နီပေါနိုင်ငံမှာ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့သူတွေထဲမှာ အမေရိကန်နိုင်ငံသား နှစ်ဦးနဲ့ အမြဲတမ်း နေထိုင်ခွင့် (Greencard) ရထားသူ နှစ်ယောက်ပါတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
Yeti လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ဟိမဝန္တာ တောင်ခြေမှာရှိတဲ့ ပိုခါရာ (Pokhara) နိုင်ငံတကာလေဆိပ်ကို ဆင်းသက်လာနေချိန်မှာပဲ ပျက်ကျပြီး လေယာဉ်ပေါ်မှာ ပါလာတဲ့ လူ ၇၂ ယောက်လုံး သေဆုံးသွားခဲ့တာပါ။ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ် (Ned Price) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ခုလို ခက်ခဲတဲ့အချိန်မှာ နီပေါနိုင်ငံလိုအပ်တဲ့ အကူအညီတွေပေးသွားဖို့ အမေရိကန်ပြည်ထောင်စုက အသင့်ပါပဲလို့လည်း ပြောခွင့်ရက ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ စုံစမ်းရေးအဖွဲ့မှာတော့ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အီးယူ ဥရောပသမဂ္ဂ လေကြောင်း ဘေးကင်းလုံခြုံရေး အေဂျင်စီနဲ့ ပြင်သစ် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေ ပါဝင်ပါတယ်။ လေယာဉ်မောင်းနှင် ပျံသန်းမှု မှတ်တမ်းတင် Black box တွေကိုတော့ လေယာဉ်ပျက်ကျပြီး တရက်အကြာမှာ ရှာတွေ့ထားပါတယ်။
Your browser doesn’t support HTML5
[Unicode]