လျှပ်စစ်မီးရရေး မန္တလေးမှာ ဆက်လက် ဆန္ဒပြ

  • မသင်းသီရိ

လျှပ်စစ်မီး အလုံအလောက်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြပွဲတွေ မန္တလေးမြို့မှာ နှစ်ရက်ဆက်တိုက် အဖြစ်နဲ့ ဒီကနေ့လည်း ဆက်လက်ဖြစ်ပွားပါတယ်။ လျှပ်စစ်မီး မလုံလောက်တာကြောင့် မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေ အပါအဝင် နေရာအတော်များများမှာ လျှပ်စစ် ဓာတ်အားဖြန့်ဝေမှုတွေ လျှော့ချမယ် လို့ အာဏာပိုင်တွေက ပြော ထားပေမဲ့လည်း အခုအခါမှာတော့ အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာနရဲ့ ပြည်တောင်စု ဒုတိယဝန်ကြီးက ဒီကနေ့ ညနေမှာ ကတိပေးလိုက်ပါတယ်။

ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက စုံစမ်းတင်ပြထားပါတယ်။

မန္တလေးမှာ မေလ ၂၀ ရက်နေ့ ညကစလို့ လျှပ်စစ်မီးပုံမှန်ရဖို့အတွက် မြို့ခံလူထုက ဖယောင်းတိုင်မီးတွေ ထွန်းပြီး ဆန္ဒဖော်ထုတ်တဲ့ တောင်းဆိုမှုတွေ စခဲ့တာဖြစ်ပြီး အခု မေလ ၂၁ ရက်၊ ညပိုင်း (၈) နာရီလောက် မှာလည်း ဒုတိယ မြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ပွဲတွေဆက်လုပ်နေပါတယ်။ လျှပ်စစ်မီးမရတဲ့ ပြဿနာ ကို အစိုးရက အမြန်ဖြေရှင်းဖို့ လူထုရဲ့ဆန္ဒကို ငြိမ်းချမ်းစွာတောင်းဆိုနေတယ်လို့ အခု ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ ရှိနေတဲ့ မန္တလေးမြို့ခံတဦးက ပြောပြပါတယ်။

“၂၆ နဲ့ ၂၇ လမ်းကြား၊ ၇၈ လမ်း၊ တိုင်းဒေသကြီးလျှပ်စစ်ရုံးရှေ့မှာပါ။ ဒီမှာလည်း တဖွဲ့ပေါ့ခင်ဗျာ။ ----- အဲဒီမှာလည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ မန္တလေးမြို့သူ မြို့သားတွေရဲ့ အခက်အခဲတွေပေါ့ဗျာ- မီးမလာ၊ ရေမလာတဲ့အတွက် ဒုက္ခရောက်နေကြတဲ့အကြောင်းကို သူတို့ ဆန္ဒဖော်ထုတ်တာပါ။ အဓိကက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် အမြန်ဆုံး တနည်းတလမ်းနဲ့ ဖြေရှင်းပေးနိုင်အောင်လို့ သူတို့ရဲ့ဆန္ဒအမှန်ကို ဖော်ထုတ်တယ်လို့ ပြောပြချက်တွေအရ သိရပါတယ်။ ”

ဒါ့အပြင် (၃၅) လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာလည်း အစုအဖွဲ့တွေနဲ့ ဆန္ဒဖော်ထုတ်မှုတွေ လည်း ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မန္တလေးမြို့ကအဲဒီနေရာတွေမှာ လုံခြုံရေး အနည်းငယ် စောင့်ကြည့်မှုတွေ ရှိတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းကဖြစ်နေခဲ့တဲ့ ဒီပြသနာတွေအတွက် ညတွင်းချင်းဆိုသလို တိုင်းဒေသကြီးက အစိုးရ တာဝန်ရှိသူတချို့ဟာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့အပြီး မေလ (၂၁) ရက်၊ ညနေပိုင်းကလည်း ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဋ္ဌာနရဲ့ ဒုဝန်ကြီး ဦးအောင်သန်းဦးကိုယ်တိုင် သတင်းစာ ရှင်းလင်းပွဲ ထပ်လုပ်ပါတယ်။ ဒီရှင်းပြချက်ထဲမှာ တချို့စက်ရုံကြီးတွေရဲ့ လည်ပတ်မှုတွေကိုရပ်ပစ်ပြီးတော့ လျှပ်စစ်မီးပိုပေးနိုင်အောင်လို့ အစိုးရက စီစဉ်နေတယ် ဆိုတာကို ရှင်းပြခဲ့တယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲ ကို ကိုယ်တိုင်သွားတက်ခဲ့သူ သတင်းထောက် ကိုဆွေက ပြောပါတယ်။

“အဓိက သူတို့ရှင်းပြတာက စက်ရုံကြီးတွေမှာပေါ့- ဥပမာ ဘိလပ်မြေစက်ရုံကြီးတွေ၊ သံရည်ကျိုစက်ရုံကြီးတွေကို ပိတ်ပစ်လိုက်ပြီ။ လျှပ်စစ်ဓာတ်အားတွေ- သဘာဝဓာတ်ငွေ့ဆိုလည်း အဲဒီတွေကို မပေးတော့ဘူးပေါ့။ နောက်တချက်က - အဲဒီစက်ရုံကြီးတွေမှာ ပေးနေတဲ့ လျှပ်စစ်ဆိုရင်လည်း မပေးတော့ဘူး။ မနေ့ကစပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဖြတ်ပစ်လိုက်ပြီးတော့မှ ရပ်ကွက်ဒေသတွေဘက်ကို ပြည်သူလူထုဘက်ကို ပေးဖို့အတွက် စပြီးလုပ်နေပြီဆိုတဲ့ အကြောင်းကိုပဲ အဓိကထားပြီးရှင်းပြသွားပါတယ်။”

အခုလို လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်တဲ့ ပြဿနာတွေထဲမှာ KIA လက်နက်ကိုင်အဖဲ့ွရဲ့ တိုက်ခိုက်မှုကြောင့် ရွေလီ ဓာတ်အားပေးတိုင်တွေ ပျက်ခဲ့တဲ့အချက်ကလည်း အဓိကကျတယ်ဆိုတာလည်း ဒုတိယဝန်ကြီးက ထပ်ပြီးတော့ ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

“KIA ဘက်က ဒီ တာဝါတိုင်ကြီးကို ခွဲသွားတယ်။ အဲဒါက တချက်ရယ်၊ နောက်တချက် သူတို့အဓိက ထား ပြောသွားတာက ရေအားလျှပ်စစ်ပေးတဲ့ စက်ရုံတွေမှာ ရေမရှိဘူး။ အဲဒီအတွက် လျှပ်စစ်က သတ်မှတ်တဲ့ပမာဏကို လုံးဝမရဘူး။ အဲဒါကြောင့် မပေးနိုင်ဘူးလို့ ပြောပါတယ်။ နောက်တချက်ကတော့ သဘာဝဓာတ်ငွေ့တွေနဲ့ လည်ပတ်နေရတဲ့ နေရာ တွေမှာ သဘာဝဓာတ်ငွေ့ လုံလောက်စွာမရတဲ့အတွက် မပေးနိုင်ဘူးဆိုတာတွေကို အဓိကပြောသွားပါတယ်။ နောက် တချက်ကတော့ လမ်းတွေမှာ ဓာတ်အား ဆုံးရှုံးတယ်ပေါ့။ တနေရာကနေ တနေရာ မဟာဓာတ်အားလိုင်းမှာ ဖြန့်ဝေတဲ့ အခါ ဓာတ်အားဆုံးရှုံးတဲ့ အတွက် ဓာတ်အားအပြည့်အဝမရဘူးဆိုတဲ့ဟာတွေကိုလည်း အဓိကထား ပြောသွားပါတယ်။”

အခု မြန်မာနိုင်ငံထဲမှာ ထွက်နေတဲ့ စွမ်းအင်အရင်းအမြစ်တွေကို နိုင်ငံခြားတင်ပိုရောင်းချမှုနဲ့ ပတ်သက်လို့ သတင်းထောက်တယောက်ရဲ့အမေးကို ဝန်ကြီးက မဖြေခဲ့ဘူးလို့လည်း ပြောပါတယ်။

“မေးပါတယ်။ မေးတာကို ဒု-ဝန်ကြီးအနေနဲ့ ရှောင်ကွင်းပြီးတော့ပဲ ဖြေသွားပါတယ်။ ဒီအပေါ်မှာ Topic တင်ပြီးတော့မှ အဓိကပြောသွားတာရယ်လို့တော့ မရှိပါဘူး။ ဖြေရှင်းပေးတာမျိုးလည်း မရှိဘူး။ သူတို့ အဲဒီအပေါ်မှာတော့ ရှောင်ကွင်း ပြီးတော့ပဲ မဆိုင်တဲ့အကြောင်းအရာတွေကိုပဲ ထည့်ပြောသွား တာကို တွေ့ရပါတယ်။”

အခုလို အစိုးရတာဝန်ရှိသူတွေက ရှင်းပြချက်တွေဟာ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ မြို့ခံလူထုက အများစုက မှတ်ချက်ပေးကြတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

“၂၄ နာရီလုံးလုံးကို အပူဒဏ်ခံနေရတာ။ ညအိပ်တယ်ဆိုရင်လည်း ပူလွန်းလို့ လန့်နိုးလာရတာမျိုးတွေ ကလည်း တောက်လျှောက်ကို ကြုံတွေ့နေရတယ်။ တချို့အိမ်တွေမှာဆိုရင် အပေါ့-အလေးသွားဖို့ အတွက်တောင် ရေသုံးစရာမရှိတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်။ မီးလာရင်လည်း ရေမလာ၊ ရေလာ ရင်လည်း မီးမလာ အဲဒီလို ပြဿနာတွေကြုံနေရတာ တကြောင်း၊ နောက်တချက်က ကျနော်တို့ဆီမှာ မီးမလာတဲ့အတွက် ပူတဲ့ဒဏ်ကို ပိုပြီးခံစားရတော့ လူထုကတော့ တော်တော် ဒေါသထွက်နေတဲ့ အခြေအနေပါ။”

မန္တလေး အခြေစိုက် သတင်းထောက် ကိုဆွေပါရှင်၊ အစိုးရဘက်ကတော့ ရန်ကုန်-မန္တလေး အပါအဝင် နိုင်ငံတဝှမ်း လျှပ်စစ်အားပေးနိုင်ဖို့ အရေးပေါ် ညှိနှိုင်း ဆောင်ရွက်နေတာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

******************

တဆက်တည်းမှာပဲ ဘာဖြစ်လို့ အဲဒီလို လျှပ်စစ်မီးတွေ မရကြသလဲဆိုတာကိုပါ ပြောပြပေးပါမယ်။ ရန်ကုန်-မန္တလေး အပါအဝင် မြို့ကြီး ပြကြီးတွေမှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ခံရတာကြောင့် လူထုဘက်က မကျေနပ်မှုတွေက ကြီးမားလာနေတာ ဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေကတော့ စွမ်းအင် ထုတ်လုပ်မှုက အခက်အခဲတွေနဲ့ မကြာသေးခင်က ဓာတ်အားဖြန့်ဖြူးရေး စနစ်မှာ တိုက်ခိုက်ခံရတာတွေကြောင့်လို့ ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုလည်း မသင်းသီရိကပဲ ဆက်ပြီး တင်ပြပေးထားပါတယ်။

ရန်ကုန်မှာ ဒီကနေ့ မေလ ၂၁ ရက်ကစလို့ လျှပ်စစ်မီးတွေကို အလှည့်ကျ စပေးနေပြီလို့ ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဋ္ဌာနရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်ခိုင်က VOA မြန်မာပိုင်းကိုပြောပါတယ်။

“ပထမပိတ်တာကတော့ စက်မှုဇုံအားလုံးကို တနေ့ကို ၅ နာရီပဲ ပေးပါတယ်။ နောက်ပြီး မြို့တွင်း၊ မြို့လယ်တွေကတော့ တိုက်အမြင့်ကြီးတွေနဲ့နေကြတော့ ဦးစားပေးပြီးတော့ ဓာတ်အားပေးပါတယ်။ မြို့ပြင်၊ မြို့နယ်တွေကျတော့ ရန်ကုန်တိုင်းရဲ့ ကျေးလက်ကလေးတွေမှာကျတော့ နေ့ခင်းကို အသုံးမရှိပါဘူး။ သူတို့ကိုကျတော့ ညပိုင်း ပေးပါတယ်။ နေ့ခင်းကို ပိတ်ထားပါတယ်။ အဲဒီတော့ ဒီနေ့ ၂၁ ရက်နေ့က စပြီးတော့ မြို့လည်ခေါင်တွေလည်း ကျနော်တို့က မနိုင်တော့ဘူးလေ။ အဲဒီတော့ - သူတို့ကို အုပ်စု သုံးစုခွဲပြီးတော့ တအုပ်စုကို တနေ့ ၆ နာရီ ကျနော်တို့ ပိတ်ပေးပါတယ်။ စက်မှုဇုံကိုတော့ လုံးဝ မပေးနိုင်တော့ပါဘူး။”

ရန်ကုန်မှာလည်း အခုအလှည်ကျပဲမီးပေးတယ် မန္တလေးမှာဆိုရင်လည်း အလားတူ လျှပ်စစ်မီးပုံမှန်မရလို့ ဆိုပြီး ဆန္ဒဖော်ထုတ်တဲ့အထိ ဖြစ်နေတာတွေတောင် ရှိပါတယ်။ အဲဒီတော့ အဓိကက အခုလို တိုင်းပြည်ထဲ လျှပ်စစ်မီး အပြည့်အဝမပေးနိုင်တာ ဘာကြောင့်ပါလဲ။

“အဓိက-ကတော့ ဓာတ်အားသုံးစွဲမှု တိုးတက်တဲ့နှုန်းပေါ့နော်-လက်ရှိထုတ်လုပ်နေတဲ့ generation capacity တွေက ဒီနှစ် မပေးနိုင်ဘူးဖြစ်သွားတယ်။ ၁၀ % ၊ ၁၂ % ဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိနိုင်တဲ့နှုန်းတွေပေါ့။ အခု ကျနော်တို့က ရာခိုင်နှုန်း ၂၀ လောက်အထိ တက်လာတဲ့အခါကျတော့ လက်ရှိထုတ်လုပ်မှုက သုံးစွဲမှုကို မမီဘူး ဖြစ်သွားတာပေါ့။ အထူးသဖြင့် ဒုတိယအချက်က ရေလှောင်တမံ သုံးတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေထဲက ဒီနှစ်မှာ ရေဝင် နောက်ကျပါတယ် ခင်ဗျ။ ရေလှောင် တမံတွေရဲ့အထက်မှာ မိုးကောင်းကောင်းရွာတာ မရှိသေးဘူး။ ရှိတဲ့ရေလေးနဲ့ ထိန်းပြီး မောင်းပေးနေတော့ တနိုင်ငံလုံးရဲ့လိုအပ်ချက်ကို မမီနိုင်ဘူးဖြစ်တာပါ။ ဒီကြားထဲမှာ ပုံမှန်မောင်းနေတဲ့ ရွှေလီ ရေအားလျှပ်စစ် စက်ရုံက မြန်မာနိုင်ငံရဲ့National Grid ကိုဆက်တဲ့ တာဝါတိုင်လေးတိုင် သောင်းကျန်းသူမိုင်းနဲ့ ခွဲတဲ့အခါ ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။ ၁၉ ရက်နေ့က ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အခုလို အခြေအနေ ပိုဆိုး သွားတာပါ။”

ဒါပေမယ့် ဒီရွှေလီက ဓာတ်အားပေးတိုင်ဟာ တရုတ်နိုင်ငံဘက်ကို အဓိကတင်ပို့နေတာမို့ အခု ရန်ကုန်-မန္တလေး လျှပ်စစ်မီးမရတဲ့အကြောင်းပြချက်နဲ့ လွဲချော်မှုတွေ ရှိနေတယ်လို့ ဝေဖန်ထောက်ပြနေတာတွေ ရှိပါတယ်။ နိုင်ငံထဲမှာ ထွက်တဲ့ စွမ်းအင်အရင်းအမြစ်ကိုသာ ပြည်သူလူထုက အပြည့်အဝခံစားခွင့်ရရင် ဒီလိုပြဿနာတွေ ရှိမှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဦးအောင်ခိုင် ရှင်းပြတာကတော့-

“အဲဒီစက်ရုံက တရုတ်ပြည်ဘက်ကိုလည်း ရောင်းပါတယ်။ ဗမာပြည်ဘက်ကိုလည်း ရောင်းပါတယ်။ ကျနော်တို့က မီဂါဝပ် ၂၀၀ ရပါတယ်။ စက်က ၆ လုံးရှိတာမှာ ၂၀၀ မီဂါဝပ်ထုတ်နိုင်တဲ့စက် ၆ လုံး ပါ။ နောက်ထပ်တလုံးကို ကျနော်တို့က ထပ်ပြီးသုံးဖို့ ညှိတုန်းဖြစ်ပါတယ်။ ကျနော်တို့ ဒီနှစ်နွေမှာရတဲ့ record (မှတ်တမ်း) ပေါ့နော်- တပြည်လုံးမှာ ဓာတ်အား လိုအပ်ချက်က ၁၈၅၀ မီဂါဝပ် လိုပါတယ်။ ထုတ်ပေးနိုင်တာက ၁၄၅၀၊ အများဆုံး ၁၅၀၀ မီဂါဝပ်အထိပဲ ထုတ်ပေးလို့ ရပါတယ်။”

ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ပါရှင်။ ဒါပေမယ့် နိုင်ငံထဲမှာထွက်တဲ့ စွမ်းအင် အရင်းအမြစ်ကိုသာ မြန်မာလူထုက အပြည့်အဝခံစားခွင့်ရရင် ဒီလိုပြဿနာတွေ ရှိမှာ မဟုတ်ဘူး လို့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ထဲက ကိုဝင်းအောင်က ထောက်ပြပါတယ်။

“မြန်မာတနိုင်ငံလုံးကထွက်မယ့် စွမ်းအင်ကို တွက်ချက်မယ်ဆိုရင် လောလောဆယ် တည်ဆောက်ဆဲ ရေ ကာတာတွေ အပါအဝင် ရေကာတာအနည်းဆုံး ၁၀ နဲ့ ၇ ခု၊ ၈ ခုလောက်ကလည်း သူတို့က ထိုင်းနဲ့ တရုတ်နိုင်ငံကို ရောင်းမယ် ဆိုပြီးတော့ သူတို့အနေနဲ့ ရည်ရွယ်ထားတာမျိုးတွေရှိတယ်။ အဲဒီအထဲက တချို့တဝက်ကိုလည်း တရုတ်ပြည်ကို ရောင်းနေတဲ့ဟာလည်း ရှိတာပေါ့နော်။ အထူးသဖြင့် တာပိန် တို့ ရွှေလီတို့ကဟာတွေကို တရုတ်ဘက်ကို ကုန်ဈေးနှုန်း သက်သက်သာသာနဲ့ရောင်းနေတယ်လို့ ပြော ရမှာပေါ့။”

ဒါကတော့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင် ပြောပြခဲ့တာပါ။ အခုဆိုရင် လျှပ်စစ်မီးကို ရန်ကုန်မှာ အလှည့်ကျပေးနေတယ်ဆိုပေမယ့် မီတာအားမပြည့်လို့ ရေတင်လို့တောင်မရတဲ့ အခက်အခဲကိုတော့ ရန်ကုန်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အလှည့်ကျပေးတယ်လို့သာပြောတာ။ ဒါပေမယ့် လာမယ့်အချိန်မှာလည်း မီးအားက လာပြီးရင် ခဏခဏ ပြန်ပြန်ပြတ်သွားတာမျိုးတွေ ဖြစ်တယ်ပေါ့။”

ဒါပေမယ့် လျှပ်စစ်မီးမရတဲ့ပြဿနာဟာ အလွန်ဆုံး သုံးပတ်လောက်အတွင်းမှာ ပြေလည်သွားနိုင်တယ် လို့လည်း ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်ရှင်။