ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပိုပြီး အဖြစ်များလာနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်ထဲမှာပဲ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွား ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် ဖက်မှာလဲ တပ်မတော်သားတွေ စီးနင်းလာတဲ့ အရပ်သား ကားတစီးကိုလဲ AA ဖက်က ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် ဘက်က နောက်ဆုံး အခြေအနေ တွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
စစ်ရေးတင်းမာနေဆဲ ရခိုင်တပ်မတော်AAနဲ့ မြန်မာ့တပ်မတော်တို့အကြား မနေ့ကရသေ့တောင်မြို့နယ်ထဲမှာ (၃) နေရာလောက် တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။
“ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့မှာတော့ ရသေ့တောင်မြို့နယ် ခရုချောင်းရွာ"နဲ့ "သက်ပြေကျရွာ"အကြားမှာ ထိတွေ့ တိုက် ခိုက်မှု(၂)ကြိမ်ဖြစ်ပွါးခဲ့တာရှိတယ်။ (၁၇)ရက်နေ့မနက်(၈)နာရီ(၃၀)မှာ ရသေ့တောင်မြို့နယ်နွားတင်းကုတ် ရွာရဲ့တောင်ဖက်မှာ တတိယအကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့တယ်။ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့မှာ ရေစိုးချောင်းနဲ့ ရေပုပ် ရွာအကြားမှာ အဲဒီမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲမှာတော့ ဗမာစစ်တပ်ဘက်က နေပြီးတော့ (၁၀)ယောက် အထက် ကျဆုံးတာရှိတယ်။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ မနေ့က တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်ဆိုတာ အတည်ပြု မပြောနိုင်သေးဘူးလို့ ဆိုပေမယ့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ရသေ့ တောင်မြို့နယ်၊ "ရေစိုးချောင်း ကျေးရွာ"မှာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လိုတော့ ပြောပါတယ်။
“ရသေ့တောင်မှာတော့ ကျွန်တော်တို့ရေစိုးချောင်းဖက်မှာဖြစ်တာတော့ရှိပါတယ်။ ရေစိုးချောင်းဆိုတာ ရသေ့တောင် ရဲ့မြောက်ဖက်ခြမ်းမှာပေါ့။ အဲဒီဖက်မှာဖြစ်တာ တခုရှိတယ်။ အဲဒီမိုင်းထောင်ဖေါက်ခွဲတာရှိတယ် ဒါပါဘဲ။”
ရေစိုးချောင်းတိုက်ပွဲမှာတပ်မတော်ဘက်ကထိခိုက်ကျဆုံးမှုများပြားတယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် သီးခြား အတည် မပြုနိုင်သေးပါဘူး။
ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက်ဘက်မှာလဲ ပုဏ္ဏားကျွန်းမြို့နယ်၊ "သဲတောရွာ" နှင့် "ယိုးတရုပ်ရွာ"အကြားမှာ အရပ်သားကားတွေကို အသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေတဲ့ တပ်မတော်သားတွေ စီးနင်းလာတဲ့ယာဉ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံခိုင်သုခကပြောပါတယ်။
“ပုဏ္ဏားကျွန်းမြို့နယ်၊ "သဲတောရွာ" နဲ့"ယိုးတရုပ်ရွာ"အကြားမှာ အဲဒီမှာအရပ်သားကားတွေကို အသုံးပြုပြီးတော့ကာ သွားနေတဲ့ ဗမာတပ်ဖွဲ့တွေ ကို အဲဒီဗမာတပ်ဖွဲ့တွေရဲ့ ယာဉ်တန်းကို ကျွန်တော်တို့ဖက်ကနေပြီးတော့ ဝင်ရောက် တိုက် ခိုက်ခဲ့တာ။ ထိခိုက်မှု ကတော့ ရှိတယ်ဗျ။ ဒါပေမယ့် ဘယ်လောက်ထိခိုက်ကြသလဲ ဥစ္စာတော့ လောလောဆယ်ပြောဖို့ ခက် သေးတယ်။”
ဒီဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ တပ်မတော်ကနေ အရပ်သားကားကို အသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေတယ် ဆိုတဲ့ AAကနေစွပ်စွဲချက်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက အခုလိုပြောပါတယ်။
“မနေ့ကတော့ကျွန်တော်တို့ဟိုဖက်မှာတော့ ကားနှစ်စီးမိုင်းခွဲခံရတယ်။ ထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး။ ကျွန်တော် တို့ သိသလောက်ကတော့ တပ်မတော်မှာ ခရီးသွား လာတာ (၂)မျိုး ရှိတယ်လေ။ တမျိုးကတော့ကျွန်တော်တို့ စစ်ဆင် ရေး အတွက် ခရီးသွား လာတာရှိမယ်။ စစ်ဆင်ရေးအတွက်ခရီးသွားလာတာကတော့ သူတို့တပ်မတော်ယာဉ်တန်းနဲ့ ပဲ သွားတာ ကများတယ်။ နောက်တခု ကကျွန်တော်တို့အုပ်ချုပ်မှုကိစ္စအတွက်သွားတယ်။ အုပ်ချုပ်မှုကိစ္စဆိုတာ ပုဂ္ဂလိ က ဆိုင်ရာကိစ္စတွေ ဒါမှမဟုတ် တချို့ယာယီ တာဝန်သွားတဲ့ကိစ္စတွေကတော့ တပ်မတော်သားတွေကဘဲ သူတို့က သာမန်ပြည်သူတယောက် အနေ နဲ့ပဲ အရပ်သား သုံးတာတွေလဲရှိတယ်။”
ပုဏ္ဏားကျွန်းမြို့နယ်၊ "သဲတောရွာ" နှင့်"ယိုးတရုပ်ရွာ"အကြား ဗုံးခွဲ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ပက်သက်လို့ ယိုးတရုတ်ကျေးရွာ ဒေသခံတဦးက အခုလိုပြောပါတယ်။
“မနက်(၈)နာရီဝန်းကျင်လောက်မှာ ဗုံးပေါက်တာပေါ့လေ။ အဲဒီမှာတော့ အရပ်ကားတစီး ဗုံးပေါက်တယ်လို့ ပြောပါ တယ်။ တချို့ပြောတော့လဲ ဒီကားပေါ်မှာ စစ်တပ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေပါနေတယ်။ အဲဒီလိုမျိုးလဲပြောနေကြ တယ်ပေါ့ နော်။ ဒါပေမယ့် ထိခိုက်တာတော့ ဘယ်သူမှမထိခိုက်ဘူးပေါ့နော်။”
ခရီးသည်ပို့ဆောင်ရေးယဉ်တွေနဲ့ကိုယ်ပိုင်ယာဉ်ပိုင်ရှင်တွေအနေနဲ့ တပ်မတော်ကနေ အတင်း စေခိုင်းမှုကြောင့် သွားလာတာ စစ်ကားတွေအပေါ်လမ်းကြုံလိုက်ပါတာ စစ်ကားအနီးမှာ ရှိနေတာကိုရှောင်ကြဉ်ကြဖို့ ဖေဖေါ်ဝါရီ (၆)ရက်နေ့မှာ AA အဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ(၄)ရက်နေ့က ဘူးသီးတောင် မောင်တောနယ်စပ်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်း (၄)ခုကို ရခိုင့်တပ် မတော် AA ကနေ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရကနေ AAကို ချေမှုန်းသွားဖို့ ညွှန်ကြားထားသ လို ဒေသအတွင်း တိုက်ပွဲတွေလဲ ဆက်တိုက် ဖြစ်ပွား လာနေခဲ့ ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်(၅)မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ဘေး တိမ်းရှောင် နေရသူ ဦးရေ (၇၀၀၀)အထိ တိုးပွါးလာနေသလို လက်ရှိ စားသောက်နေထိုင်ရေးမှာလဲ အခက်ခဲနဲ့ ရင်ဆိုင်နေရတဲ့အခြေ အနေမှာ ရှိနေပါတယ်။
Your browser doesn’t support HTML5