိုင်ငံအတွက် ဦးစားပေးရမယ့် တာဝန်ဖြစ် တယ်လို့ မစ္စတာခရစ်ရှနားက ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး ထွန်းသစ်စနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ အတွက် ရန်ပုံငွေ ဒုတိယအများဆုံး ထည့်ဝင်တဲ့နိုင်ငံဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ သူ ၂၀၀၇ ခုနှစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ အိန္ဒိယနိုင်ငံကို တတိယ အကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ဇနီးဟာ အရင်က ဘုံဘေလို့အများခေါ်ကြတဲ့ မွန်ဘိုင်းမြို့ကို ဒီကနေ့ သွားရောက်လေ့လာ မှာ ဖြစ်ပါတယ်။ အဲဒီနောက် မစ္စတာဘန်ကီမွန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့မှာတော့ မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။