AA နဲ့ မြန်မာစစ်တပ်တိုက်ခိုက်မှု ကုလ စိုးရိမ်

ပုဏ္ဍားကျွန်းမြို့နယ်က ရဲစခန်း တခုကို AA အဖွဲ့ဝင်တိုက်ခဲ့သည့် နေရာပြမြေပုံ

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး ပုဏ္ဍားကျွန်းမြို့နယ်က ရဲစခန်း တခုကို AA အဖွဲ့က စနေနေ့မှာဝင်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရ တဲ့ စစ်ပြေးဒုက္ခသည်တွေလည်း တသောင်းကျော်ရှိနေပါတယ်။ ဒီအခြေအနေတွေအပေါ် ကုလသမဂ္ဂဘက်က စိုးရိမ်ပူပန် နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarricက မနေ့ကကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာပြောခဲ့ပါတယ်။

"မြန်မာအာဏာပိုင်တွေနဲ့ ရခိုင်တပ်မတော်အကြားက တင်းမာမှုတွေ ဆက်ပြီး ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် ကျနော်တို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ မြောက်ဦးမြို့နယ်အတွင်းပြီးခဲ့တဲ့အပတ်က ပဋိပက္ခတွေဖြစ်ပွါးခဲ့လို့ အဲဒီဒေသမှာ လူသုံးထောင့်ခုနှစ်ရာလောက် အိုးမဲ့ အိမ်မဲ့ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေအတွင်းပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတည်းက စဖြစ်လာတဲ့ တိုက်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူပေါင်း ကိုးထောင်လောက်ရှိနေပါပြီ။ ဒီလူတွေကို အကူအညီတွေပိုပြီးပေးနိုင်ရေး ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး OCHA အဖွဲ့နဲ့ တခြားလုပ်ဖေါ်ကိုင်ဖက်အဖွဲ့တွေ ဟာ မြန်မာအစိုးရနဲ့ပြောဆိုဆွေးနွေးနေပါတယ်"

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်ဖွဲ့AA အကြားတိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲဆိုပေမဲ့ AAအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲတမ်းလမ်းဖွင့်ထားပါတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းဖြစ်လာနေတဲ့အခြေအနေသစ်တွေက နိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာနေတယ် လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

Your browser doesn’t support HTML5

AA နဲ့ မြန်မာစစ်တပ်တိုက်ခိုက်မှု ကုလ စိုးရိမ်