ရခိုင် မင်းပြားတိုက်ပွဲ ဖားပျော်ရွာသားတထောင်ခန့် ပိတ်မိ

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ

(Zawgyi / Unicode)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအတွင်း မြန်မာစစ်တပ်ကနေ နေရာယူ တပ်စွဲထားတာကြောင့် ရွာသားတွေ အပြင်သွားလာခွင့်မရှိ ပိတ်မိနေပြီး ကျန်းမာရေး စားသောက်နေထိုင်ရေးနဲ့ လုံခြုံရေးအရ စိုးရိမ်နေကြပါတယ်။ သောကြာနေ့က မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲအပြီး ဖားပျော်ရွာဘက်ကို တပ်စွဲထားတာပါ။ ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ဒေသအတွင်း တင်းမာမှု အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီး တိုက်ပွဲအပြီး မြန်မာစစ်တပ်ဘက်ကနေ ဖားပျော်ကျေးရွာအတွင်း နေရာယူထားလို့ ဖားပျော်ရွာသားတွေ ရွာအတွင်းအပြင် ထွက်ခွာသွားလာခွင့်မရဘဲ ပိတ်မိနေတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဖားပျော်ရွာအတွင်း ရွာသားတထောင်ခန့် ပိတ်မိနေတာကြောင့် လုံခြုံရေးအရ စိုးရိမ်နေကြတယ်လို့ ဖားပျော်ရွာသားတဦးက ပြောပါတယ်။

“သူတို့က နေရာယူနေကြတယ် ရွာထဲမှာ။ ရွာထဲမှာ အခု စခန်းချထားတာ။ လုံခြုံရေးကတော့ စိုးရိမ်ကြောင့်ကျမှုကတော့ သူတို့ တဖက်နဲ့တဖက် ပစ်ရင် ရွာသားတွေကတော့ အကုန်လုံး စိုးရိမ်ရတယ်။ အဲဒါကို ထွက်ခွင့်တောင်းဆိုနေကြတယ်။ ထွက်ခွင့် အမိန့်မပေးဘူး။ မြို့ပေါ်ကလူကြီးတွေ တယောက်မှလည်း လာပြီး မကူညီဘူး။ ရွာသားတွေက တထောင်လောက်ရှိတယ်။ ပိတ်မိနေတယ် အကုန်လုံး။”

မနေ့ကစပြီး ဖားပျော်ရွာကို မြန်မာစစ်တပ်ကနေ ဝိုင်းပတ်ပိတ်ဆို့ထားလို့ ရွာသားတွေ အခက်တွေ့နေရတယ်လို့ အဆိုပါ ဖားပျော်ရွာသားကပဲ ဆက်ပြောပါတယ်။

“ဖားပျော်ရွာထဲမှာ အကုန်လုံးဟာ အစာရေစာငတ်မလို ဖြစ်နေကြတယ်လေ။ ကယ်ဆယ်ရေးလည်း ပေးမသွားလို့ အပြင်ထွက်ရင်လည်း ပစ်မယ်တဲ့။ ဟို ရွာထဲကိုလည်း မဝင်ရ။ လူနာတွေလည်း ဆေးမကုရ။ လူနာ ၂ ယောက်ရှိတယ်။ တယောက်ကတော့ သူတို့နှိပ်စက်တာပေ့ါ ရတဲ့ဒဏ်ရာ။ နောက်တယောက်ကတော့ အဖိုးကြီးလေ သူ့ဟာသူ နေမကောင်းလို့။ ဆေးလည်း မကုရ။ မြို့သွားဖို့လည်းမရ ဖြစ်နေတယ်။”

ပြီးခဲ့တဲ့သောကြာနေ့က မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဇက်ဆိပ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား မနက်ပိုင်းကစလို့ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေ ကျဆုံးမှုရှိခဲ့သလို အရပ်သား ၆ ဦးလောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရာမောင်ဘက်က ဒေသခံတရာခန့်လည်း ဖားပျော်ရွာအတွင်း စစ်တိမ်းရှောင်ရင်း ပိတ်မိနေတာပါ။

မနေ့မနက် အစောပိုင်းမှာလည်း မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာအုပ်စု မောင်သာကုန်းကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာအနီးမှာ မနက် ၃ နာရီ ၂၅ မိနစ်မှာ ရန်သူရဲ့ စစ်ကား ၃ စီးအထဲက တစီးကို ကျနော်တို့ ရခိုင့်တပ်တော်ကနေပြီးတော့ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တာ ရှိတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကျတော့ လောလောဆယ် မသိရသေးဘူး။”

မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာဘက် ပစ်ခတ်တိုက်ခိုက်မှု အတွင်းမှာတော့ ကျေးရွာသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဗမာ့တပ်မတော်ဘက်က ပန်းမြောင်းဘက်ကနေ ကူးလာတာ။ သူတို့ကို မြို့တွင်းမှာရှိတဲ့ တပ်ရင်းကနေပြီးတော့ ကားနဲ့သွားယူတာ။ ကျနော်တို့ရွာရဲ့ အရှေ့ဘက် တာဝါတိုင်နားမှာ ရခိုင့်တပ်တော်ကနေပြီးတော့ RPG နဲ့ လှမ်းပစ်တာ။ သူတို့ဆီမှာ ထိလားမထိလား ကျနော်လည်း မသိဘူး။ ဗမာ့တပ်မတော်ကနေပြီးတော့ ရန်သူကိုမပစ်ဘဲ ပြည်သူကိုလှမ်းပစ်တာ ရွာထဲကို သေနတ်နဲ့ပစ်တော့ ကျနော်တို့ရွာရဲ့ အရှေ့ဘက်က ဆန်စက်ရှင် ကျောကုန်းမှာ ဒဏ်ရာရသွားတယ်။ သူ့ကျောကုန်းမှာ ဝင်သွားတဲ့ ကျည်က အပြင်မှမထွက်တာ။ ကျနော်တို့ မနက်အစော ဆေးရုံကို ပို့ပေးလိုက်ရတယ်။ မြောက်ဦးဆေးရုံကြီးကို။”

ဒီကနေ့မှာ ကျောက်တော်မြို့နယ် တင်းမရွာဘက်နဲ့ ပလက်ဝမြို့နယ် မီးချောင်းဘက်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ၉ ရက်ခန့် တိုက်ပွဲဖြစ်ပွားနေဆဲလို့ AA ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ မင်းပြားမြို့နယ် ဖားပျော်ရွာသားတွေ ပိတ်မိနေတဲ့ အခြေအနေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကုလားတန်မြစ် ရေလမ်းကြောင်း ပိတ်နေသလို ပလက်ဝမြို့နယ်ကိုသွားမယ့် ခရီးသည်ပေါင်း ၁ဝဝ ကျော် ကျောက်တော်မြို့မှာ ၁၀ ရက်ကြာ ပိတ်မိနေပါတယ်။

ဒီ ဖေဖော်ဝါရီလဆန်းကနေ ဒီကနေ့အထိ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသ တိုက်ပွဲအတွင်း အရပ်သား ၉ ဦး သေဆုံးခဲ့ပြီးတော့ ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တုန်းက ဘူးသီးတောင်မြို့နယ် နှစ်ဖက်တိုက်ပွဲအတွင်း ခမီးချောင်းကျေးရွာ စာသင်ကျောင်းဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းသား ၂၁ ဦး ဒဏ်ရာရရှိသွားခဲ့သလို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျောက်တောင်၊ ဒါးဖြူနဲ့ တောင်ဘွေရွာဘက်ကို လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ ကလေးငယ်တဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ရွာသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုကိုတော့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရမှုအတွက် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်နဲ့ ဗြိတိသျှ သံအမတ်ကြီးတွေကလည်း စိုးရိမ်ကြောင်းနဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ ကြေညာချက်တွေ အသီးသီးထုတ်ပြန် တိုက်တွန်းခဲ့ကြပါတယ်။

----------------------------

(Unicode)





















Your browser doesn’t support HTML5

ရခိုင် မင်းပြားတိုက်ပွဲ ဖားပျော်ရွာသားတထောင်ခန့် ပိတ်မိ