မြန်မာ အစိုးရက ရိုဟင်ဂျာ မူဆလင်တွေကို လူမျိုးစု အလိုက် ရှင်းလင်းမှုတွေ၊ နောက် မီဒီယာတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေ အပေါ် ဖိနှိပ်မှုတွေကြောင့် ၂၀၁၇ ခုနှစ် အတွင်း နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ယုတ်လျော့မှု ဖြစ်စေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၆၄၃ မျက်နှာပါ HRW အဖွဲ့ကြီးရဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာဆိုင်ရာ အစီရင်ခံစာမှာတော့ နိုင်ငံပေါင်း ၉၀ ကျော်တို့ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ထားတာပါ။
တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ နှင်ထုတ်တာတွေ၊ ရွာတွေကို မီးရှိုှု့ပစ်တာတွေ အပါအဝင် မြန်မာ စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ ၆သိန်းခွဲ ထွက်ပြေးရပြီး ထောင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့လည်း HRW က ဖော်ပြတာပါ။ မြန်မာနိုင်ငံ အနေနဲ့ အရပ်သား အုပ်ချုပ်မှုကို ပြောင်းလဲနေပြီ ဆိုပေမယ့် စစ်တပ်ဟာ နိုင်ငံအာဏာကို အဓိက ချုပ်ကိုင်ထားဆဲ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေးကို စစ်တပ်က ပိတ်ထားဆဲ ဖြစ်သလို ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို စစ်တပ်က ချုပ်ကိုင် ထားပြီး အမျိုးသား လုံခြုံရေးနဲ့ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု အာဏာကို ရယူထားသလို လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ရထားတဲ့ အချက်ကိုလည်း ဖော်ပြထားပါတယ်။ မြန်မာ အရပ်သား အစိုးရကတော့ ၂၀၁၇ ခုနှစ် အတွင်း အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ဘက်က ကြီးမားတဲ့ အခန်းကဏ္ဍကို လစ်လျူရှုထားတာ ဒါမှမဟုတ်လည်း ထောက်ခံထားတယ်လို့ HRW က ပြောဆိုပါတယ်။
နောက် စစ်တပ်နဲ့ အစိုးရ အပေါ် ဝေဖန်ကြတဲ့ သတင်းထောက်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ဝေဖန်သူတွေကို ဖိနှိပ်တဲ့ ဥပဒေတွေ ပိုပြီး သုံးလာတာကိုလည်း အရပ်သား အစိုးရက ခွင့်ပြုထားတယ်လို့လည်း ဝေဖန်ထားပါတယ်။
Your browser doesn’t support HTML5