ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါလာဖို့ မျှော်လင့်နိုင်

၂၀၁၁ ခု၊ မေလ ၁၇ က လွတ်မြောက်လာသော အကျဉ်းသားများ။ (အေပီ)

မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အကျဉ်းသား ၆ ထောင်ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါလာမယ်၊ မပါလာဘူးဆိုတာ အများက မရေမရာဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရဲ့ အကြံပေးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာနေဇင်လတ်ကတော့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေတောင် ပါလာဖို့ မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပထမအကြိမ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါသလောက် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါလာနိုင်တယ် ဆိုတဲ့အကြောင်း မနန္ဒာချမ်းက မေးမြန်းတဲ့အခါ ဒေါက်တာနေဇင်လတ်က ဗီအိုအေ မြန်မာပိုင်းကို အခုလို စတင် ပြောဆိုပါတယ်။

“ပထမ၊ အစိုးရသက်တမ်း တလလောက်မှာ ကျနော်တို့ တနှစ်လျှော့ပေါ့ပေးလိုက်တဲ့ ကိစ္စကြီးကပေါ့ဗျာ- အဲဒီမှာ နည်းနည်းလေး ဝေဖန်သံလေးတွေ ထွက်လာတာပေါ့ဗျာ။ သို့သော်လည်း ကျနော်တို့ ပြောခဲ့ဖူးတယ်လေ။ အစိုးရအသစ် တက်လာတဲ့အခါကျတော့ ဒီ Stability လည်း ကြည့်ရသေးတာပေါ့ဗျာ။ Stable ဖြစ်လာတာနဲ့အမျှ ဒါလေးတွေက အစိုးရအသစ်တရပ်အနေနဲ့ လုပ်သွားလေ့၊ လုပ်သွားထရှိတဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး မျှော်လင့်နိုင်ပါတယ်လို့ ကျနော် ဖြေခဲ့ဖူးတယ်။ အခု အစိုးရရဲ့ သက်တမ်းကလည်း ၆ လလောက် ရှိပြီ ဆိုတဲ့အခါကျတော့ အခုအချိန်မှာတော့ သမ္မတကြီးကလည်း အင်မတန်ပျော့ပြောင်းတဲ့ လူပဲလေ။ ဆိုတော့ ပြည်သူတွေရဲ့ဆန္ဒကို သူကလည်း အမြဲတမ်း ပြည့်ဝအောင် ဖြည့်ဆီးပေးချင်တဲ့ စိတ်ဆန္ဒ သူ့မှာ ရှိတာကိုးဗျ။ ဆိုတော့..ဒါတွေက ကျနော်တို့ အများကြီး မျှော်လင့်နိုင်ပါတယ်။ Prominent တချို့တွေ ပါလာနိုင်ပါတယ်”

ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုချက်ကိုလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တက်ကြွလှုပ်ရှားသူ ၁ သိန်းကျော်ကနေ လက်မှတ်ရေးထိုးခဲ့ပြီး မကြာသေးခင်ကပဲ သမ္မတ ဦးသိန်းစိန်ဆီကို ပို့ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း အောက်တိုဘာလ ၁၀ ရက်၊ တနင်္လာနေ့ကပဲ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာကို သမ္မတဦးသိန်းစိန်ဆီ ပေးပို့ခဲ့ပါတယ်။