အာဖဂန် ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ရာထူးမှ ဆိုင်းငံံ့ခံရ

အာဖဂန် ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး Sayed Alireza Aqazada

အာဖဂန်နစ္စတန် အမျိုးသမီး ဘောလုံးအသင်းဝင်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ရှေ့နေချုပ်က အာဖဂန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ အပါအဝင် တာဝန်ရှိသူ ၅ ဦးကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။

ဗြိတိန် ဂါးဒီးယန်း သတင်းစာမှာ ဒီစွပ်စွဲချက်တွေကို ပထမဆုံး ဖော်ပြလိုက်ပြီးနောက်မှာတော့ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ အာဖဂန် သမ္မတ Ashraf Ghani က ညွှန်ကြားလိုက်ပြီး ရက်ပိုင်းအကြာမီာ အခုလို ရာထူးက ဆိုင်းငံ့လိုက်တာပါ။

ဒီစွပ်စွဲချက်တွေကြောင့် အာဖဂန်ပြည်သူ အားလုံးကို တုန်လှုပ်သွားစေတယ်လို့လည်း သမ္မတ Ghani က ပြောဆိုခဲ့တာပါ။ အာဖဂန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ အတွင်းရေးမှူးချုပ်၊ ဂိုးသမားများ အကြီးအကဲနဲ့ ပြည်နယ် ညှိနှိုင်းရေးမှူးချုပ်တို့ကို ရာထူးက ဆိုင်းငံ့လိုက်ကြောင်း ရှေ့နေချုပ်ရဲ့ ပြောခွင့်ရ Jamshid Rasuli က AFP သတင်းအေဂျင်စီကို ပြောပါတယ်။ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ အာဖဂန် ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး Sayed Alireza Aqazada က အပြင်းအထန် ငြင်းဆိုပါတယ်။

အမျိုးသမီး ဘောလုံးသမားတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခဲ့တာမျိုး မရှိဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမယ့်လည်း Guardian သတင်းစာကြီးကို ပြောကြားကြတဲ့ အမျိုးသမီး ဘောလုံးအသင်းဝင်တွေ အဆိုအရတော့ ဘောလုံးအဖွဲ့ချုပ် ရုံးချုပ် အပါအဝင် အာဖဂန်နိုင်ငံတွင်းမှာရော၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဂျော်ဒန်က လေ့ကျင့်ရေး စခန်းမှာပါ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေ ရှိခဲ့တယ်လို့ ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

အာဖဂန် ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ရာထူးမှ ဆိုင်းငံံ့ခံရ