ဖရူဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ထိခိုက်ပျက်စီး

(ကယား) ကရင်နီပြည်နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်နဲ့ ဒေသခံတွေနေထိုင်တဲ့ လီခူပရား ကျေးရွာကို စစ်ကောင်စီက မနေ့ညက လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ စစ်ရှောင်ကူညီနေသူနဲ့ ကရင်နီလူအခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ လူအထိအခိုက်မရှိပေမယ့် နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နဲ့ ကုန်းသာကျေးရွာတဝိုက်မှာ တိုက်ပွဲ တည်ငြိမ်အစပြုပေမယ့် မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနေတာမို့ ဒေသခံတွေ နေရပ် မပြန်နိုင်ကြသေးပါဘူး။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဟိုဟာ ကျေးရွာအုပ်စု လီခူပရားကျေးရွာကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်၊ မနေ့ည ၁၂နာရီခွဲလောက်က လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ စစ်ရှောင်ကူညီသူတဦးက ဗွီအိုကို ပြောပါတယ်။

“ဟိုယာ ကျေးရွာအုပ်စုမှာရှိတဲ့ လီခူပရား ကျေးရွာပေါ့နော်၊ အဲ့မှာကျဲသွားတယ်လေနော်။ အဲ့ဒီရွာတစ်ရွာမှာပေါ့၊ လူထိခိုက်မရှိဘူးဆိုတဲ့ဟာတော့ သိရတယ်ပေါ့နော်။ အဲ့လောက်ပဲ သိထားရတယ်ဟုတ်။ အဲ့ဒီရွာကလေ ဖုန်းလိုင်းမမိဘူး သိလား။ ဖုန်းလိုင်းမမိတော့ ဒီမနက်မှာပဲ သွားကြည့်ကြတယ်ပေါ့နော် အခြေအနေလေ။ ကျနော်တို့လူလည်း ဒီမနက်မှပဲ သွားကြည့်ရတဲ့အခြေအနေ ဖြစ်နေတယ်ပေါ့နော်။ အသေးစိတ်တော့ ကျနော်တို့ မသိရသေးဘူး ဟုတ်။”

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကလည်း လီခူပရား ကျေးရွာ လေယာဉ်နဲ့ ဗုံးကျဲခံရကြောင်း အတည်ပြုပါတယ်။ လူအထိအခိုက်မရှိပေမယ့် နေအိမ်ပျက်စီးမှု တချို့ရှိတယ်လို့ သူက အခုလို ပြောပါတယ်။

“လေယာဉ်က ဗုံးလာကျဲတယ်၊ အိမ်လေးလုံး ထိခိုက်တာပေ့ါနော်။ ဆိုးဆိုးဝါးဝါးပျက်စီးတာက သုံးလုံး ထိခိုက်ပျက်စီးတယ်။ တစ်လုံးကတော့ အနည်းအကျဉ်းပေါ့နော်။ လူကတော့ မထိဘူးပေါ့နော်။ ကျဲတဲ့နေရာက ဟိုယာ ကျေးရွာအုပ်စုထဲက လီခူပရားဆိုတဲ့ ကျေးရွာပါ၊ အဲ့ဒီနေရာကတော့ တိုက်ပွဲမရှိဘူးပေါ့နော်။ အဲ့ဒီဖက်ခြမ်းမှာက အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်ထိပါ၊ တိုက်ပွဲတကြိမ်တခါမှ မရှိပါဘူး။ အခုလည်း မရှိဘူးပေါ့နော် ဟုတ်။”

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ လီခူပရား ကျေးရွာဟာ စစ်အာဏာသိမ်းတဲ့ကာလတလျှောက်လုံးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်နဲ့ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်း အကြောင်းရင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေမှာလည်း ရေးသားဖော်ပြထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းတဲ့ ကရင်နီပြည်နယ်တခွင်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အပြင်းအထန် တိုက်ခိုက်ခဲ့နေတာပါ။ တိုက်ပွဲတည်ငြိမ်တဲ့ကာလမှာလည်း စစ်လေယာဉ်တွေ မကြာမကြာ ပျံဝဲနေသလို လက်နက်ကြီးတွေလည်း မကြာခဏ ပစ်ခတ်နေတာပါ။

ခုတလော တိုက်ပွဲတည်ငြိမ်နေတဲ့ လွိုင်ကော်နဲ့ ဒီးမော့ဆိုနယ်ဘက်မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ မကြာမကြာ ကြားနေရဆဲပဲဖြစ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီတပတ်တော့ ငြိမ်တယ်၊ ငြိမ်တယ်လို့ပဲပြောရမှာပေါ့နော်။ လက်နက်ကြီးတော့ တခါတခါတော့ ကြားရတယ်။ တိုက်ပွဲတော့ မကြားမိဘူးပေါ့နော်၊ ဒီ ဒီးမော့ဆို၊ လွိုင်ကော်ပေါ့။”

လတ်တလော ဒေသအခြေအနေ နည်းနည်းတည်ငြိမ်နေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲ ငွေတောင်ကျေးရွာမှာတော့ တချို့သူတွေက နေရပ်ပြန်လာနေကြတာ ရှိပါတယ်။ ဒါပေမယ့် ဒီးမော့ဆိုမြို့ပေါ်တွေ ကုန်းသာ ကျေးရွာနဲ့ ဒေါ်ငံခါး ကျေးရွာတွေကတော့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတဦးက ခုလို ပြောပါတယ်။

“မြို့ပေါ်တော့ လုံးဝနေလို့မရသေးဘူး၊ ငွေတောင်ထိတော့ ပြန်နေကြပြီ။ နေနိုင်မယ့်လူက ၃၊ ၄အိမ်လောက်ပဲ ရှိသေးတယ်၊ မြို့ပေါ်က ဒီတိုက်ပွဲတော့ မကြားတာတော့ နည်းနည်းကြာပြီးဖြစ်ပေမယ့် မြို့မှာက သူတို့ထောင်တဲ့ မိုင်းတွေက နည်းနည်းများတော့လေ၊ အဲ့ဒါ မပြန်လာခိုင်းဘူး။ ပြည်သူတွေလည်း မပြန်လာရဲဘူး။ ဒီးမော့ဆိုမှာဆိုရင်တော့ အဲ့ဒီ ဒီးမော့ဆိုမြို့ပေါ်ရယ် နောက် ဒေါ်ငံခါး၊ ဒီးမော့ဆိနဲ့ ကပ်လျက်ဆိုရင်တော့ အဲ့ဒေါ်ငံခါး ကုန်းသားဘက် လုံးဝ ပြန်လာလို့မရသေးဘူးပေါ့နော်။ တိုက်ပွဲကတော့ အဲ့ဒီ ဒီးမော့ဆို နဲ့ ဒေါ်ငံခါး မကြားတာ နည်းနည်းကြာပြီ။ ဒါပေမယ့်လည်း ပြည်သူတွေဘယ်လိုမှ မပြန်လာရဲဘူး။​ကိုယ့်အိမ်တောင်မှ ကိုယ်ပြန်လာမကြည့်ရဲကြဘူး။”

စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်လှုပ်ရှားခဲ့တဲ့ နေရာတဝိုက်မှာ မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနေတာကြောင့် ရွာသူရွာသားတွေ နေရပ်မပြန်ရဲကြသေးတာလို့ ပြောပါတယ်။

ဒီလို ဒေသတည်ငြိမ်တဲ့အချိန်မှာ ရွာခံတွေ နေအိမ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူရင်းနဲ့ မြေမြှုပ်မိုင်းတွေ နင်းမိပေါက်ကွဲပြီး ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေ ဒီးမော့ဆိုမြို့နယ်မှာ မကြာခဏဖြစ်ပွားနေတာပါ။

မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖယ်ရှားရင်နဲ့ မိုင်းပေါက်ကွဲလို့ သေဆုံးသွားတဲ့ သူတို့တပ်ဖွဲ့ဝင် ဆယ်ဂဏန်းထက်မနည်း ရှိနေသွားပြီးလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောထားပါတယ်။

Your browser doesn’t support HTML5

ဖရူဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ထိခိုက်ပျက်စီး