မြန်မာနို်င်ငံရဲ့ရေမြေတောတောင် အနေအထားနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံတင် မကပဲ ကမ္ဘာတဝှမ်း ကြုံတွေ့နေရတဲ့ ရာသီဥတု ဖေါက်ပြန်မှုတွေကိုဖြစ်စေတဲ့ အဓိကတရားခံဟာ သစ်တောပြုန်းတီးမှုဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဇုံကြီး၉ဇုံထဲမှာ သစ်တော ထိမ်းသိမ်းမှုမရှိပဲ အများဆုံးပြုန်းတီးနေတဲ့ အာရှပစိဖိတ်ဇုံမှာ မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် အဆိုးဝါးဆုံးဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင် ဦးအုန်းကပြောပါတယ်။
မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်စောင့်ရှောက်နိုင်အောင် ရေရှည် အကျိုးအတွက် အရေးတကြီး ထိမ်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်တဲ့ နေရာကို သုံးနေရာခွဲနိုင်ပါတယ်။ ပထမ watershed area လို့ခေါ်တဲ့ ရေဝေကုန်းတန်းတွေဖြစ်ပြီး ဒုတိယ အပူပိုင်းဒေသနဲ့ တတိယကတော့ ဒီရေတောဒေသတွေဖြစ်ပါတယ်။ ဒေသတခုရဲ့ရေဝေကုန်းတန်းဒေသကို ကာကွယ်တာဟာ မြစ်ချောင်း တွေ မြစ်ဖျားခံရာ ဒေသ၊ သစ်ပင်သစ်တောတွေ ပေါက်ရောက်ရာ ဒေသကို ထိမ်းသိမ်းတာတမျိုးဖြစ်သလို မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်းက ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံရတဲ့ ဒေသခံတွေ အတွက် ရေပေးဝေဖို့ ကအစ စိုက်ပျိုးမှုစံနစ်တကျနဲ့ ထိမ်းသိမ်းတတ်ဖို့ လိုပါတယ်။
ပင်လယ်ပြင်ရဲ့ခြေထောက် အဖြစ်နဲ့တင်စားလေ့ရှိတဲ့ ဒီရေတောတွေဟာ မြန်မာနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီဒေသတွေမှာ ရှိနေပါတယ်။ ဒီရေတောတွေဟာ ကမ်းရိုးတန်းဒေသထိမ်းသိမ်းမှုမှာ အချုပ်အချာဖြစ်ပြီး၊ ပြင်းထန်တဲ့ နာဂစ်လိုမုန်တိုင်းတွေရဲ့ အန္တရာယ်ကိုပါကာကွယ်နိုင်စွမ်းရှိတဲ့အပြင်၊ အပင်နဲ့ သတ္တဝါတွေ မှီခိုရာ ဂေဟစံနစ်ကိုပါ အကာကွယ်ပေးနိုင်တာတွေကို တင်ပြထားပါတယ်။