AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကို ကာကွယ်နိုင်ဖို့ ဆေးဝါးသစ်တမျိုးကို ပထဆုံးအနေနဲ့ ဗဟိုအစိုးရ အတည်ပြုချက်ပေးဖို့ အမေရိကန် ကျွမ်းကျင် ဆေးပညာရှင်အဖွဲ့ တဖွဲ့က ထောက်ခံချက် ပေးလိုက်ပါတယ်။
လောလောဆယ် ကျန်းမာနေပေမဲ့ AIDS ရောဂါရနိုင်တဲ့ အလားအလာရှိနေသူတွေကို Truvada ဆေးဝါး သုံးဖို့ ထောက်ခံသင့်မသင့် ကြာသာပတေးနေ့က အစားအသောက်နဲ့ ဆေးဝါးအုပ်ချုပ်ရေး FDA ရဲ့ အကြံပေးအဖွဲ့က မဲနှစ်ကြိမ်ပေးပြီး ဆုံးဖြတ်ခဲ့ကြတာပါ။
လိင်ဆက်ဆံဖော်တဦးမှာ HIV ပိုး ရှိနေတဲ့ လိင်ကွဲဆက်ဆံသူနဲ့ လိင်တူဆက်ဆံသူ ပုံစံနှစ်မျိုး အတွက် မဲပေးဆုံးဖြတ်ကြတာပါ။ တနေ့တလုံးသောက်ရတဲ့ ဒီဆေးဝါးကို အရင်က HIV ပိုးရှိသူတွေ သုံးစွဲခဲ့ကြပြီး သားဖြစ်ပါတယ်။
ဒါပေမဲ့ Truvada ဆေးကို HIV ကာကွယ်ကုသဆေးအဖြစ် အတည်ပြု ပေးဖို့အတွက် FDA အဖွဲ့က အခု ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဆရာဝန် တချို့က ဒီဆေးဟာ AIDS ကူးစက်ရောဂါကို အဆုံးသတ်ဖို့ ပထမ အဆင့်အဖြစ် ကြိုဆိုကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဒီဆေးဟာ လူတွေကို လွဲမှားတဲ့ ယုံကြည်မှုဖြစ်စေပြီး HIV ပိုးကို ကာကွယ်ရာမှာ အထိရောက်ဆုံးဖြစ်တဲ့ လိင်တံစွပ် Condom အသုံးပြုမှု နည်းသွားစေ နိုင်မယ်လို့ ယူဆကြပါတယ်။
FDA အနေနဲ့ အကြံပေးအဖွဲ့ရဲ့ ထောက်ခံချက်ကို အမြဲလိုက်နာဖို့ မလိုအပ်ပေမဲ့ များသောအားဖြင့်တော့ အကြံပေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာလေ့ ရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ဂျွန်လ ၁၅ ရက်နေ့ မှာ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။