ရခိုင်ပြည်နယ်မှာ ပြီးခဲ့နှစ်က ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခဲ့ရတဲ့အကြမ်းဖက်မှုတွေ ဖြစ်ပွားရာမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့သလို ARSA ခေါ် ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကလည်း ဟိန္ဒူဘာသာဝင် ဒါဇင်ပေါင်းများစွာကို ရက်ရက်စက်စက်သတ်ခဲ့တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အခုလို ၂ ဖက်စလုံးက ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေကို အရေးယူနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ကို သတင်းမီဒီယာတွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ်သွားရောက်ခွင့်ပြုဖို့လည်း အဖွဲ့အစည်းက တောင်းဆိုခဲ့ပါတယ်။ ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုက လူပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားအသစ်တွေ တွေ့ရှိရတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ Amnesty International အဖွဲ့က အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အနောက်ပိုင်းရှိ ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူ အမျိုးသား ၂၀ အမျိုးသမီး၁၀ ဦး ၊ ကလေး ၂၃ ဦးနဲ့ အသက် ၈ နှစ်အောက်အရွယ် ကလေး ၁၄ ဦးတို့ကို ARSA အကြမ်းဖက်အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ Amnesty International နဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံစလုံးမှာ လာရောက်တွေ့ဆုံမေးမြန်းခန်းတွေ ရခဲ့တယ်လို့ Amnesty International ရဲ့ အစီရင်ခံစာ ပြုစုသူ Matthew Wells ကပြောပါတယ်။
“ကျနော်တို့က နယ်စပ်၂ ဖက်စလုံးမှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ ARSA အဖွဲ့ရဲ့ သတ်ဖြတ်မှုတွေကို လေ့လာခွင့်ရခဲ့တယ်။ ARSA အကြမ်းဖက်အဖွဲ့ရဲ့ သတ်ဖြတ်မှုက လွှတ်မြောက် လာခဲ့တဲ့ အမျိုးသမီးတချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းတုန်းကတော့ ရခိုင်စစ်တွေမှာ အကြမ်းဖက်မှုဘေးကနေ လွှတ်မြောက်လာတဲ့ ဟိန္ဒူဘာသာဝင်တွေ၊ မြို၊ ခမီ စတာတွေကို မေးမြန်းခွင့်ရခဲ့ပါတယ်။ ပြောပြချက်တွေက ခိုင်လုံနေတာကို တွေ့ရပါတယ်။ သူတို့ကို တိုက်ခိုက်တဲ့ရွာနားက ရိုဟင်ဂျာတွေကို သူတို့ မှတ်မိနေတာကို တွေ့ရပါတယ်။ ဟိန္ဒူအမျိုးသမီးတွေပြောပြတာက ရခိုင်ပြည်နယ်မှာရှိတဲ့ တချို့ကျေးရွာတွေမှာ ARSA တိုက်ခိုက်ခံရသူတွေ ပြောတာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဒါတွေကိုစုပေါင်းပြီးတော့ အလောင်းတွေကို ဆေးပညာပိုင်းအရ စစ်ဆေးတွေ့ရှိလာတဲ့ အထောက်အထားတွေနဲ့ ပေါင်းပြီးတော့ ခိုင်လုံတာကို တွေ့ရပါတယ်။”
အခုလို Amnesty ရဲ့အစီရင်ခံစာဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ သတင်းဖော်ပြခြင်း နည်းပါးနေတဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်မှုတွေအကြောင်း မီးမှောင်းထိုးပြရာရောက်တယ်လို့ Amnesty International ကပြောပါတယ်။ ဒါပေမယ့် Amnesty အနေနဲ့ ဒီအစီရင်ခံစာ ပြုစုရာမှာ မြန်မာအာဏာပိုင်တွေဘက်က အခင်းဖြစ်ပွားရာ အနောက်ခမောင်းဆိပ်ကျေးရွာကို သွားရောက်ခွင့်မပြုပဲ စစ်တွေမှာသာ ဟိန္ဒူတွေနဲ့ တွေ့ဆုံခွင့်ပြုခဲ့တယ်လို့ Amnesty က ထောက်ပြခဲ့ပါတယ်။
Matthew Wells က
“Amnesty International အနေနဲ့ မြောက်ပိုင်း ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်အကြိမ်ကြိမ်တောင်းခဲ့ပေမယ့်လည်း မြန်မာအာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေကိုရော အထောက်အထားတွေကိုပါ လုပ်ခွင့်မပြုခဲ့ပါဘူး။ ကျနော်တို့က စစ်တွေကို သွားခဲ့ပါတယ်။ အဲဒီမှာ ရခိုင် မြောက်ပိုင်းဟိန္ဒူဘာသာဝင် ၅၀ လောက်ကို ခေါ်ပြီး သူတို့တဦးချင်းစီ အဖြစ်အပျက်တွေကို တွေ့ဆုံမေးမြန်းပါတယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းကိုတော့ သွားခွင့်မပြုခဲ့ပါဘူး။ ဒီအစီရင်ခံစာကို ကြည့်ခြင်းအားဖြင့် စုံစမ်းစစ်ဆေးခွင့်ပေးဖို့ အရေးကြီးတာကို ပြသရာရောက်နေပါတယ်။ ကျနော်တို့ ဒီသတင်းကို လိုက်နေတာ လနဲ့ချီပြီးတော့ ကြာနေပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လကမှ တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။ တကယ်ဖြစ်ပွားတဲ့နေရာကိုရောက်မယ်ဆိုရင် အမှန်ကို ဖော်ထုတ်နိုင်မှာပါ။”
အခုလို ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေပြုနိုင်ဖို့ အရေးကြီးသလို ဘင်္ဂလားဒေ့ရှ်ကို သိန်းနဲ့ချီပြီးထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာတွေမြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ရပ်တွေနဲ့ ပတ်သက်လို့လဲ တိတိကျကျ အရေးယူနိုင်ဖို့ အရေးကြီးတဲ့အတွက်ကြောင့် ရခိုင်ပြည်မြောက်ပိုင်းကို နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ သွားရောက်ခွင့်ပြုသင့်တယ်လို့ Amnesty က တိုက်တွန်းပါတယ်။
“မြန်မာအစိုးရအနေနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ကျူးလွန်မှုတွေအကြောင်း အခိုင်အမာ မှတ်တမ်းတင်ပြီးတော့ ထိထိရောက်ရောက်အရေးယူစေချင်တယ်ဆိုရင် အခင်းဖြစ်ပွားတဲ့နေရာကို အကန့်အသတ်မရှိ သတင်းမီဒီယာတွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို သွားခွင့်ပြုသင့်ပါတယ်။ အလားတူပဲ ARSA တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာမြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေဟာ နိုင်ငံတကာအဆိုအရ ရိုဟင်ဂျာတွေကို လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ရာရောက်တဲ့ အတွက်လည်း ဒီ ၂ ဖက်စလုံးက ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အပြည့်အ၀ စုံစမ်းစစ်ဆေးနိုင်ဖို့ သတင်းထောက်တွေ၊Amnesty လို နိုင်ငံတကာအဖွဲ့အစည်းတွေ ကုလရဲ့ ရှာဖွေရေးအဖွဲ့အစည်းတွေကို သွားရောက်ခွင့်ပြုသင့်ပါတယ်။”
မကြာသေးမီက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်းမှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဟောက်ဒိုစွမ်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ARSA အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကိုလည်း နိုင်ငံတကာက စုံစမ်းစစ်ဆေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
Your browser doesn’t support HTML5