မိုခါမုန်တိုင်းအရေး ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြီး လူ့အသက်တွေမသေအောင် ကာကွယ်နိုင်ရဲ့ နဲ့ မုန်တိုင်းမိုခါ ဒဏ်နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံး ပျောက်ဆုံးမှု များပြားခဲ့ရတာဟာ စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ မုန်တိုင်းအလွန်ကူညီကယ်ဆယ်ရေးတွေလည်း အဟန့်အတားများစွာနဲ့ကြုံနေရတဲ့ အတွက် အသက်မသေ ကျန်ခဲ့သူတွေမှာလည်း အရေးပေါ်စိုးရိမ်စရာအခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးထွန်းခင်။ ။ ကျနော်တို့ အခုထုတ်ပြန်တဲ့အစီရင်ခံစာက“PREVENTABLE DEATHS IN CYCLONE MOCHA AND THE ROHINGYA GENOCIDE” ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ချိန် ရိုဟင်ဂျာတွေအပေါ် ကြိုတင်ကာကွယ်နိုင်ရဲ့သားနဲ့ ရိုဟင်ဂျာတွေ များစွာ အသက်တွေဆုံးရှုံးလိုက်ရတယ် အဲ့တာဟာ မြန်မာစစ်တပ်မှာ တာဝန်ရှိတယ် ပြီးတော့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုက အခုထက်ထိသွားနေတုန်းပဲဆိုတာကို အိုင်စီဂျေမှာ ခြောက်လတကြိမ်ထုတ်တဲ့ အစီရင်ခံစာနဲ့ အတူတူ ကျနော်တို့ တချိန်တည်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်ဘက်က အိုင်စီဂျေမှ ICJ -Probational Measures လို့ခေါ်တဲ့ ကနဦးလျှောက်လဲချက်တွေကို လိုက်နာမှု မရှိသည့်အပြင် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်နေတုန်းပဲဆိုတာကို ကျနော်တို့ အစီရင်ခံစာထုတ်ရခြင်းဖြစ်တယ်။ အထူးသဖြင့် ဆိုင်ကလုန်းမိုခါမှာ ရိုဟင်ဂျာတွေ ရာချီသေဆုံးခဲ့ရတဲ့ဟာကို ကျနော်တို့အဖြစ်အပျက်တွေနဲ့ သေသေချာချာ ရှင်းရှင်းလင်းလင်းရေးထားပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဆိုင်ကလုန်းမိုခါဆိုတာက သဘာဝဘေးအန္တရာယ်ဖြစ်တယ် ဆိုတဲ့အခါကျတော့ တားဆီးလို့မရနိုင် ပေမဲ့ ကြိုတင်ကာကွယ်နိုင်တာတွေရှိတယ်။ နောက်ပြီး တကယ်လို့ ကြိုတင်ကာကွယ်မှုတွေ အားနည်းခဲ့တယ်ဆိုရင်လည်း မုန်တိုင်းရဲ့အလွန်မှာ မုန်တိုင်းဘေးဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့ဆိုတာကလည်း အရေးတကြီးလိုအပ်ချက်ဖြစ်တယ်။ ဒီလိုအခြေအနေတွေမှာ လက်ရှိရိုဟင်ဂျာတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့အခြေအနေက ဒီရီပို့ထဲမှာ ဖော်ပြထားသလို ရည်ရွယ်ချက်ရှိရှိ လုပ်ပါတယ် ဆိုတာက ဦးထွန်းခင်တို့ဘက်က ဘယ်လိုများ ရှာဖွေစုံစမ်းမေးမြန်းခဲ့တာတွေရှိခဲ့လို့ ဒီမှတ်တမ်းမှာ ဖော်ပြနိုင်တာပါလဲရှင့်။

ဦးထွန်းခင်။ ။ ဒါကတော့ ရှင်းရှင်းလေးပဲလေ။ မြန်မာစစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာက သိသာထင်ရှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ထက်ထိ မုန်တိုင်းတိုက်ပြီးတာ သီတင်းတပတ်ကျော်သွားပြီ။ အခုထက်ထိ Humanitarian Aid လူသားချင်းကူညီစာနာထောက်ထားမှု အကူညီတွေကို အခုထိ ဝင်ခွင့်မပေးသေးတာ ရှိတယ်။ အခုကျနော်တို့ ကြားသိရသလောက် လူတွေမှာ ရောဂါတွေဖြစ်နေပြီ ဝမ်းရောဂါလိုစဖြစ်နေပြီ။ ဒီလိုအနေအထားမှာ မုန်တိုင်းဒဏ်သင့်ပြည်သူတွေမှာ အစားအသောက်မရှိဘူး ဆေးဝါးမရှိဘူး။ လူတွေနေထိုင်စရာ အမိုးအကာမရှိဘူး။ကလေးငယ်တွေမှာ အစားအစာမရှိဘူး ဒီလိုအခြေအနေမှာ လူသားချင်းစာနာမှု ထောက်ပံ့မှုတွေမပေးဘူးဆိုရင် ဒီလူတွေကို ရည်ရွယ်ချက်ရှိရှိ ဆက်ပြီးတော့ အစိုးရဘက်က လုပ်နေတယ်ဆိုတာကို ပေါ်ပေါ်တင်တင် ထင်ထင်ရှားရှား ကျနော်တို့ တွေ့ရပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒီလိုအချက်အလက်တွေကို လက်ဝယ်ရရှိထားတယ် ကွင်းဆင်းပြီးတော့လည်း လေ့လာစုံစမ်းမေးမြန်း ထားတယ်ဆိုရင် ဒီရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ဆောင်ရွက်နေတဲ့အခါမှာ အခုရရှိထားတဲ့ နယ်မြေက အချက်အလက်တွေက ဘယ်လိုမျိုးသက်ရောက်မှု ရှိနိုင်မလဲရှင့်။

ဦးထွန်းခင်။ ။ ဒီအချက်အလက်တွေ အထောက်အထားတွေက အရင်ကတည်းကလည်း ရှိပြီးသား Independent Investigative Mechanism for Myanmar. II MM ဒီလိုအထောက်အထားတွေက အများကြီးရှိတယ်။ ဒီဆိုင်ကလုန်းမိုခါ ဆိုရင် ၂၀၂၃မှာ ပိုပြီးတော့ သိသာထင်ရှားစေတယ်။ ဒီတရားမျှတမှုရရေးအတွက်ကိုလည်း ကျနော်တို့ အများကြီး လုပ်နေပါတယ်။ ကျနော်ယုံကြည်တာက ဒီအမှုတွေကနေ ကျနော်တို့ရိုဟင်ဂျာ လူမျိုးစုတခုတည်း အတွက်တင်မဟုတ်ပဲ တခြားမြန်မာနိုင်ငံမှာ ရှိတဲ့ လူနည်းစုအားလုံး မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက် အလားအလာကောင်းတွေ အများကြီးဖြစ်စေမယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ အိုင်စီစီမှာလည်း တမှုရှိတယ်။ နောက်တခုက ကျနော်တို့ အာဂျင်တီးနားမှာ လုပ်နေတဲ့အမှုကလည်း ဖမ်းဝရမ်းထုတ်နိုင်ဖို့ အလားအလာ အများကြီးရှိနေပါတယ်။ ဒီအမှုတွေက သွားနေသလို တဘက်မှာလည်း အိုင်စီဂျေမှာရှိနေတဲ့ အမှုကတော့ စကစကိုယ်တိုင် ဝင်ပြီးတော့ ဒီအမှုမှာလည်း သူတို့ပြေးလို့လွတ်မှာမဟုတ်ဘူးခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုဒီလိုရိုဟင်ဂျာတွေ နစ်နာဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေထုတ်ပြန်တယ် ဆွေးနွေးပွဲ စည်းဝေးပွဲတွေလုပ်ပြီးတော့ အခုလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုဆွေးနွေးကြတယ် အဲ့ဒီ့တော့ ဒီသတင်းမှတ်တမ်းတွေ ဆွေးနွေးချက်တွေက တကယ်ပဲ လက်တွေ့မှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သူတို့လက်တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ သူတို့ကြုံနေရတဲ့ အရေးပေါ်အခြေအနေတွေကနေ တစုံတရာပြောင်းလဲမှုရှိအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ထင်ပါလားရှင့်။

ဦးထွန်းခင်။ ။ တော်တော်လေးကို သက်ရောက်မှုရှိမယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရိုဟင်ဂျာလူမျိုးတွေ လူမျိုးတုန်းသတ်ဖြတ်မှု ခံနေရတာတွေ မိုခါဆိုင်ကလုန်းမှာ စစ်တပ်ဘက်က ဘယ်လောက်အထိ ရည်ရွယ်ချက်ရှိရှိ ကျနော်တို့သေအောင်အထိ လုပ်ခဲ့တယ်ဆိုတဲ့ ဒီအစီရင်ခံစာမှာ အဖြစ်အပျက်တွေကို ဖော်ပြနိုင်ခဲ့တယ်။ မြန်မာစစ်တပ်ရဲ့ချိုးဖောက်မှုတွေကို ပေါ်ပေါ်လွင်လွင် ရေးထားတယ်။ ဒီလိုတင်ပြချက်တွေကနေ ကျနော်တို့ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားတွေ ဘယ်လိုခံစားနေရသလဲ ဒီအခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော်တို့တင်ပြဖို့လိုမယ်။ အဲ့လိုတင်ပြနိုင်မယ်ဆိုရင် ဖိအားတွေပိုရှိလာမယ်လို့ ကျနော့်အနေ နဲ့ပြောချင်တယ်။ ဒါကြောင် ဒီသတင်းမှတ်တမ်းတွေ ဆွေးနွေးချက်တွေက ကျနော်တို့ရိုဟင်ဂျာတွေအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီ ဒီသတင်းမှတ်တမ်းတွေ ဆွေးနွေးချက်တွေကနေတဆင့် နိုင်ငံတကာအသိုင်းအဝိုင်း သိသွားတဲ့အခါမှာ အခုလက်ရှိ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ အလှူရှင်နိုင်ငံတွေဘက်က အခုလက်ရှိ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ထပ်ပြီးတော့မှ ထိရောက်တဲ့အကူအညီတွေ ဆောင်ရွက်မှုတွေ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါသလဲရှင့်။

ဦးထွန်းခင်။ ။ ပထမဆုံးတော့ ရိုဟင်ဂျာတွေအပါအဝင် ကျနော်တို့နိုင်ငံမှာ ဆိုင်ကလုန်းမိုခါဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေ စစ်ပြေးဒုက္ခသည်တွေ အားလုံးအတွက် လူသားချင်းစာနာမှုထောက်ပံ့မှုတွေပေးနိုင် အောင်နည်းပေါင်းစုံ နဲ့ပေးနိုင်အောင် လုပ်ပေးဖို့ တိုက်တွန်းချင်တယ်။ ဒုတိယတချက်ကတော့ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့ ဆိုတာကလည်း တော်တော်လေးကို ခက်ခဲလာဦးမှာပဲဖြစ်တယ် ဒါကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ဒုက္ခသည်တွေကို WFP က ဖြတ်တောက်ထားတဲ့ ရိက္ခာတွေကို မဖြတ်တောက်ဖို့ ပေးနေကျ ၁၂ဒေါ်လာကို ပုံမှန်ပြန်ပေးပေးဖို့ကိုလည်း ကျနော်တို့က တိုက်တွန်းနေပါတယ်။ အခုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အထူးသဖြင့် စာတွေပေးပို့နေတာတွေလည်းရှိပါတယ်။ လုံခြုံရေးကောင်စီအထိ ဒီအခြေအနေတွေကို ဆွေးနွေးဖို့လိုမယ်။ ၂၀၀၈တုန်းကလည်း ကျနော်တို့မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် ကျနော်တို့နိုင်ငံသားတသိန်းလေးသောင်းကျော် သေဆုံးခဲ့ရတယ်။ အဲ့ဒီ့အချိန်မှာလည်း Humanitarian Aid လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ထားတယ်။ အခုလည်း ဒီလိုအခြေအနေတွေကို တွေ့ရတယ်။ အဲ့ဒီ့အတွက်ကြောင့် နိုင်ငံတကာအနေနဲ့ ဖိအားပေးရုံလောက်နဲ့တော့ မဖြစ်တော့ဘူး ဒါက အရေးယူ ဆောင်ရွက်မှဖြစ်တော့မယ် အရေးယူမှကို ရတော့မယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစည်းအဝေးခေါ်ပြီး အရေးတကြီး လုပ်ဆောင်ဖို့လိုအပ်နေပြီဆိုတာကို ကျနော်တို့အနေနဲ့ပြောချင်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာတရားရုံးမှာ တရားမျှတမှုရှိရေး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က ဦးဆောင်ပြီး မေလ (၂၅)ရက်နေ့က ကျင်းပခဲ့တဲ့ “Preventable Deaths in Cyclone Mocha and the Rohingya Genocide” အွန်လိုင်းဆွေးနွေးပွဲမှာလည်း Global Justice Center၊ ဂမ်ဘီယာဥပဒေပညာရှင်အဖွဲ့ ကရင်အမျိုးသမီးအစည်းအရုံး ( KWO) စတဲ့ မြန်မာ့အရေးဆောင်ရွက်နေသူတွေက ဝိုင်းဝန်းဆွေးနွေးခဲ့ကြခဲံ့တာဖြစ်ပါတယ်။ အဲ့ဒီ့ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မဆုမွန်က ဦးဆောင်ဆွေးနွေးသူ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ဆက်သွယ်မေးမြန်းတင်ပြခဲ့တာပါ။

Your browser doesn’t support HTML5

မိုခါမုန်တိုင်းအရေး ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်