မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို အကာအကွယ်ပေးဖို့ ကန်လွှတ်တော်နဲ့ အစိုးရကို Chevron စည်းရုံး

(Zawgyi/Unicode)

မြန်မာအာဏာသိမ်းစစ်တပ်အပေါ် အမေရိကန်က အရေးယူဒဏ်ခတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ ဖိအားအပေးခံနေရချိန်မှာပဲ အမေရိကန်ရေနံကုမ္ပဏီကြီးတခုဖြစ်တဲ့ Chevron ကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင်းက သူတို့ရဲ့စွမ်းအင်လုပ်ငန်းတွေမထိခိုက်အောင် လုပ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ အစိုးရအရာရှိတွေကို လိုက်ဆွယ်နေတာ တွေ့ရတယ်လို့ ဗဟိုအစိုးရက ပြောပါတယ်။

ရေနံပေါကြွယ်တဲ့ မြန်မာနိုင်ငံမှာဝင်ရောက်လုပ်ကိုင်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီလက်တဆုပ်စာလောက်ထဲမှာ Chevron လည်းပါဝင်နေတာ ဖြစ်ပြီး ရေနံဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်သူကို အကြမ်းဖက်ခြေမှုန်းနေတဲ့ စစ်တပ်ရဲ့ အဓိက ဝင်ငွေရလမ်းတခု ဖြစ်နေတာပါ။

သူတို့ ကုမ္ပဏီကို အကာကွယ်ပေးဖို့အတွက် Chevron က ဒီနှစ် ပထမ ၃ လအတွင်း အမေရိကန်မှာ အခုလို လိုက်ဆွယ်ဖို့ ဒေါ်လာ ၂ သန်းကျော် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာအပါအဝင် နိုင်ငံအများအပြားမှာရှိတဲ့ သူတို့ကုမ္ပဏီနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဌာန၊ စီးပွါးကူးသန်းဌာနနဲ့ အမျိုးသားလုံခြုံရေးကောင်စီတွေက အရာရှိတွေအပြင် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ရာမှာ သုံးစွဲတာ ဖြစ်ကြောင်း ဖေါ်ပြထားပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဒီလို Chevron က သူတို့အကျိုးစီးပွားအတွက် လိုက်ဆွယ်နေတယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဘိုင်ဒန်အစိုးရအဖွဲ့တာဝန်ရှိသူတွေဆီကရော Chevron ပြောခွင့်ရဆီကပါ ချက်ချင်းတုန့်ပြန်တာ မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

Chevron ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ကလည်း အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေကို ဆွယ်ခဲ့တာဖြစ်ပါတယ်။

Chevron ဟာ မြန်မာနိုင်ငံက ရတနာ သဘာဝဓါတ်ငွေ့လုပ်ကွက်မှာ ၂၈.၃ ရာခိုင်နှုန်းရှယ်ယာပါသလို မြန်မာကနေ ထိုင်းကိုသွယ်တန်းတဲ့ ရေနံပိုက်လိုင်းမှာလည်း ၂၈.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ သယံဇာတတူးဖေါ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာရေးဆိုင်ရာ EITI နိုင်ငံတကာ အဖွဲ့ ရဲ့ စာရင်းတွေ အရ Chevron က ၂၀၁၄ ကနေ ၂၀၁၈ အတွင်း မြန်မာအစိုးရကို ဒေါ်လာ သန်း ၅၀ ပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Chevron, Total, Woodside Petroleum အပါအဝင် နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ဆက်ပြီးမလုပ်ဖို့ လူ့အခွင့်ရေးဖွဲ့က တိုက်တွန်းနေသလို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ စုံစမ်းရေးမှုက လည်း မြန်မာစစ်တပ် ငွေရပေါက်လမ်း ဖြစ်တဲ့ ရေနံသဘာဝဓါတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို အကာအကွယ်ပေးဖို့ ကန်လွှတ်တော်နဲ့ အစိုးရကို Chevron စည်းရုံး


...........

(Unicode)






