Koppu တိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်ဝင်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို တိုင်ဖုန်း Koppu ရိုက်ခတ်စဉ် ကမ်းတင်ထားတဲ့ ငါးဖမ်းလှေငယ်များကို မြင်တွေ့ရစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၁၅)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ တဖြည်းဖြည်းချင်း စတင် ဝင်ရောက်တိုက်ခိုက်နေတဲ့ အင်အားပြင်း Koppu တိုင်ဖွန်း မုန်တိုင်းရဲ့ လေပြင်းနဲ့ မိုးရွာသွန်းမှုတွေကြောင့် လျှပ်စစ်မီးနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး အရင်က ခန့်မှန်းထားတာထက် တရက်ပိုပြီး လာမယ့် ဗုဒ္ဓဟူးနေ့ အထိ မုန်တိုင်းဒဏ်ကို ခံစားရနိုင်ခြေ ရှိနေပါတယ်။

Aurora ခရိုင်ထဲက ဝေးလံခေါင်သီတဲ့ Casiguran မြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက စတင်ဝင်ရောက်တဲ့ Koppu တိုင်ဖုန်းမုန်တိုင်းကြောင့် အပျက်အစီး အခြေအနေတွေတော့ မသိရသေးပါဘူး။ ပစိဖိတ် အနောက်မြောက်ဘက်မှာ တိုင်ဖုန်းမုန်တိုင်း တစ်လုံး တိုက်ခတ်နေပြီး ဖိလစ်ပိုင် မြောက်ပိုင်းဒေသမှာ လေဖိအားများ ရပ်ဝန်း ဖြစ်ပေါ်နေတဲ့ အတောအတွင်း အခု ဝင်ရောက်တိုက်ခတ်နေတဲ့ တိုင်ဖုန်း Koppu ဟာ လူဇုန်ကျွန်းပေါ်မှာ ရက်အတော်ကြာ တိုက်ခတ်နေမယ်လို့လည်း မိုးလေဝသပညာရှင်တို့က ခန့်မှန်းကြပါတယ်။

မုန်တိုင်းကြောင့်နောက်ရက်တွေ အတွင်း မိုးရေချိန် ၆၀၀ မီလီမီတာလောက် အထိ ရောက်ရှိနိုင်တယ်လို့လည်း မိုးလေဝသပညာရှင်တို့က ခန့်မှန်းကြပါတယ်။ လေယာဉ်ပျံသန်းမှုခရီးစဉ်တွေကို အာဏာပိုင်တို့ ဖျက်သိမ်းထားပြီး ရေကြီးမြေပြိုမှုကြောင့် အသက်ဆုံးရှုံးမှု နည်းပါးစေဖို့ ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ကမ်းပါးတွေပေါ်မှာ နေထိုင်ကြသူတွေကိုလည်း ဒေသခံ အာဏာပိုင်တို့က နေရာရွှေ့ပြောင်း ပေးနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ဖိလစ်ပိုင်သမ္မတ Benigno Aquino က မုန်တိုင်းအန္တရာယ် သတိထားကြဖို့ ် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာဆိုရင် နှစ်စဉ် တိုင်ဖုန်းနဲ့မုန်တိုင်း အကြိမ်ရေ ၂ဝ လောက် ဝင်ရောက်တိုက်ခတ်ခံရပြီး အများစုက အင်အားကြီး မုန်တိုင်းတွေ ဖြစ်ပါတယ်။

အားပြင်းတိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁ ယောက်သေဆုံး၊ ၆ ယောက်ပျောက်ဆုံးနေပြီး လူပေါင်း ၁ သောင်း၊ ၆ ထောင်ကိုလည်း နေရာရွှေ့ပြောင်းပေးထားရပါတယ်။