မြန်မာထိုးစစ်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ KIA ငြင်းဆို

ကချင် KIA တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့ဝင်တွေ ဘွမ်လိတောင်ကုန်းကို ပြန်သိမ်းဖို့ ကြိုးစားနေစဉ်။ (၀၁-၀၄- ၂၀၁၃)။ ဓာတ်ပုံ ABSDF

ကချင်ပြည်နယ် လိုင်ဇာဘက်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေး တပ်တွေ အကြား တိုက်ပွဲတွေ ဒီကနေ့ ဆက်လက်ဖြစ်ပွားခဲ့ ပါတယ်။ လိုင်ဇာဒေသတဝိုက်က KIA ထိန်း ချုပ်ရာ တောင်ကုန်းတွေကို အစိုးရတပ်တွေဘက်က တိုက်လေယာဉ်တွေနဲ့ ဝေဟင်ကနေ ပစ်ခတ်ခဲ့ သလို၊ မြေပြင်ကနေလဲ ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ဘက်ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့ ပါတယ်။ အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒီလအတွင်း နှစ်ဘက် ထပ်မံဆွေးနွေး လိုကြောင်း မြန်မာအစိုးရဘက်က ကမ်းလှမ်းချက်ကို KIA ဘက်က မတုံ့ပြန်ခဲ့ဘူးလို့ KIO ပြောခွင့်ရ သူက ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

ဒီမနက်အစောပိုင်းကတည်းကစလို့ အစိုးရတပ်တွေဘက်ကနေ တိုက်လေယာဉ်တွေ အသုံးပြုပြီး ဝေဟင် ကနေ KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာဒေသ တဝိုက်က စိုးမိုးကုန်းတွေ ကို တောက်လျှောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KIA ဘက်ကရော KIA နဲ့ တွဲပြီး ခုခံစစ် ဆင်နွှဲနေတဲ့ ABSDF မြောက်ပိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး က ဗွီအိုအေကို ပြောပြပါတယ်။ ညနေစောင်းအထိ လေကြောင်းကနေ တိုက်ခိုက် မှုတွေ ရှိခဲ့ပြီး၊ တပြိုင်တည်းမှာပဲ - မြေပြင်ကနေလည်း ထိုးစစ်ဆင်ခဲ့တာကြောင့် KIA တပ်တွေနဲ့ နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တဲ့ အကြောင်း လိုင်ဇာဒေသမှာရှိတဲ့ ABSDF မြောက်ပိုင်း ဌာနချုပ်ရဲ့ နိုင်ငံရေးနဲ့စည်းရုံးရေးဌာန တာဝန်ခံ ကိုကျော်ကျော် က အခုလို ပြောပြပါတယ်။

“မနက် ၄ နာရီကတည်းကနေပြီးတော့ လက်နက်ကြီးနဲ့အရင် စ ထုတာဗျ။ လက်နက်ကြီးနဲ့က အထူးသဖြင့် KIA ရဲ့ အဓိကကျတဲ့ လိုင်ဇာဒေသ အနီးမှာရှိတဲ့ ဖုံးပြန်ပွန်တောင်လို့ခေါ်တဲ့နေရာကို စပြီး ပစ်တယ်။ ပစ်ပြီးတော့ အဲ့ဒီမှာ ခြေလျင်တပ်တွေက တက်ပြီးတော့ ထိုးတယ်။ ဖုံးပြန်ပွန်တောင် မှာ နှစ်ဘက်တပ်တွေ ထိပ်တိုက် ပစ်ကြခတ်ကြတယ်ပေါ့။ အထူးသဖြင့် တောင်ကုန်းကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့ မြန်မာ့တပ်မတော်ကို ဒီဘက်က KIA က ပြန်ပြီး ခုခံတဲ့ အနီးကပ် တိုက်ပွဲပေါ့နော်။ ဒီနောက်ဆုံး ညနေ ၃ နာရီခွဲအထိကို ပစ်သွားတယ်။ အခြေအနေက အဲ့လိုပေါ့။ တနေကုန်လုံးပါပဲ ပစ်တာကတော့။”

အခုလို နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း - ထိခိုက်သေဆုံးဒဏ်ရာရမှု အခြေအနေတွေနဲ့ပတ်သက်လို့တော့ လောလောဆယ် မသိရသေးဘူးလို့ ကိုကျော်ကျော် က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာဘဲ လိုင်ဇာဒေသတွင်းမှာရှိတဲ့ လဂျားယန်ရွာကို လက်နက်ကြီးကျည် ၂ ခု ကျခဲ့တဲ့အတွက် ဒေသခံတွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တခု ပျက်စီး သွားခဲ့ပြီး ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရပါတယ်။ လောလောဆယ်မှာ ဒီရက်ပိုင်းအတွင်း လိုင်ဇာဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို အလုံးအရင်းနဲ့ ဝင်ရောက်တဲ့ စစ်ပြေးဒုက္ခသည် တွေ မရှိပေမဲ့ - အစိုးရတပ်တွေဘက်က တိုက်လေယာဉ်တွေ မကြာခဏ ပျံသန်းနေတာကြောင့် - ဝေဟင်ကနေသာ ပစ်ခတ်လာမယ်ဆိုရင် ဒုက္ခသည်စခန်းဟာလည်း လုံခြုံစိတ်ချရမှုမရှိဘူးလို့ ကိုကျော်ကျော် က ဆက်ပြောပြပါတယ်။

“ဗုံးကြဲတဲ့ အခုနောက်ဆုံးအခြေအနေက လဂျားယန်မှာရှိတဲ့ အိမ်တလုံး မီးလောင်တယ်ဗျ။ အိမ်တလုံးကတော့ ဆိုင်ဖွင့်ထားတာပေါ့နော်။ အဲ့ဒီဆိုင် မှာ တည့်တည့်ပဲ ရော့ကက်ကျပြီးတော့ အဲ့ဒီမှာ မီးလောင်သွားတယ်။ ဘယ်သူမှ မနေရဲတော့ဘူး အကုန်လုံး ကြောက်လန့်ပြီးတော့ အကုန် ထွက်ပြေးကုန်ကြပြီ။ ထွက်ပြေးရင်တော့ အဓိကကတော့ ဒုက္ခသည်စခန်းကိုပဲ သွားကြတာ။ ဒုက္ခသည်စခန်းကလည်း လုံခြုံမှု မရှိပါဘူးဗျာ။ အားလုံးလည်း ဟိုမှာ ကဒုတ်ကျင်းကိုယ်ဆီနဲ့ ကျီးလန့်စာစားနဲ့ တထိတ်တလန့်နဲ့ နေနေကြရတဲ့ အနေအထားဖြစ်နေတာ။”

ဒီလို အစိုးရဘက်က KIA အပေါ် အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် - ဒီဇန်နဝါရီလထဲမှာ KIO နဲ့ ထပ်မံ ဆွေးနွေးလိုကြောင်း မကြာသေးခင်က ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းရဲ့ ကမ်းလှမ်းချက်ကို KIO ဘက်က မတုံ့ပြန်ခဲ့ဘူးလို့ KIO ပြောခွင့်ရသူ ဦးလာနန် က ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဦးအောင်မင်းဘက်က စာတစောင်ပို့ထားတယ်။ ဇန်နဝါရီလ အတော အတွင်းမှာ တွေ့ဖို့အတွက် ကမ်းလှမ်းတဲ့စာပါ။ ဒါပေမဲ့ စာနဲ့အတူ ထိုးစစ်တွေက ရောက်လာတယ် ခင်ဗျ။ မြန်မာအစိုးရကနေပြီးတော့မှ စစ်အင်အား အလုံးအရင်းနဲ့ ခြိမ်းခြောက်ထားပြီးတော့ မှပဲ တွေ့ကြရ အောင်ဆိုတဲ့အချက်အပေါ်မှာတော့ ဒါက စဉ်းစားစရာ လိုတယ်ခင်ဗျ။”

မြန်မာအစိုးရတပ်တွေဘက်က KIO ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို အခုလို ထိုးစစ်တွေ ဆင်နွှဲ ကတည်းက ABSDF ကနေ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်း ၇ ယောက်ရှိပြီး၊ ၂ ယောက်ကတော့ တိုက်ပွဲအတွင်း ရခဲ့တဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့ ABSDF မြောက်ပိုင်း အဖွဲ့က ကိုကျော်ကျော် က ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား ကြိုကြားကြိုကြား တိုက်ပွဲ တွေ ဖြစ်ပွားနေပြီး၊ အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေဘက်က စစ်ကြောင်းတွေ အလုံအရင်းနဲ့ ဝင်ရောက်လာတာကြောင့် အဲ့ဒီမှာရှိတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ကွတ်ခိုင်မြို့ဘက်ကို ထွက်ပြေးတာတွေ ရှိနေတယ်လို့ KIO ပြောခွင့်ရသူ ဦးလနန် က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီစစ်ပွဲတွေ စတင်ကတည်းက ကချင်ပြည်နယ်တွင်းမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပြီး၊ စစ်ပြေးဒုက္ခသည်ဦးရေဟာလည်း ၁ သိန်းကျော်သွားပြီ လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုထားကြပါတယ်ရှင်။