ရေနံသဘာဝဓါတ်ငွေ့ ပိုက်လိုင်းအန္တရာယ် ကာကွယ်နိုင်ဖို့

ရေနံသဘာဝဓါတ်ငွေ့ ပိုက်လိုင်းအန္တရာယ် ကာကွယ်နိုင်ဖို့

ရေနံနဲ့သဘာ၀ ဓါတ်ငွေ့ ပေါကြွယ်တဲ့ မြန်မာနိုင်ငံမှာ နဂိုရှိပြီးသားနဲ့ နောင်ဖေါက်လုပ်ဖို့ပြင်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ နဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို ပိုက်လိုင်းဖြတ်သွားမယ့် ဒေသတွေက ဒေသခံတွေ သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။

၂၀၁၀ အောက်တိုဘာလတုန်းက မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်လှရွာနားမှာ ရေနံပိုက်လိုင်း မီးလောင်မှု ဖြစ်ပွါးခဲ့တဲ့အတွက် ရေနံလာခပ်ကြတဲ့ ရွာသားတွေ သေဆုံးခဲ့ကြရသလို ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒီပိုက်လို်င်းဟာ စလေ ဓါတ်မြေသြဇာထုတ်တဲ့ ကျွန်းချောင်းနဲ့ မြစ်ခြေကြားမှာရှိပြီး အနီးဆုံး ရေနံချက်စက်ရုံကတော့ ချောက်မှာ ရှိပါတယ်။ အရာတော်ရေနံမြေကတော့ မြောက်ဖက်မှာတည်ရှိပြီး ဒီဒေသမှာ ရှေးမြန်မာမင်းတွေလက်ထက် ကတဲက ရေနံထုတ်ယူခဲ့တာပါ။

အင်္ဂလိပ်အုပ်စိုးတဲ့ ကာလမှာ မြန်မာ့ရေနံမြေတွေကို ဘီအိုစီ လို့ခေါ်တဲ့ ဗြိတိသျှကုမ္ပဏီက ဦးဆောင်တူးဖေါ်ခဲ့ပြီး ၁၉၀၉ ခုနှစ်လောက်မှာ ရေနံတွင်းတွေကနေ ရေနံချက်စက်ရုံတွေဆီကို သယ်ပို့နေတဲ့ ပိုက်လိုင်း အရှည်ဟာ စုစုပေါင်း ၂၇၅မိုင် ရှိတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ ကိုယ်နေထိုင်ရာဒေသမှာ ရေနံပိုက်လိုင်း ဖေါက်လုပ်သွယ်တန်းထားရင် ဒီပိုက်လိုင်းနဲ့ ပတ်သက်ပြီး အကျိုးအပစ်တွေကို သေသေချာချာ သိထားဖို့လိုအပ်သလို ဒေသအာဏာပိုင်တွေ ဘက်ကလည်း စံနစ်တကျ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထားဖို့ လိုအပ်ပါတယ်။

မြေအောက်မှာ ရေနံကို သဘာဝဓါတ်ငွေ့နဲ့ အမြဲတွဲတွေ့ရတတ်တာမို့ ရေနံကိုတူးဖေါ်ပြီးရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကိုသီးခြားခွဲထုတ်ပြီးမှ သွယ်တန်းထားတဲ့ပိုက်တွေနဲ့ တနေရာကနေ တနေရာကို တင်ပို့ရပါတယ်။ ဒီလိုတင်ပို့တဲ့ ပိုက်လိုင်းထဲမှာ ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့ရောနှောမှု များနေရင် မီးလောင်ရုံတင်သာမကပဲ ပေါက်ကွဲမှုတွေ ဖြစ်ပွါးနိုင်ပါတယ်။

ရေနံနဲ့သဘာဝဓါတ်ငွေ့တွေကို ထုတ်လုပ်တဲ့နေရာကနေ အသုံးပြုနိုင်အောင်ချက်လုပ်တဲ့ နေရာတွေဆီ ရောက်အောင် ပိုက်လိုင်းတွေနဲ့ ပို့ဆောင်ပေးရာမှာ မီးလောင်ပေါက်ကွဲမယ့် အန္တရာယ့်ကြီးမားတာမို့ ကျွမ်းကျင်သူတွေက စံနစ်တကျ တို်င်းထွာမှုတွေနဲ့စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် နိုင်ငံရဲ့ အစိုးရပိုင်းကပါ စည်းမျဉ်းစည်းကမ်းသတ်မှတ်မှုတွေ ပြတ်ပြတ်သားသား ချမှတ်ဖို့ လိုအပ်သလို အချိန်နဲ့ အမျှ လိုက်နာစေဖို့ ဒေသဆိုင်ရာ ကြီးကြပ်မှုတွေ ချထားပေးဖို့ လိုတယ်လို့ အမေရိကန်မြောက်ဖျား အလာစကာ Alaska နဲ့ ကနေဒါ Canada ကရေနံမြေတွေမှာ တာဝန်ယူဆောင်ရွက်နေတဲ့ အင်ဂျင်နီယာ ဒေါက်တာစိန်မြင့် ကပြောပါတယ်။

ရေနံတင်ပို့တဲ့ ပိုက်လိုင်းတွေဟာ နှစ်ကြာလာတာနဲ့ အမျှ ရေနံချေးတွေကျပြီး ပိတ်လာတတ်တာမို့ အကုန်အကျများပေမယ့် လိုအပ်ရင် အသစ်လဲလှယ်ပေးဖို့ ပါလိုအပ်တယ်လို့ လဲပြောပါတယ်။ ရေနံ ပိုက်လိုင်းတွေအတွက် ကြန့်ခိုင်ရေးကို မပြတ်စစ်ဆေးပြီး ဆေးကျောဖို့ လည်းလိုအပ်ပါတယ်။