အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားမည်

  • VOA

မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အားပေး ကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Hormats ဟာ ဒီ ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ အစီအစဉ်နဲ့ အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ ဇူလိုင်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ မြန်မာနိုင်ငံကို သူ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ လက်ထောက် ဝန်ကြီး Francisco Sanchez နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိတွေဟာလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats နဲ့အတူ မြန်မာနိုင်ငံကို လိုက်ပါ သွားမှာဖြစ်ပါတယ်။ မစ္စတာ Hormats ဟာ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာတော့ ဗီယက်နမ်နဲ့ ကမ္ဘော ဒီးယားနိုင်ငံတွေကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

ဗီယက်နမ်နဲ့ အမေရိကန်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှုတွေ တိုးမြင့်တည်ဆောက်ဖို့ အတွက် ဗီယက်နမ်နိုင်ငံ ကို ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် နဲ့အတူ ဗီယက်နမ်အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေနဲ့လည်း မစ္စတာ Hormats တွေ့ဆုံမှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာတော့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ ကျင်းပမယ့် Commitment to Connectivity C2C လို့ နံမည်ပေးထားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံ အဖွဲ့နိုင်ငံတွေက အစိုးရ ပိုင်းကရော၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ပထမဆုံးသော စီးပွားရေး ဆွေးနွေးပွဲတရပ်ကို တက်ရောက်မှာ ဖြစ်ပါ တယ်။