AA မှ ပြန်လွတ်လာသူ ယာဉ်မောင်းများ ခုံရုံးဖွဲ့စစ်ဆေးခံရမယ်

AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးခံခဲ့ရတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်း ၁၆ ဦးနဲ့ ကျန် ၂ ဦး ပေါင်း ၁၈ ဦး ပြန်လွတ်လာတဲ့အခါ တာဝန်ကျရာ ခရီးလမ်းကို ဆက်မသွားတာကြောင့်ဆိုတဲ့ စွဲချက်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးခံရမယ့်သူတွေကတော့ အခုလို ခုံရုံးဖွဲ့ စစ်ဆေးရတဲ့ အဓိကအကြောင်းရင်းဟာ အဖမ်းဆီးခံရစဉ်အတွင်း ဖြစ်စဉ်တွေကို မီဒီယာတွေမှာ အမှန်တိုင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်နေတယ်လို့ ယူဆပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

AA အဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန်လွတ်လာတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ယာဉ်မောင်း ၁၆ ဦးနဲ့ ကျန် ၂ ဦးကို တာဝန်ကျရာ မောင်တောမြို့ ကြိုဆိုလက်ခံရေးစခန်းကို မသွားလို့ဆိုပြီး ဌာနကနေ ခုံရုံးဖွင့် အရေးယူဖို့ စီစဉ်နေတာပါ။

ယာဉ်မောင်း ၁၈ ဦးကို ခုံရုံးဖွဲ့ စစ်ဆေးမယ့်အကြောင်းကိုတော့ အဖမ်းခံရအထဲ ပြန်လွတ်လာတဲ့ ယာဉ်မောင်း ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ကို ပထမ ဌာနကလွှတ်လိုက်တယ်။ သူတို့က လုံခြုံရေးရော ဘာရော အကုန်စိတ်ချရပါတယ်။ အဆင့်ဆင့် သတင်းပို့သွားပါ။ တာဝန်ယူပါတယ်ဆိုပြီးတော့ လွှတ်တာပေါ့နော် ကျနော်တို့ကို။ တာဝန်မယူနိုင်လို့ပဲ ကျနော်တို့ လက်တွေ့ အဖမ်းခံရတယ်လေ။ ကျနော်တို့ အဖွဲ့အစည်းအဆိုအရ လုံခြုံရေးကျိုးပေါက်သွားပြီး။ ပြီးရင် ကျနော်တို့ရဲ့ ဝန်ထမ်းတွေ စိတ်ခံစားမှု ဖြစ်သွားပြီး။ ကျနော်တို့က ဟိုကို ကားသွားမောင်းဖို့ တာဝန်ထမ်းဆောင်ဖို့ဆိုတာ ကျနော်တို့အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့။ ကျနော်တို့က ဟိုကိုသွားလဲရမယ့်တာဝန်ကို မလဲနိုင်တော့ဘူးပေါ့။ အဲဒါကို သူတို့ ကျနော်တို့ကို ဘယ်လိုအပြစ်မြင်လဲဆိုတော့ ကျနော်တို့သဘောနဲ့ ကျနော်တို့ ပြန်လာပါတယ် ဆိုပြီးတော့ပဲ အထက်ကို ထိုးချတာပေါ့နော်။ အဲဒီလိုပုံစံမျိုး။ ခုံရုံးဖွဲ့စစ်တာက ကျနော်တို့ ၁၈ ယောက်လုံးကို စစ်မှာပေါ့နော်။ ကျနော်တို့ဆီက စစ်ဗိုလ်တွေပါပဲခင်ဗျ။ ဗိုလ်ကြီးမင်းနိုင်ပေါ့နော် တပ်မတော်က ပြောင်းလာတာပေါ့။ ဗိုလ်ကြီးမင်းနိုင်၊ ဗိုလ်ကြီးအောင်မော်၊ ဗိုလ်ကြီးကျော်သီဟ သူတို့က ကျနော်တို့ရဲ့ဌာနမှာ ရာထူးယူထားပြီးတော့ တပ်မတော်က ရွှေ့လာတာပေါ့။ အဲဒီလူတွေက ခေါင်းဆောင်ပြီးတော့ စစ်မှာပေါ့နော်။ တနင်္လာနေ့ကစပြီး သောကြာနေ့အထိ စစ်မှာပါ။”

အဲလို ဖမ်းဆီးခံရသူ ၁၆ ဦးထဲ ယာဉ်မောင်း ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးလည်း ပါတာမို့ အခုလို ခုံရုံးဖွဲ့ စစ်ဆေးတာမှာ သူလည်း ထွက်ဆိုရမှာဖြစ်ပါတယ်။

ဒီခုံရုံးကို တပ်မတော်ကနေ ပြောင်းလာတဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်တွေ-ဘူးသီးတောင်မြို့ကို ပြေးဆွဲတဲ့ အောင်တံခွန် ၇ ရေယာဉ်ပေါ် လိုက်ပါလာပြီး ဒုက္ခသည်ကြိုဆိုရေး လက်ခံစခန်းကို သွားမယ့် ယာဉ်မောင်း ၁၆ ဦးကို ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ ကျန်တဲ့ ၂ ဦးကတော့ အဖမ်းဆီးခံရတဲ့အထဲ ပါမသွားခဲ့ပါဘူး။

တရက်သာ ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် တာဝန်ကျရာ မောင်တောမြို့နယ် လှဖိုးခေါင် ငါးခူရ ပြန်လည်လက်ခံရေး ကြိုဆိုရေးစခန်း မသွားဘဲ ပြန်လာတဲ့အတွက် စုစုပေါင်း ယာဉ်မောင်း ၁၈ ဦးကို နေပြည်တော်မှာ ခုံရုံးဖွဲ့ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ခုံရုံးဖွဲ့ စစ်ဆေးခံရတဲ့ အဓိကအကြောင်းရင်းဟာ ဖမ်းဆီးခံရစဉ်အတွင်း ဖြစ်စဉ်တွေကို မီဒီယာတွေမှာ အမှန်တိုင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်နေတယ်လို့ ဦးဇော်ထွန်းဦးက ယူဆ ပြောဆိုပါတယ်။

“အဓိက အနှစ်ချုပ်ပြောချင်တာက ကျနော်တို့ကို တိုင်းရင်းသားတွေက ကောင်းကောင်းဆက်ဆံလိုက်တဲ့ အပေါ်မှာ သူတို့စိတ်ထဲမှာ ဒီတပ်ဘက်က လူတွေက မလိုလားဘူးပုံစံမျိုး ဖြစ်နေတယ်။ ကျနော့်ကို သတင်းထောက်တွေက မေးတော့ ကျနော် ဒီဆိပ်ကမ်းတက်တက်ချင်းပေါ့နော်။ ကျန်းမာရေးကောင်းသလား ဘာလား အဲဒီလိုမေးလိုက်တဲ့ အချိန်မှာ ကျနော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အသက်ကိုလည်း သူတို့လွှတ်ပေးလိုက်တယ်လေ နော။ တိုင်းရင်းသားတွေမှာလည်း သူ့ဂုဏ် သူ့အဆင့်အတန်းနဲ့ လေးစားစရာ ကောင်းတာတွေ ရှိပါတယ်လို့ ကျနော် အဲဒီလိုဖြေလိုက်တာ။ အဲဒီအပေါ် သူတို့ မလိုလားဘူးထင်တာပေါ့။ ကျနော်တို့သေသွားပြီး ကျနော်တို့ အနှိပ်စက်ခံရတယ်။ သူတို့ အဲဒါကိုပဲ လိုတယ်။ ကျနော်တို့က တကယ်ပဲ မနှိပ်စက်တာ။ မနှိပ်စက်တာ မနှိပ်စက်ဘူးလို့ ပြောရမှာပေါ့။ ကျနော်တို့ဌာနကလည်း တပ်ကလူချည်းပဲ အကုန်လုံး။”

ဒီလိုဖြစ်စဉ်အပေါ် နိုင်ငံတော်ပင်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြသွားမယ်လို့ ဦးဇော်ထွန်းဦးက ဆက်ပြောပါတယ်။

“ကျနော်တို့အဖွဲ့ တိုင်ပင်ထားတာတော့ ကျနော်တို့ အစစ်ခံမယ်။ သူတို့ တိုက်ရိုက်စစ်နဲ့ လုပ်တာနဲ့ တပြိုင်နက်တည်း ကျနော်တို့ ဒီ ၁၈ ယောက်လုံးစုပြီး အတိုင်ပင်ခံအိမ်ကို သွားတွေ့မယ်။ အတိုင်ပင်ခံ အတွေ့ခံမလား ကျနော်တို့ပဲ အဖမ်းခံရမလား။ ကျနော်တို့ ဆက်လျှောက်မှာပေါ့နော်။ ဒီလိုကြီး အမှန်တကယ်ဖြစ်နေပြီး။ မြေပြင်ပေါ်မှာတော့ လက်တွေ့ ဒါတွေကို တာဝန်ရှိတဲ့သူတွေ ဘယ်လိုဆုံးဖြတ်ပေးမလဲ ဆိုတာကို ကျနော် အဖြူအမည်း သဲကွဲစေချင်တာပေါ့နော်။”

ကညနယာဉ်မောင်း ၁၈ ဦးကို ခုံရုံးဖွဲ့ စစ်ဆေးမယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “လောလောဆယ်က ကျနော် ရုံးပိတ်ရက်ဖြစ်တယ်။ နယ်ကိုလည်း ခရီးထွက်နေတယ်။ လောလောဆယ် မဖြေနိုင်သေးဘူး။” လို့ ပြောပါတယ်။

လက်ရှိ ခုံရုံးဖွဲ့ စစ်ဆေးခံရမယ့် ကညနယာဉ်မောင်း ၁၈ ဦးဟာ ဒေသအနှံ့က မိမိတို့နေအိမ်မှာ ရှိနေသလို လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့ နေပြည်တော်မှာ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ခုံရုံးဖွဲ့ စစ်ဆေးပြီးရင် သူတို့ကို ရာထူးချတာ (သို့မဟုတ်) အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်မယ်လို့လည်း ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားဆဲဖြစ်သလို ခရီးသွားလာရာမှာလည်း အစိုးရနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို AA အဖွဲ့ကနေ မကြာခန ဖမ်းဆီးမှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်မှာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းက လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်နဲ့ လာကြိုသူ လဝက အရာရှိ ၂ ဦး ပေါင်း ၃ ဦးကို AA အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ရေယာဉ်တစီးပေါ် ပါလာတဲ့ တပ်မတော်သား၊ ရဲနဲ့ အစိုးရဝန်ထမ်း စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုအချိန်အထိ ပြန်မလွတ်သေးပါဘူး။

ပဋိပက္ခဖြစ်ပွားရာဒေသကို သွားလာမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ခွင့်ပြုချက်ရမှာသာ သွားလာဖို့ ရခိုင်ပြည်နယ် ပညာရေးဌာနကလည်း ဒီရက်ပိုင်းမှာ ကြေညာချက် ဖြန့်ဝေထားပါတယ်။

----------------------------------

(Unicode)




















Your browser doesn’t support HTML5

AA မှ ပြန်လွတ်လာသူ ယာဉ်မောင်းများ ခုံရုံးဖွဲ့စစ်ဆေးခံရမယ်