ပလက်ဝမြို့နယ်ရဲစခန်းကို AA စီးနင်းတိုက်ခိုက် နှစ်ဖက်တိုက်ပွဲပြင်းထန်ဆဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ (ဓာတ်ပုံ- ကိုတင်ထွန်းအောင်)

စစ်ရေးပဋိပက္ခတင်းမာနေဆဲဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲအတွင်းအရပ်သားသေဆုံးမှုတွေ ဖမ်း ဆီးခေါ်ဆောင်မှုတွေလည်း ဖြစ်ပွါးနေတာပါ။ ဒီမနက် ပလက်ဝမြို့နယ်ဘက်က ရဲစခန်းတခုကို AAအဖွဲ့ကနေ တိုက် ခိုက်ခဲ့ပြီးစခန်းမှူးအပါအဝင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ခေါ် ဆောင်သွားတယ်လို့ တပ်မတော်တာဝန် ရှိသူတွေက ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ဒီနေ့သောကြာနေ့မနက်ဖက်မှာ ရခိုင့်တပ်မတော်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် လေးမြို့ချောင်းအထဲ သံတောင်ရဲစခန်းကို ဝင်ရောက် စီးနင်းခဲ့ပြီး စခန်းမှူးကြီးနဲ့အဖွဲ့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ သံတောင်ရဲစခန်းက မနက် (၄) နာရီလောက်မှာ သံတောင်က ရွာသား (၃) ဦးက စခန်းမှူးကို လာခေါ်တယ်။ စခန်းမှူးက ဆလိုင်းဘီးဗာ၊ ရဲအုပ် ဆလိုင်းဘီဗာဆိုတာလေ။ သူ့ကိုလာခေါ်တယ်။ လာခေါ်တဲ့အကြောင်းပြချက်က လိမ်ပြီး ခေါ်သွားတာပေါ့ဗျာ။ လက်နက်တွေ အပ်စရာရှိတယ် ဆိုပြီးလာခေါ်တယ်။ ဘော်လုံးကွင်းအရောက်မှာ AA နဲ့ သူရယ်၊ လိုက်သွားတာကတော့ ရဲတပ်ကြပ်ကြီးရယ် ရဲတပ်သားတယောက်ရယ် လိုက် သွားတယ်။ ဘော်လုံးကွင်းအလွန်မှာ အဖမ်းခံရတယ်။ (၃) ယောက်လုံးကို။ တပ်ကြပ် ကြီးကို ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်ပြီးတော့ ရဲစခန်းကို လက်နက်ချခိုင်းတယ်။ အကုန်ဝိုင်းထားပြီးလို့ပြောတယ်။ ရဲတပ်ကြပ်ကြီးကတော့ လက်နက်မချဘူး။ ရဲစခန်းကို စပြီးတော့ (၄) နာရီ (၄ဝ) လောက်မှာ လက်နက်ကြီးတွေနဲ့ပစ်တယ်။ (၈) နာရီလောက်မှာ တခါ လူအင်အား (၂ဝ) (၃ဝ) လောက်နဲ့ ရဲစခန်းကို ဝင်တိုက်တယ်။ (၈) နာရီခွဲ လောက်မှာ ပြီးသွားတယ်။ ရဲစခန်းကတော့မကျဘူး။ တပ်ကလည်း နယ်မြေရှင်း လင်းရေး လုပ်ဖို့ထွက်သွားပြီ။ နယ်မြေတော့ ပြန်ထိန်းနိုင်ပြီ။”

သံတောင်ကျေးရွာ ရဲစခန်းမှူး ဆလိုင်းဘီးဗာနဲ့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးဦးချာဟော် တို့ကိုAAတပ်မှ ဖမ်းဆီး သွားကြောင်း ရဲစခန်းမှူးရဲ့ဆွေမျိုးသားချင်းတဦးက အတည်ပြုခဲ့ပါတယ်။

ရခိုင်တပ်မတော်ကနေ ရဲစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုရှိခဲ့တာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ သောကြာနေ့မနက်ပိုင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရမ်းချောင်ဒေသ၊ ရန်အောင်ပြင်ကျေးရွာအုပ်စု နလိပ်ကျေးရွာနားမှာ မြန်မာ့ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် အနီးအနားဆင်အိုးရွာသား (၁၆ဝ) ကျော်ဟာ ကျောက်ကျပ် ကျေးရွာ ဘက်ကို တိမ်းရှောင် လာကြတာကြောင့် စစ်ရှောင်တွေကိုနေရာချထား ပေးနေရတယ်လို့ ကျောက်ကျပ်ရွာ အုပ်ချုပ်ရေးမှူးဦးအောင်ဇော်က အခုလိုပြောပါတယ်။

“ဖြစ်နေတာ ရမ်းချောင်းဖျား နလိပ်ကျေးရွာအရှေ့ဖက်ခြမ်း တောင်တန်းပေါ်မှာလို့ ပြောပါ တယ်။ လက်နက်ကြီးသံတော့ကြားရပါတယ်။ အဲဒါကို ကြောက်လို့ ဆင်အိုးရွာက (၁၆ဝ) လောက်ပါပါတယ်။ အိမ်ထောင်စုက (၄ဝ) ကျော်။ ကြောက်လို့ပါ။ အဲဒီနေရာမှာမနေရဲလို့ စစ်ဘေးရှောင် ထွက်ပြေးလာကြတာလေ။ ကျနော်တို့ရွာနဲ့ စေတီတောင်ရွာအကြား အဲဒီနေရာမှာနေရာချထားမလို့ဒီမှာ။”

တိုက်ပွဲဖြစ်ပွါးရာ နလိပ်အရှေ့ခြမ်းတောင်တန်းနဲ့ဆင်အိုးရွာဟာ (၂) မိုင်ကျော်ကျော် ကွာဝေးပြီး စိုးရိမ်စိတ်တွေကြောင့် နေရပ်ကနေ တိမ်းရှောင် လာတယ်လို့ ဦးအောင်ဇော်က ပြောပါတယ်။

ဒီနေ့မွန်းလွှဲပိုင်းမှာ ကျောက်တော်မြို့နယ်က ဇီးချောင်းဆည်မြောက်ဖက်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွါးနေတယ်လို့ ဇီးချောင်းဆည်ကို ရောက်နေတဲ့ ကျောက်တော်မြို့နယ်လူမှုကူညီရေးအဖွဲ့ ကိုကျော်လှမြင့်ကပြောပါတယ်။

“ဇီးချောင်းဆည်ဘက်မှာဖြစ်နေတယ်။ လက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။ ကျနော်တို့က မနက်ကပဲ ဇီးချောင်းဆည်ဘက် ရောက်နေတယ်။ အချိန်က ဒီတနာရီ လောက် ကစလို့ ကြားရပါတယ်။ ဇီးချောင်းဆည်တော့ ဒီကျောက်တော်နဲ့ (၆) မိုင်ခွဲ လောက်ရှိမှာပေါ့။ ကျောက်တော်အရှေ့ဖက်အနားမှာပါ။”

တိုက်ပွဲဖြစ်တဲ့နေရာကတော့ ဇီးချောင်းဆည်မြောက်ဖက် မင်းသားဆည်အရှေ့ဘက် ခကြိုးပုံ တောင်တန်းအတက် ပန်းချကျော်လမ်း နေရာလို့ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်နေတာတွေနဲ့ပက်သက်လို့ ရခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“ဖေဖေါ်ဝါရီ (၂၁) ရက်နေ့မှာ ပလက်ဝမြို့နယ် ကုန်ပြင်ရွာရဲ့အရှေ့ဘက် တောင်ကြော မှာ တိုက်ပွဲဖြစ်ခဲ့တယ်။ နောက်ပြီးတော့ ဖေဖေါ်ဝါရီ (၂၁) ရက်နေ့မှာပဲ မြောက်ဦးမြို့နယ် “အောက်သားကန်ရွာ” အရှေ့ဘက်တောင်ကြောမှာ ညနေ (၆) နာရီကနေ တိုက်ပွဲဖြစ် ခဲ့တာ အဲဒီမှာ တိုက်ပွဲ ကတော့ (၄၅) မိနစ်ကြာတယ်။ ဗမာလက်နက်ကိုင်အင်အား(၂ဝဝ) လောက်ကနေပြီးတော့ ကျနော်တို့ရခိုင့်တပ်မတော်ရှိတဲ့နေရာကို ထိုးစစ် ဆင်လာတဲ့ အတွက်ကြောင့် တိုက်ပွဲဖြစ်တာ။မျက်မြင်ကတော့ (၆) ဦးကျဆုံးတယ်။ ဗမာ့တပ်မတော် ဘက်က။ နောက်ပြီးတော့ ဒဏ်ရာရသူ တွေလည်း အများအပြားရှိတယ်။ ရန်သူ့ဆီက နေပြီးတော့ လက်နက်ခဲယမ်းအသုံးဆောင်တွေလည်း သိမ်းဆည်းရမိတာရှိတယ်။”

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ (၁၉) ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ရန်အောင်ပြင်၊ ကျောက်ကြတ်၊ အနီးတဝိုက်မှာ နှစ်ဘက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး နှစ်ဘက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွါးအပြီး ထင်းရှာ ငါးရှာနေတဲ့ ရန်အောင်ပြင်၊ ကျားနင်းကန်ကျေးရွာ၊ သာစည် ကျေးရွာသား (၅) ဦး ပျောက်ဆုံးသွားခဲ့သလို ဖေဖေါ်ဝါရီ (၂၁) ရက်နေ့မှာ မီးရှို့ထားတဲ့ အလောင်းကို တွေ့ရတယ်လို့ ကျားနင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ကျနော်တို့ကျေးရွာက ပျောက်နေတဲ့သူတွေက စက်လှေနဲ့သွားပြီးတော့ စစ်ဖြစ်တဲ့နေရာနဲ့ အပေါ်ကနေပြီးတော့ ရေကြောင်းကနေပြီးတော့ စက်လှေနဲ့ ထင်းတွေသယ်လာတာ။ အဲဒီအနားမှာပဲ သူတို့ပျောက်သွားတာ။ အဲဒီအနားမှာပဲ ထင်းလှေကရှိပြီး လူကမရှိဘူး။ ထွေအုပ်ရုံးကိုရော ရဲစခန်းကိုရော အကုန်လုံးအကြောင်းကြားပြီးပြီ။ (၂ဝ) ရက်နေ့ည (၁၁) နာရီလောက်မှာ အခုစစ်ဖြစ်နေတဲ့ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေး မှူးဆီက ဖုန်းလာတယ်။ အလောင်း (၃) လောင်း ဒီနားမှာ မီးရှို့လို့ရှိတယ်လို့ပြောတယ်။ သူတို့မိသားစုအကြောင်းကြားပြီးတော့ (၂၁) ရက်နေ့ ကျနော်တို့ အဲဒီနေရာသွားပြီး တွေ့ တယ်။ အဲဒီမီးရှို့ထားတဲ့နေရာကိုလေ။ သူတို့ကိုမှန်းလို့မရတော့ဘူး။ အကုန်လုံးက မီးလောင်ကျွမ်းသွားတာကိုး။”

ရွာသားတွေကို မြန်မာ့တပ်မတော်ကနေဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလိုစွဲချက်တင်ပြောဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့ထင်းခုတ်ငါးရှာသွားတဲ့သူတွေ။ အဲဒီရွာသားတွေကို ဗမာ စစ်တပ်ကနေပြီးတော့ အကုန်လုံး ဖမ်းဆီးခေါ်ဆောင် သွားပြီးတော့မှ စစ်ဆေးမေးမြန်း နေတုန်းမှာ သူတို့မီးရှို့သတ်ဖြတ်ပစ်တဲ့ဥစ္စာတွေပဲ ဖြစ်တယ်။”

AA ရဲ့စွပ်စွဲချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေး တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သလို သံသယဖြစ်စရာသူတွေ ကိုတော့ ဖမ်းဆီးစစ်ဆေးမှုတော့ရှိနေတယ်လို့ ဆိုပါတယ်။

“စွပ်စွဲချက်ပါ။ မရှိပါဘူး။ ကျနော်လည်း တရားဝင်ပြောထားတာရှိတယ်လေ။ ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူ အဲဒီအထဲမှာတော့ တယောက်တော့ ရှိတယ်။ ရသေ့တောင်မြို့နယ် ရေစိုးချောင်းဘက်မှာတယောက်တော့ ရှိတယ်။ ရဲစခန်းမှာ တရားဝင်စစ်ဆေးလျှက် ရှိ တယ်။ ဖမ်းဆီးထားတာရှိရင် ဖမ်းဆီးထားတာ စစ်ဆေးနေတာရှိရင် စစ်ဆေးနေတာ ပြောတယ်။”

ဖေဖေါ်ဝါရီ (၂ဝ) ရက်နေ့က တပ်မတော်နဲ့ AA တို့ စစ်ရေးပဋိပက္ခကြောင့် ရသေ့တောင် မြို့နယ်၊ မင်းဖူးကျေးရွာက အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ်တဦးနဲ့ အမျိုးသမီး တဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာနေသလို ဒေသခံရွာသားတွေ ထိခိုက်သေဆုံးမှု တွေကလည်း ပိုမိုရှိလာနေပြီး စစ်ဘေးရှောင်နေရတဲ့သူတွေလည်း တိုးပွါးလာနေပါတယ်။

Your browser doesn’t support HTML5

ပလက်ဝမြို့နယ်ရဲစခန်းကို AA စီးနင်းတိုက်ခိုက် နှစ်ဖက်တိုက်ပွဲပြင်းထန်ဆဲ