[[Zawgyi/Unicode]]
ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီနေ့ ကြာသပတေးနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ဖြစ်ပါတယ်။ စစ်တပ်ဘက်က လေကြောင်းသုံးသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုအတွင်း ဒေသခံတချို့ ထိခိုက်ဒဏ်ရာရထားပေမဲ့ သွားလာရေးအခက်အခဲကြောင့် ဆေရုံပို့ဖို့ အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။
ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနဲ့ ပဒေသာကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဘက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခဲ့သလို လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာနားက ရွာသားတဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက ၅ နာရီခွဲ ၆ နာရီလောက်မှာ ဖြစ်တာ။ ပြီးတော့ ၇ နာရီလောက်မှာ ၅၅၀ ရယ်၊ ကွမ်းတောင်ရယ်၊ ပါဒလိပ်ရယ်၊ အဲဒီ ၃ နေရာကနေ လှမ်းပစ်တယ်။ နောက် ၈ နာရီလောက်မှာ လေယာဉ်နဲ့လာပစ်တယ်။”
ညနေ ၄ ကျော်ထိ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်နေသလို အဝေးထိန်း ဒရုန်းယာဉ်တွေသုံးပြီးလည်းတိုက်ခိုက်တာကြောင့် အိုင်ဒင်ကျေးရွာ၊ ငှက်ကြီးကျွန်းကျေးရွာနဲ့ ရွာတချို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဒဏ်ရာရထားပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ် ပစ်ခတ်နေပြီး သွားလာရေးအခက်အခဲကြောင့် ဆေးရုံပို့ကုသနိုင်ခြင်း မရှိသေးတဲ့ အခြေအနေကို ဒဏ်ရာရသူ စာရင်းကောက်ယူနေတဲ့ ပုဏ္ဏားကျွန်းဒေသခံတဦး ကပြောပါတယ်။
“အိုင်ဒင်ကျေးရွာမှာတော့ လေယာဉ်နဲ့ပစ်တာ ၂ ယောက်ထိတယ်။ နောက်ပြီးတော့ ငှက်ကြီးကျွန်းကျေးရွာမှာ ၇ ယောက်ထိတယ်၊ သေဆုံးတာတွေတော့ မသိရသေးဘူး။ ဆေးရုံတောင် မရောက်နိုင်သေးတဲ့ လူတွေရှိတယ်ဗျာ၊ လမ်းကြောင်းအခက်အခဲကြောင့် နောက်ပြီးတော့ ယာချောင်းမှာတယောက် နောက်အထုပ်သည်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး လက်နက်ကြီးကျသံကြောင့် သတိမေ့နေတာရှိတယ်ဗျာ၊ အခုထိ ဒရုန်းတို့၊ လေယာဉ်တို့နဲ့ ပစ်နေတုန်းပါ။”
ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် မနက်ပိုင်းကတည်းက ဈေးတွေ၊ စာသင်ကျောင်းတွေကို ပိတ်ထားကြသလို တမြို့လုံး တိတ်ဆိတ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား နေ့တိုင်းနီးပါး တိုက်ပွဲရှိ နေသလို စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးများရင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောဆိုပါတယ်။
“ ပြောမယ်ဆိုရင်တော့ မြန်မာစစ်တပ်ဟာ လက်နက်ကိုင်အချင်းချင်း၊ ကြည်းတပ် အချင်းချင်း တိုက်တဲ့တိုက်ပွဲမှာ သူတို့ဘက်က ထိခိုက်အကျအဆုံးတွေများနေတဲ့ အတွက်ကြောင့်မို့လို့ မြန်မာစစ်တပ်ဟာ ပြည်သူတွေကမကူညီရဲအောင်၊ ပြည်သူတွေ စိတ်ဓာတ်ကျလာအောင် အဲလိုရည်ရွယ်ချက်နဲ့ ပြည်သူကိုပစ်မှတ်ထားပြီး တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့၊ အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ တောက်လျောက် လုပ်နေတယ်ခင်ဗျာ။”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်နေတာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတော်တော်များများ သေဆုံးဒဏ်ရာရတာတွေရှိသလို ဒေသခံ ၁၀၀ ကျော်လောက် ဖမ်းဆီးတရားစွဲဆိုခံထားရတယ်လို့လည်း AA ဘက်က ပြောထားပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျခဲ့တဲ့ကျည်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အစွန်းရောက် အဖွဲ့တွေ ပစ်ခတ်ခဲ့တဲ့ ကျည်တွေဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]