အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့ရဲ့ မနေ့ ညပိုင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတဲ့ ဒါဇင်နဲ့ချီတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲမှာ ခရိုင် ရဲချုပ်တဦးလည်း ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
နိုင်ငံ အရှေ့အလယ်ပိုင်းက Maidan Wardak ၊ အနောက်ပိုင်း Herat နဲ့ မြောက်ပိုင်း Baghlan ပြည်နယ်တွေမှာ သူပုန်တွေက စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ Maidan Wardak ပြည်နယ် Day Mirdad ခရိုင်ကို တာလီဘန် တိုက်ခိုက်ရေးသမားတွေက မနေ့ စနေနေ့ နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ ခရိုင်ရဲချုပ် Said Younus Hussaini နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ရကြောင်း ပြည်နယ် အစိုးရ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
Day Mirdad ခရိုင်ကို လက်လွှတ်ရလုနီးပါး ဖြစ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ ပြည်နယ် အစိုးရ ပြောခွင့်ရက ပယ်ချပါတယ်။ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ Day Mirdad ခရိုင်ကို စစ်ကူတွေ ရောက်ရှိနေပြီ ဖြစ်ပြီး ခရိုင်တွင်းက လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ပြန်လည် သိမ်းယူနိုင်ရေး အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
မတည်မငြိမ် ဖြစ်နေတဲ့ Baghlan ပြည်နယ်ထဲက ခရိုင်တခုမှာလည်း တာလီဘန်တို့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေကို တိုက်ခိုက်မှု အတွင်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ လောက် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ Baghlan ပြည်နယ်တွင်းက တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ အာဖဂန် အာဏာပိုင်တွေဘက်က မှတ်ချက်ပေး ပြောဆိုတာ မရှိပါဘူး။ တချိန်တည်းမှာဘဲ Herat ပြည်နယ်က တာဝန်ရှိသူတွေကတော့ မနေ့ညပိုင်းက ပြည်နယ်တွင်း လုံခြုံရေး စစ်ဆေးရေးဂိတ်တခုကို တာဘီဘန်တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုထားပါတယ်။ အပြန်အလှန် ပစ်ခတ်မှု အတွင်း တာလီဘန် တိုက်ခိုက်ရေးသမား ၁၀ ဦး သေဆုံးကြောင်းလည်း ပြည်နယ် အစိုးရ ပြောခွင့်ရက ပြောဆိုပါတယ်။
Your browser doesn’t support HTML5