အာရှ ပစိဖိတ်ဒေသဟာ ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ထိန်းသိမ်းရာမှာ ထိပ်တန်းဒေသတခု ဖြစ်နိုင်တယ်လို့ ADB အာရှဖွံ့ဖြိုးမှုဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဖွ့ံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာသစ်ကို ကျင့်သုံးဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။
အာရှ-ပစိဖိတ်ဒေသဟာ ၁၉၉ဝ နှစ်တွေက စပြီး ကမ္ဘာမှာ သယံဇာတ အသုံးစွဲဆုံး ဒေသတခု ဖြစ်ခဲ့တာမို့ ဒီအတိုင်း ဆက်သွားနေရင် လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုဟာ ၂,ဝ၅ဝ ခုနှစ်လောက်မှာ အခုထက် ၃ ဆတိုးလာပြီး ကမ္ဘာ့ သဘာဝဂေဟစံနစ် ခံနိုင်ရည်မရှိဘဲ ပျက်ပြားသွားနိုင်တယ်လို့ ဆိုပါတယ်။
အစားထိုး လောင်စာစွမ်းအင် ထုတ်လုပ်သုံးစွဲရာမှာ ငွေကြေးကုန်ကျမှု များပေမယ့် အာရှ-ပစိဖိတ် ဒေသဟာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဦးဆောင်နေတာ တွေ့ရတယ်လို့ ဖိလစ်ပိုင်အခြေစိုက် ADB အဖွဲ့က ပြောပါတယ်။
ကာဗွန်ထုတ်လုပ်မှု လျော့နည်းအောင်နဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံနေသူတွေကို နိုင်ငံအစိုးရတွေက ဆုပေးတဲ့အနေနဲ့ အခွန်ပြင်ဆင် ကောက်ယူတာလိုမျိုး မူဝါဒတွေ ချမှတ်ဖို့ စဉ်းစားသင့်တယ်လို့လည်း အစီရင်ခံစာက တိုက်တွန်းပါတယ်။
အာရှ-ပစိဖိတ်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အောင်မြင်နေတာဟာ ဆင်းရဲချို့တဲ့ သူတွေကို ကူညီတာနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင် လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အကျိုးအမြတ်ရှိအောင် လုပ်ပေးနေတာတွေကြောင့်လို့ ADB က ပြောပါတယ်။