မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ တွေ့မြင်နေရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ ကုလသမဂ္ဂနဲ့ ဆက်လက် ထိတွေ့ဆက်ဆံဖို့ လိုအပ်နေဆဲပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာလို နိုင်ငံရေးအပြောင်းအလဲတွေ ရှိခဲ့ပေမဲ့လည်း ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရသေးဘူးလို့ ဖေဖော်ဝါရီ လကုန် ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၁ ကြိမ်မြောက် ညီလာခံ မတိုင်ခင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတင်သွင်းရာမှာ AI အဖွဲ့ကြီးက သတိပေးခဲ့တာပါ။ အသေးစိတ်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ ကျင်းပမယ့် ၃၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမတိုင်ခင် ကုလသမဂ္ဂ ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပေးပို့ခဲ့တဲ့ AI အဖွဲ့ကြီးရဲ့ ကြေညာချက်ထဲမှာ - မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကြောင့် - ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို မလိုအပ်တော့ဘူးလို့ မယူဆသင့်ကြောင်း၊ ဧပြီလမှာ တက်လာမယ့် အစိုးရသစ်အနေနဲ့လည်း ကြီးမားတဲ့ လူ့အခွင့်အရေး စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ AI အဖွဲ့ကြီးက ထောက်ပြထားပါတယ်။ ဒါကြောင့် နောင်တက်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ပြည့်ဝတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လုပ်ဆောင်လာအောင် မြန်မာ့ လူ့အခွင့်အရေး အခြေအနေအပေါ် ကုလသမဂ္ဂရဲ့ အာရုံစိုက်မှုတွေ လိုအပ်နေဆဲပဲလို့ AI အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် T Kumar က အခုလို ပြောဆိုခဲ့ပါတယ်။
“ကုလသမဂ္ဂ အနေနဲ့ ဆက်လက်ထိတွေ့ ဆက်ဆံဖို့ လိုအပ်နေတဲ့ အရေးကြီးဆုံး အကြောင်းရင်းကတော့ အခြေအနေတွေက မရေမရာ ဖြစ်နေတုန်းမို့ပါ။ အခြေအနေတွေဟာ ရှင်းရှင်းလင်းလင်း မရှိသေးသလို၊ အစိုးရသစ်တက်လာမယ် ဆိုပေမဲ့ ဘာတွေဖြစ်လာမယ်မှန်းလည်း မသိနိုင်သေးပါဘူး။”
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ AI အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ - နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ မညီဘဲ လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်လို့လည်း ထောက်ပြထားသလို၊ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် တနှစ်တည်းမှာတင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူ ၁ သိန်းဝန်းကျင်ရှိခဲ့ပြီး၊ ဒေသခံအရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓ္ဓမပေါ်တာခိုင်းစေမှု၊ အဓ္ဓမ တပ်သားသစ်စုဆောင်းမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ဖို့ တားမြစ်ပိတ်ပင်ခံရတာလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မြန်မာအစိုးရတပ်တွေရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နှစ်ဘက်စလုံးက ကျူးလွန်နေကြတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ - လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန့်ကျင်ပြီး - ဆန္ဒပြတောင်းဆိုသူတွေကို ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးအရေးယူမှုတွေလည်း လုပ်ဆောင်နေတာပါ။
အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိက မီးမောင်းထိုးပြထားပြီး၊ အစိုးရအနေနဲ့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ရေး ကိုင်တွယ်ဖြေရှင်းသွားရမယ်လို့လည်း မစ္စတာ T Kumar က အခုလို ဆက်ပြောခဲ့ပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ၊ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလို၊ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာဒေသတွေနဲ့ တခြားနေရာတွေမှာ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်အောင် အာမခံချက်ရှိဖို့လည်း လိုပါတယ်။”
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန် ဟီးလီ ကို ဆက်လက် တာဝန်ပေးအပ်တာလို၊ ဦးသိန်းစိန် အစိုးရ လက်ထက်က ဖွင့်လှစ်ခွင့် မပြုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို လာမယ့် အစိုးရသစ်လက်ထက်မှာ ဖွင့်ခွင့်ရရှိအောင် ကြိုးပမ်းဖို့ကိုလည်း မစ္စတာ T Kumar က တိုက်တွန်းသွားခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ကို သက်တမ်းတိုးတာ၊ တာဝန်ပေးတာတွေ လုပ်စေချင်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာရုံးတရုံး ဖွင့်လှစ်နိုင်အောင်လည်း ကြိုးပမ်းစေချင်ပါတယ်။”
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီဟာ ဖေဖော်ဝါရီလကုန် ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပေမဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဖျက်ခဲ့ရပြီး၊ ဘယ်တော့ ပြန်သွားမယ် ဆိုတာကိုတော့ ကုလသမဂ္ဂ က ပြောဆိုခြင်း မရှိသေးပါဘူး။ AI အဖွဲ့ကြီးရဲ့ ကြေညာချက်ထဲမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးမယူဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေကိုလည်း ထောက်ပြထားပါတယ်။ မကြာသေးခင်ကပဲ အတည်ပြုလိုက်တဲ့ သမ္မတ တာဝန်ထမ်းဆောင် စဉ်က လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အရေးမယူဖို့ ကင်းလွတ်ခွင့်ပြုတဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတရပ်ဟာ လည်း နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဖော်ပြထားပြီး၊ စစ်တပ်အနေနဲ့ လွှတ်တော်ထဲမှာ ၄ ပုံ ၁ ပုံ နေရာယူထားသလို၊ အဓိကကျတဲ့ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန တွေကို ထိန်းချုပ်ထားတဲ့ အတွက်လည်း လူ့အခွင့်အရေးအတွက် အကာအကွယ်ပေးရာမှာ အရေးကြီးတဲ့ လုပ်ငန်းတွေကို အစိုးရက အုပ်ချုပ်ခွင့်မရှိတဲ့ အတွက် လူ့အခွင့်အရေး တိုးတက်အောင် ထိထိရောက်ရောက် လုပ်နိုင်ပါ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်ရှင်။