ရိုက်တာသတင်းထောက် ၂ ဦး အမှု ရှေ့အလားအလာ

ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒစ်ချမှတ်ခံပြီးနောက် အယူခံပယ်ချခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (သြဂုတ် ၂၀၊ ၂၀၁၈)

ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံပယ်ချခံရပေမယ့် တရားဥပဒေကြောင်းအရ ဘယ်လိုအခွင့်ရေးတွေရှိသေးသလဲဆိုတာနဲ့ အယူခံတက်ခွင့် အလားအလာတွေနဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးကို ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဒီရိုက်တာသတင်းထောက်နှစ်ယောက် အမှုကိစ္စက လမ်းဆုံးသွားပြီလား။ ဥပဒေအကြောင်းအရ ဘယ်လိုအခွင့်အလမ်းတွေကျန်နေသေးတယ်ဆိုတာကော ပြောပြပေးပါဗျ။

ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့။ လမ်းကတော့ လုံးဝကိုမဆုံးသေးပါဘူး။ ဥပဒေကြောင်းအရဆက်ပြီးတော့ လုပ်နိုင်တာတွေ သူတို့အတွက် ကျန်ပါသေးတယ်။ ဆိုတော့ သူတို့နှစ်ဦးလွတ်မြောက်ရေးက မျှော်လင့်ချက်တွေ ရှိနေတုန်းပဲလို့ပြောရမှာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းစဉ် တွေကို တိတိကျပိုသိနိုင်အောင်လို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးကို ကျနော် ဆက်သွယ်မေးမြန်းထားတာရှိပါတယ်။ သူကအခုလို့စပြောပါတယ်။

ဦးမင်းလွင်ဦး ။ ။ ရန်ကုန်တိုင်းတရားရုံးရဲ့ အယူခံ ပလပ်ခံရပြီးပြီ ဆိုရင်တော့ ကျနော်တို့ သတ်မှတ် ထားတဲ့ အယူခံရက်အတွင်းမှာပဲ တရားရုံးချုပ်ကိုဆက်လက်ပြီးတော့ ဒုတိယ အယူခံပေါ့နော်-ဆက်လက်တင်သွင်း နိုင်ပါတယ်။ မိတ္တူကူးတာရယ်၊ အယူခံလွှာရေးတာရယ်၊ တရားရုံးက လက်ခံသင့်မသင့်ကြားနာတာရယ် ဆိုလို့ရှိရင်တော့ သုံးလလောက်တော့ကြာအုန်းမယ်။ အဲဒီတော့ တရားရုံးချုပ်ကနေပြီးတော့ လက်ခံကြားနာဖို့ အတွက် ဆုံးဖြတ်လိုက်တယ်ဆိုလို့ရှိရင် အပြီးသတ် လျှောက်လွဲချက်ပေးဖို့ရှိတယ်။ အပြီးသတ်လျှောက်လွှဲချက် ပေးပြီးပြီဆိုလို့ရှိရင် တရားရုံးချုပ်ရဲ့ အမိန့်ချမှတ်မှာပေါ့နော်။ အဲဒါဆိုလို့ရှိရင်တော့ကျနော်ထင်ပါတယ်၊ အဲဒါကတော့ လေးလလောက်တော့ အချိန်ယူရလိမ့်မယ်ထင်ပါတယ်။ အဲဒါတွေအားလုံးပြီးသွားတော့မှ ထောင်ဒဏ်လျော့တာလည်းဖြစ်ချင်ဖြစ်မယ်၊ လွှတ်လိုက်တာလည်းဖြစ်ချင်ဖြစ်မယ်၊ နောက်-အောက်ရုံးရဲ့ ဆုံးဖြတ်ချက်တွေမှားလို့ တရားရုံးချုပ်ကနေ တည်မတ်ပေးလို့ရှိရင်တော့ လွှတ်သွားမှာပေါ့ဗျ။ အဲဒါမှ မဟုတ် ရင်တော့ နိုင်ငံတော်သမ္မတဆီကို အသနားခံစာတင်နိုင်တယ်။ နောက်ပြီးတော့ တခါ လူအခွင့်အရေးကော်မရှင် မှာလည်း တရားရုံးကမှားယွင်းဆုံးဖြတ်ထားတဲ့ အချက်အလက်တွေ၊ ဘာတွေက မှားယွင်းနေပါတယ်၊ ဘယ် ဥစ္စာတွေကတော့ ဥပဒေကို ဘောင်ကျွင်ပြီးတော့ သုံးသပ်ထားပါတယ်။ ဒါတွေကိုပြန်လည်ပြီးတော့ သိလာပြီး တော့ ဒီအမှုမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် လွှတ်ငြိမ်းချမ်းသာခွင့် ရဖို့ကို လူအခွင့်အရေးကော်မရှင်က နေပြီးတော့ ဝင်ရောက်ဆောင်ရွက်ပေးပါဆိုပြီးတော့လည်း မေတ္တာရပ်ခံနိုင်ပါတယ်။ အဲဒါကတော့ တရားရုံးချုပ် ရဲ့ စစ်ဆေးစီရင်မှုတွေ အားလုံးပြီးပြီသွားတော့မှသာ အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ ဝင်ရောက် ဆုံးဖြတ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အခုချိန်မှာတော့ လူအခွင့်အရေးကော်မရှင်ကလည်း သူရဲ့ကြေညာစာတမ်းထဲမှာ ကိုက တရားရုံးမှာစစ်ဆေးနေဆဲရှိတဲ့ အမှုတွေကို စစ်ဆေးဆောင်ရွက်ခြင်းမပြုဘူး၊ လက်ခံကြားနာခြင်းမပြုဘူး ဆိုပြီးတော့ သူတို့ထုတ်ပြန်ထားတာရှိပါတယ်။ ထိုနည်းတူစွာပဲ တရားစီရင်ရေးမဏ္ဏိုင်၊ အုပ်ချုပ်ရေးမဏ္ဏိုင်၊ ဥပဒေပြုရေးမဏ္ဏိုင် ဟူ၍ မဏ္ဏိုင်ကြီးသုံးရပ် သီးခြားစီထားတဲ့အတွက် သမ္မတကလည်းမပြီးပြတ်သေးတဲ့ ကိစ္စ မှာတော့ သူ့အနေနဲ့ ဘာမှဝင်ရောက်စွက်ဖက်နိုင်တဲ့အခြေအနေမရှိဘူးလို့ ကျနော်တို့ သိရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ချမှတ်ထားတဲ့အခါကျတော့ သမ္မတအနေနဲ့ကလည်း တရားရုံးအဆင့်ဆင့်ရဲ့ စီမံ ဆောင်ရွက် မှုပြီးစီးမှသာ သူ့အနေနဲ့ မှန်တယ်၊ မှားတယ်ဆိုတာကို သုံးသပ်ဆုံးဖြတ်ပြီးတော့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်တယ်၊ ထောင်ဒဏ်တွေကို လျှော့ပေးပြီးတော့ လွှတ်ပေးနိုင်တယ်။ ဒါကတော့ နောက်ဆုံးအဆင့်ပါ။”

ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့။ တရားရုံးချုပ်က ဆုံးဖြတ်ချက်ချတဲ့အဆင့်ထိပေါ့လေ- ဒီနေ့ကနေပြီးတော့ အချိန်ဘယ်လောက်လောက်ကြာမယ်လို့ ခန့်မှန်းရသလဲခင်ဗျ။ လက်ရှိမြန်မာပြည်က တရားရေး အခြေအနေတွေအရ။

ဦးမင်းလွင်ဦး ။ ။ အမြန်ဆုံးသုံးလဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း လေးလဖြစ်သွားနိုင်တယ်။

ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့။ အဲဒီလေးလလောက်ကြာပြီးတဲ့အခါမှာ တရားရုံးရဲ့နောက်ဆုံး ဆုံးဖြတ်ချက် ကျပြီးတော့မှ သူတို့ကို လွှတ်မပေးဘူးဆိုရင်တောင်မှ လျော့ပေးတယ်ဆိုရင်ရော လူအခွင့်အရေးကော်မရှင်က ဒီကိစ္စကို တာဝန်ယူလို့ရလား။

ဦးမင်းလွင်ဦး ။ ။ ရနိုင်ပါတယ်။ ဥပမာဆိုပါတော့ဗျာ - ထောင်ဒဏ်ခုနှစ်နှစ် ကနေ သုံးနှစ်အထိ လျှော့ပေး လိုက်တယ်ဆိုရင်တောင်မှ ဒီလိုမျိုးတရားရုံးရဲ့ ဆုံးဖြတ်ချက်က မှားယွင်းနေပါတယ်ဆိုပြီးတော့ လူအခွင့်အရေး ကော်မရှင်ကိုလည်းတင်ပြနိုင်တယ်။ သမ္မတရုံးကိုလည်း မေတ္တာရပ်ခံ အသနားခံစာတင်သွင်းနိုင်ပါတယ်။

ကိုကျော်အောင်လွင် ။ ။ ဆိုတော့ ရှေ့မှာမျှော်လင့်စရာတွေတော့ ကျန်သေးတယ်ဆိုတဲ့ သဘောပေါ့လေ။

ဦးမင်းလွင်ဦး ။ ။ ဒီနေ့ အကျိုးဆောင်ဦးသန်းဇော်အောင်ရဲ့ ပြောကြားချက်အရဆိုလို့ရှိရင် တိုင်းတရားရုံးက ပလပ်လိုက်တဲ့ကိစ္စက ကိုဝလုံးတို့ ကိုကျော်စိုးဦးတို့ရှိတဲ့ မြေပုံအထောက်အထားတွေက AA လက်ထဲကို ရောက် သွားရင် နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ် ဘာညာဆိုတဲ့ သုံးသပ်ချက်နဲ့ချထားတယ်လို့ ကျနော်တို့ ကြားသိရတယ်။ အဲဒါဆိုလို့ရှိရင်တော့ ဒါဥပဒေထက်ကျော်လွန်ပြီးတော့ စိုးရိမ်စိတ်နဲ့ အဂတိအကြောက်တရားနဲ့ ချမှတ်ထားတဲ့ ချမှတ်ချက်တွေဖြစ်နိုင်တယ်လို့ ကျနော်တို့သုံးသပ်လို့ရတယ်ပေါ့နော်။ ဥပဒေသဘောအရ ဆိုလို့ ရှိရင်တော့ပေါ့။ ဒါတွေကို ထောက်ပြပြီးတော့လည်း ဒါတွေကို အထက်တရားရုံးတွေမှာလည်း တင်ပြပြောဆိုနိုင်ပါတယ်။

ကိုကျော်အောင်လွင် ။ ။ ဒီကြားကာလအတွင်းမှာ ဒီမြန်မာပြည်က ဥပဒေအသိုင်းအဝိုင်း၊ နိုင်ငံတာကက ဥပဒေအသိုင်းအဝိုင်း ကရော ကြိုးစားပိုင်ခွင့်ရှိသလား၊ ကြိုးစားပိုင်ခွင့်ရှိရင်ရော ထိရောက်မှုတွေ ရှိလာနိုင်မယ် လို့ရော ထင်ပါသလား ခင်ဗျ။

ဦးမင်းလွင်ဦး ။ ။ ရှိတာပေါ့ဗျာ။ နိုင်ငံတာကက ဥပဒေအသိုင်းအဝိုင်းကလည်း ဒီလိုမျိုးဆက်လက်ပြီးတော့ ဖိအား ပေးနေမယ်ဆိုလို့ရှိရင် တရားရုံးချုပ်မှာကြားနာတဲ့အခါမှာ အမှုကိုလျင်မြန်စွာလက်ခံနိုင်တဲ့အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ တရားရုံးချုပ်ကလည်းဥပဒေနဲ့အညီ အမူကို မတိမ်းမစောင်းပဲ တည့်တည့်မတ်မတ် မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်တဲ့အဆင့်ထိဖြစ်လာနိုင်ပါတယ်။ ဒါတွေက ကျနော်တို့ နိုင်ငံတကာဖိအားတွေရော ရှေ့နေအသိုင်းအဝိုင်းရဲ့ ဖိအားတွေရောအများကြီးလိုတာပေါ့။

ကိုဉာဏ်ဝင်းအောင်။ ။ ကျေးဇူးတင်ပါတယ် ကိုကျော်အောင်လွင်ရေ။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက် ၂ ဦး အမှု ရှေ့အလားအလာ