ထိုင်းမှာ ရောင်းစားခံရတဲ့ မြန်မာတချို့ လွတ်မြောက်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ ခရိုင်မှာ လှေလုပ်သားတွေအဖြစ် အလုပ်လုပ်ဖို့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံက ကလေး သုံးယောက် အပါအဝင် မြန်မာ နိုင်ငံသား အယောက် ၂၀ ကို ထိုင်းနိုင်ငံမှာ သောကြာနေ့က ကယ်တင်နိုင်ခဲ့ ပါတယ်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းနဲ့ ထိုင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတွေ ပေါင်းပြီး ကယ်တင်နိုင်ခဲ့တဲ့ အကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

တလခွဲကြာ သတင်းအချက်အလက်တွေ စုဆောင်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသား ၂၀ ကို အခက်အခဲတွေ ကြားက ကယ်တင်နိုင်ခဲ့တာ ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းရဲ့တာဝန်ခံ ဦးကျော်သောင်းက ရှင်းပြပါတယ်။

“လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာက အကျိုးရှိတာက ထိုင်းလူမျိုး၊ ကျွန်ပြုခံနေရ တာက ဗမာပဲ-ဆိုတော့ အကျိုးရှိနေတဲ့ထိုင်းကို တာဝန်ရှိတဲ့ ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်အရေးယူဖို့ နေရာမှာ ကျနော်တို့ တရားမဝင် ဖွဲ့စည်းထားရတဲ့ လူမှုအဖွဲ့ သေးသေးလေးက အချိန်၊ အသက်၊ ငွေကြေး အများကြီးရင်းပြီး ပေးခဲ့ရပါတယ်။ ဥပမာတစ်ခုပြောရရင် အဲဒီအချက်အလက်တွေ ပြည့်စုံမှ သူတို့ အလုပ် လုပ်ပါတယ်။ ဒီလူက ဘယ်ရွာက၊ မိဘက ဘယ်သူဆိုတဲ့ အချက် အလက်တွေကို ကျနော်တို့နည်း၊ ကျနော်တို့ဟန်နဲ့ တိုင်ကြားတဲ့သူတွေဆီက အချက်အလက်တွေ ယူတယ်၊ အဲဒီလို အချက်အလက်တွေ အကုန်လုံးကို ဘာသာပြန်ပြီးတော့မှ သူတို့ရဲ့စားပွဲပေါ်ကို သွားတင်ရပါတယ်။”

ပထမဦးဆုံး ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတဦးကတော့ သူက မဲဆောက်ကနေ သားဖြစ်သူက ဘန်ကောက်ကို တက် အလုပ် လုပ်ဖို့ ပွဲစားနဲ့ ခေါ်တာကို လိုက်လာခဲ့တာမှာ ဘန်ကောက် မရောက်ခင် မဟာချိုင်ကနေ လူပွဲစားက လှေပေါ်ကို ရောင်းစား လိုက်တာ ဖြစ်ကြောင်း ပြောပြပါတယ်။

“အောက်ပွဲစားကိုလည်း ဘတ်၂၅၀၀ ပေးခဲ့ရတယ်။ မဟာချိုင်ကို နှစ်ညအိပ်၊ သုံးရက် ကြာတော့ ရောက်လာပါတယ်။ ကျနော့်သားနဲ့လည်း ကျနော် ဖုန်းပြောရတယ်ခင်ဗျ။ အဲဒီမှာပဲ မင်းအောက်ကားခ မပြေလည်သေးဘူး-တဲ့။ ငါ့ကို ပိုက်ဆံလွှဲပေးအုံး-တဲ့။ ပွဲစားက ပြောပါတယ်ခင်ဗျ။ အဲဒီမှာ သားလုပ်တဲ့သူကလည်း ယုံပြီးတော့ လာပို့ပေးမယ် ဆိုပြီးတော့မှ ပိုက်ဆံတသောင်း လွဲှလည်း လွဲှပေးပြီးသွားရော ည ရှစ်နာရီထိုးလောက် ကျတော့ ချွန်ဘူရီက အချောင်ရွာကို ရောင်းထည့် လိုက်တာပါပဲ။ ဘယ်လောက်နဲ့ ဘယ်နည်းနဲ့ ရောင်းလိုက်တယ်တော့ မသိဘူး။ အဲဒီကနေ အချောင် ရွာကို ရောက်ခါမှပဲ လှေတွေကို မြင်ခါမှပဲ မျက်ရည်တွေကျပြီး ကျနော့်သားကို ဖုန်းခိုးပြောပါတယ်။ 'ငါ့သား-အဖေတို့တော့ လှေထဲ ရောင်းစားခံလိုက်ရပီ' - လို့"

သူကတော့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာကဖြစ်ပြီး လှေပေါ်ကနေ လွတ်မြောက်ပြီး တဲ့နောက်မှာ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအသင်းကို ဆက်သွယ် အကူအညီတောင်း ခဲ့ပြီး လှေပေါ်ကလူ ၂၀ ကူညီနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ ချွန်ဘူရီ ခရို်င်၊ အချေုာင် ဆိုတဲ့လှေဆိပ်မှာ သူတို့တွေဟာ အိမ်ထဲမှာပိတ်လှောင်ခံရပြီး လှေပေါ်တက် အလုပ်လုပ်လုပ်ချိန်ကျမှ ထွက်ကြရတာပါ။ လှေ ကပြန်လာတာနဲ့ ပြန်ပြီးတော့ ပိတ်လှောင်ခံထားရတယ်လို့ ဆိုပါတယ်။ သူက ကမ်ဖဲ ဆိုတဲ့နေရာမှာ ငပိတင်တဲ့အချိန် လှေကနေ ထွက်ပြေး လွတ်မြောက်လာခဲ့သူပါ။ ဒီ့နောက်မှာတော့ လှေပေါ်မှာရောင်းစားခံရသူတွေကို ကယ်တင်နိုင်ဖို့အတွက် ကြိုစားခဲ့ ပါတယ်။

အခုလို မြန်မာနိုင်ငံသားတွေကို ချွန်ဘူရီခရိုင်က ငါးဖမ်းလှေတွေမှာ အများအပြား တွေ့ခဲ့ရပေမဲ့ အချက်အလက်အထောက်အထားတွေ ပေးနိုင်တဲ့သူတွေကိုသာ ကယ်ထုတ်နိုင်ခဲ့တာလို့ ဦးကျော်သောင်းကလည်း ပြောပြပါတယ်။

“အကုန်လုံးက ရောင်းစားခံရတဲ့သူတွေချည့်ပဲ။ ၁၆ နှစ်အရွယ် ကလေး သုံးယောက်ပါတယ်။ ကျန်တာတွေကတော့ ၁၀၊ ၂၀ ဝန်းကျင်ပါပဲ။ တယောက်မှ လူကြီးတွေ မပါဘူး၊ ကလေးတွေချည့်ပဲ။ အဝတ်လဲစရာ မရှိဘူးခင်ဗျ။ ညှင်းပန်းနှိပ်စက်၊ သန့်ရှင်းရေးဘောင်းဘီနဲ့ နောက် အင်္ကျံတစ်ထည်ပဲရှိတယ်။ အဲဒီနေရာက မြင်သမျှ လက်ညှိုးထိုး မလွဲလောက်အောင် လှေတိုင်း လှေတိုင်းက လူဝယ်ထားပြီး ခိုင်းနေတာဖြစ်တဲ့အတွက ်တချို့ ရှောင်သွားတယ်။ တချို့ လူတွေအကုန်လုံးကို မမြင်ရအောင် အတွင်းထဲမှာ ဝပ်နေခိုင်းတယ်။”

ရောင်းစားခံရသူတွေဟာ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇလုပ်ကြီးကျေးရွာကများပြီး တခြားနေရာဒေသက လူငယ်တွေလည်း ပါဝင်ပါတယ်။ ဒီ ထဲမှာ အသက်ဆယ့်ခြောက်နှစ် အရွယ် ကုလားကြီး (ခေါ်) ဇင်ကိုနိုင်၊ အရုပ်(ခေါ်) ကရင်လေးလို့ခေါ်တဲ့ ထန်းတပင် မြို့နယ်က ကလေးတွေလည်းပါဝင်ပြီး ဘန်ကောက်ကနေ မဟာချိုင်ကိုအလည်သွားတဲ့ ယာယီပတ်စပို့ ကိုင်ဆောင်ထားတဲ့ ကိုစိုးနို်င်ဆိုတဲ့ လူငယ်တဦးလည်း ရောင်းစားခံတဲ့ အထဲမှာ ပါဝင်တယ်။