ထိုင်းနိုင်ငံက လူအခွင့်ရေးလှုပ်ရှားသူလည်းဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင်ရွှေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ကိုထိုင်းတောင်ပိုင်းက(Natural Fruit Co Ltd) သစ်သီးစက်ရုံက အသရေဖျက်မူနဲ့အီလက်ထရောနစ် မှုတွေနဲ့ တရားစွဲခဲ့တဲ့အမူနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းခရိုင် တရားရံုံးမှာ ရုံးတင်စစ်ဆေးနေရာကနေ စက်တင်ဘာလ ၂၀ ရက်နေမှာတော့ထောင်ဒဏ် ၄နှစ်နဲ့ ငွေဒဏ်များ ချမှတ်လိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်
ထိုင်းနိုင်ငံမှာ လူ့အခွင်ရေးလှုပ်ရှားသူ လည်းဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ကို ဘန်ကောက်မြို့က တောင်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၄နှစ်နဲ့ ငွေဒဏ်များ ချမှတ်ခဲ့တာဖြစ်တယ် လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဌ ဦးစိန်ဌေးက အခုလိုပြောပါတယ်။
“သစ်သီးစက်ရုံကနေပြီးတော့ တရားစွဲထားတဲ့ အီလက်ထရောနစ် ပုဒ်မနဲ့ အသရေဖျက်မှု တရားရုံးကနေပြီးတော့ ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ ထောင်ဒဏ် ၄နှစ်နဲ့ ဒဏ်ငွေက ဘက် ၂ သိန်း ချလိုက်တယ်။ ပြီးလို့ရှိရင် သူကတရားရုံးမှာ ထွက်ချက်ပေးတုန်းက တရားစီရင်မှု ကို အထောက်အကူပြုတယ်ဆိုပြီးတော့ ၄ ပုံ ၁ ပုံလျှော့တယ်ဆိုတော့ ထောင်ဒဏ် ၃ နှစ်နဲ့ ဘက်ငွေ ၁ သိန်း ။ အဲဒီမှာ ထောင်ဒဏ်ကို အရင်က ပြစ်မှုမရှိခဲ့တာရော၊ လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် လူ့မှုအသိုင်းအဝိုင်းအကျိုးစီးပွားလုပ်တာကြောင့် ဆိုင်းငံ့ ၂ နှစ် အဖြစ်ပြောင်းလိုက်တယ်။ ဆိုလိုတာကတော့ ဒီ ၂ နှစ် ကာလအတွင်းမှာ နောက်ထပ်အမှုတွေဘာတွေစွဲပြီးတော့ ပြစ်ဒဏ်ချခံရတာမျိုးမရှိရင်တော့ သူထောင်ဒဏ်ကျခံစရာမရှိဘူး။ ဒီ ၂ နှစ်အတွင်းမှာ နောက်ထပ်အမှုတွေနဲ့ ပြစ်ဒဏ်ချခံရတာမျိုးဖြစ်လာရင်တော့ ခဏက ကျတဲ့ ၃ နှစ်နဲ့ပေါင်းပြီး ကျခံရမယ်။”
ထိုင်းနိုင်ငံအခြေစိုက်လှုပ်ရှားနေတဲ့ လူအခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနဲ့ ရွေ့ပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက်က နိုင်ငံခြားရေးရာ ဆိုင်ရာအကြံပေး အဖြစ် တာဝန်ရှိသူဖြစ်တဲ့ Andy Hall ဟာလုပ်ဆောင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထိုင်းတောင်ပိုင်းက သစ်သီးစက်ရုံကအလုပ်သမားတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်လို့ Finland နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတခုကို သုတေသန စစ်တမ်းဆိုင်ရာ အချက်အလက်တွေ ပေးပိုခဲ့တာကြောင့် သစ်သီးစက်ရုံရဲ့ တရားစွဲဆိုတာကို ခံခဲ့ရတာဖြစ်တယ်လိုလည်း ဆက်ပြောပြပါတယ်။
“Andy Hall ကစက်ရုံမှာရှိတဲ့ လုပ်ငန်းခွင်အခြေအနေကို စစ်တမ်းတခုလုပ်တယ်။ အဲဒီမှာ အလုပ်သမားတွေရဲ့ထွက်ဆိုချက်တွေကို Finland က Finnwatch ဆိုတဲ့အဖွဲ့အစည်းကို ပို့ပေးတယ်။ ပို့ပေးတာကို Finnwatch ကလည်း ဒီဟာကို အင်တာနက်ပေါ်တင်တာပေါ့နော် စက်ရုံမှာရှိတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ။ အဲဒါကြောင့် ဒီလိုလုပ်လိုက်တာက သူ့တို့ကို ထိခိုက်နစ်နာတယ်ဆိုပြီးတော့ တရားဆွဲတယ်။”
Andy Hall ဟာ ထိုင်းတရားရုံးမှာနောက်ထပ်တရားမမှု ၂ ခုကို ရင်ဆိုင်ရမှာဖြစ်ပြီး သစ်သီးစက်ရုံ က ဘတ်ငွေ သန်းနဲ့ချီပြီး နစ်နာကြေး တောင်းဆိုထားတယ် လို့လည်းသိရှိရပါတယ်။ ၂၀၁၃ ခုနှစ်ကတည်း က သစ်သီးစက်ရုံက စွဲဆိုထားတဲ့အမူနဲ့ ပတ်သက်လို့အကြိမ်ကြိမ်တရားရုံးက စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာ သူ့ကိုအပြီးသတ် အမိန်ချခဲ့တာဖြစ်ပါတယ်။ သူအမှုနဲ့ ပတ်သက်လို့ အယူခံတက်ပြီး ဆက်လက် အမူရင်ဆိုင်သွား မှာ ဖြစ်တယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်က ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5