အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ရောက်လာကြသူတွေထဲမှာ စပိန်ဘာသာစကားပြောဆိုတဲ့ Hispanics တွေ ထက် အာရှတိုက်သားတွေ တနှစ်ထက် တနှစ် ပိုများလာနေတယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန် လိုက်တဲ့ သုတေသန စစ်တမ်း မှာ ဖေါ်ပြထားပါတယ်။ အာရှတိုက်သား အမေရိကန်ဦးရေဟာ အလျှင်အမြန် တိုးနေသလို သူတို့ဟာ ဝင်ငွေ ရော ပညာရေး မှာပါ အမြင့်ဆုံး အဆင့်မှာ ရှိနေတယ် လို့ Pew သုတေသန ဌာန ရဲ့ စစ်တမ်းက ဆိုပါတယ်။
အာရှနွယ်ဖွား အမေရိကန်နိုင်ငံသား ဦးရေတိုးလာခြင်း ဆိုတဲ့ ခေါင်းစဉ် နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာ ပါ လေ့လာချက် တွေကို ကြည့်ရင် ယေဘုယျ အားဖြင့် သူတို့ဟာ သူတို့နိုင်ငံထက် အမေရိကန်နိုင်ငံရဲ့ ဦးတည်လုပ်ဆောင်နေမှု ကိုရော သူတို့ နေထိုင်ရတဲ့ လူနေမှုဘ၀ နဲ့ ငွေကြေးဆိုင်ရာတွေမှာပါ ကျေနပ်မှု ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၁ခုနှစ် စာရင်းအရ အာရှနွယ်ဖွား ၁၈သန်းကျော် ရှိနေပြီး ဒါဟာ အမေရိကန် လူဦးရေ စုစုပေါင်းရဲ့ ၅.၈ % ရှိနေ တာပါ။ ၁၉၆၅ ခုနှစ်တုန်းကတော့ ၁% လောက်ပဲ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို လာရောက်ကြတဲ့ အာရှနွယ်ဖွား တွေဟာ အရှေ့ဖျားဒေသနိုင်ငံတွေ ၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယ တိုက်ဘက်ကနေ လာရောက်ကြသူ များပါတယ်။